အစိုးရ၀န်ထမ်းလား၊ ပြည်သူ့ဝန်ထမ်းလား


 အချို့ဝန်ထမ်းများသည် ခေတ်ဟောင်း စနစ်ဟောင်းက ၀ါဒဖြန့် မှိုင်းတိုက်မှုများ ယခုတိုင်ခေါင်းထဲသို့ ရောက်နေဆဲဖြစ်သည်။ တလောက ကျေးရွာတရွာတွင် မိန်းကလေးတယောက် ခွေးကိုက်ခံရရာ တိုက်နယ် ဆေးရုံသို့သွားပြီး ခွေးရူးပြန်ကာကွယ်ဆေး သွားထိုးသည်ဆို၏။ ထိုအခါ ကုသမပေးခင် သူနာပြုဆရာမတဦးက လူနာအား နင်ကဘယ်သူ့ကို မဲပေးမှာလဲဟု မေးသည်ဆို၏။ ထိုအခါ ခွေးကိုက်ခံရသူကောင်မလေးက သူ့စိတ်ထဲရှိသည့်အတိုင်း ကျွန်မက အမေစုပါတီကိုပေးမှာပါဟု ပြန်ဖြေလိုက်သည်။ ထိုအခါ သူနာပြုဆရာမက မျက်နှာတင်းမာသွားပြီး အမေစုက နင့်ကို ဘာတွေလာပေးထားဖူးလို့လဲ၊ တံတားတစင်းဆောက်ဖူးသလား၊ လမ်းတခုခင်းပေးဖူးသလားဟု ပြောသည်ဆို၏။ လူနာမှာ ခွေးကိုက်ရာ တန်းလန်းရှိသည့်အပြင် ဆေးထိုးမပေးမည်စိုးသဖြင့် သူနာပြုဆရာမ များနှင့် ဖက်ပြိုင်မငြင်းခုံနိုင်တော့ဘဲ နှုတ်ပိတ်၍သာ နေ ရတော့၏။ ကျောင်းတကျောင်းတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ထွက်ကြိုဆိုသော ကျောင်းသားကျောင်းသူ အယောက် ၄၀ အား ကျောင်းအုပ်ဆရာကြီးက ရိုက်နှက်အပြစ်ပေးသည့် သတင်းကိုလည်း ကြားရ၏။ ပညာရေး ဌာနမှ ၀န်ထမ်းများကို နိုင်ငံရေးတွင်မပါကြဖို့ အမိန့်ထုတ်ပြန်ထား၏။ အချို့သော ဌာနဆိုင်ရာဝန် ထမ်းများ၏ အမည်နှင့်မှတ်ပုံတင်နံပါတ်များကို အထက်မှတောင်းသည်ဆိုကာ မှတ်သားယူဆောင်သွားသော ဖြစ်ရပ်များ လည်း ရှိနေပေ၏။ ၀န်ထမ်းများသည် အထက်က ညွှန်ကြားသော ပါတီတခုသို့ မဲထည့်ရမည်ဟု ဖိအားပေး ပြောဆိုမှုများ ရှိနေနိုင်သည်ဟုလည်း အားလုံးက သံသယရှိနေကြသည်။ ရွေးကောက်ပွဲ မဲဆွယ်နေသော NLD အမတ်လောင်းများကို ဓားဖြင့်ခုတ်ခြင်း၊ တုတ်ဖြင့်ရိုက်ခြင်း၊ မဲဆွယ်ပွဲကို နှောင့်ယှက်ခြင်းစသည့် ကာယကံမြောက် အကြမ်းဖက်မှုတို့ကိုလည်း မြင်တွေ့လာရသောအချိန် ဖြစ်သည်။

ယနေ့သည် သောကြာနေ့ဖြစ်သည်။ နောက်နှစ်ရက်အကြာ တနင်္ဂနွေနေ့တွင် သင်သည် အသက် ၁၈ နှစ်ပြည့်ပြီးသော မြန်မာနိုင်ငံသားဖြစ်ပါက ရွေးကောက် ပွဲတွင် မဲပေးရတော့မည် ဖြစ်သည်။ သင် ဤစာကို ဖတ် နေချိန်တွင် မဲပေးရန် ၄၈ နာရီပဲ လိုတော့သဖြင့် အလွန် အရေးကြီးသောအပိုင်းအခြားကာလသို့ ရောက် ရှိနေပြီဖြစ်သည်။ နိုင်ငံတကာရွေးကောက်ပွဲ ပညာရှင်များက ပြောသည်မှာ ရွေးကောက်ပွဲတခုတွင် မဲမပေးမီ သုံးရက်တာကာလသည် အရေးအကြီးဆုံးအချိန်ဖြစ်ပြီး ထိုသုံးရက်သည် ဘယ်ပါတီကို မဲပေးရမည်ဟု တိတိကျကျ မဆုံးဖြတ်ရသေးသူများအတွက် ဆုံးဖြတ်ချက်ချလေ့ ရှိသောကာလများ ဖြစ်သဖြင့် ကြားနေမဲများ သည် သူ့ဘက်ကိုယ့်ဘက်ပါသွားတော့မည့်ကာလများ ဖြစ်သည်။ ဤရက်ပိုင်းအတွင်းဖြစ်ပေါ်လာမည့် ထူးခြားဖြစ်စဉ်များသည် ဇဝေဇ၀ါဖြစ်နေသူ မဲဆန္ဒရှင်များကို ဘယ်သူ့ဘက်သို့ မဲပေးရမည်ဟု ဆုံးဖြတ်နိုင်စရာကိစ္စများ ဖြစ်လာနိုင်ပါသည်။ အထူးသဖြင့် ၀န်ထမ်းများသည် ဘယ်ပါတီကို မဲထည့်ရမည်နည်းဟု ဦးနှောက် ခါးတောင်းကျိုက်ရမည့်အချိန်သို့ ရောက်လာပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် ၀န်ထမ်းများအားလုံး၏ အကြီးအကဲသည် သက်ဆိုင်ရာ ဌာန၏၀န်ကြီးများဖြစ်ပါသည်။ ၀န်ကြီးအားလုံးနီးပါး သည် တပ်မတော်မှ အငြိမ်းစားယူလာသူ ဗိုလ်ချုပ်များဖြစ်ကြသည်။ လက်ရှိတပ်မတော်ရာထူး လက်ရှိဝန်ကြီး သုံးပါးလည်း ပါဝင်သည်။ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့ဖြစ်သည်။
ထို့ကြောင့် တပ်မတော် အရာရှိများ အသားကျနေသည်မှာ အမိန့်ပေးအမိန့်ခံစနစ် ဖြစ်သည်။ မဲဆန္ဒရှင်ဝန်ထမ်းများသည် မိမိဦးနှောက်နှင့် အသိဥာဏ်ကိုအသုံးချကာ ဆန္ဒမဲပေးရသည်ထက် အထက်မှလျှို့ဝှက်ညွှန်ကြားမှုများ၊ သတိပေးခြိမ်းခြောက်မှုများ၊ မလွန်ဆန်သာသောဖိအားများနှင့်သာ ဆန္ဒမဲပေးရခြင်း ဖြစ်နိုင်စရာရှိပါသည်။ ဘယ်သူ့ကိုထည့်ပါ၊ ဘယ်ဝါကိုထည့်ပါ၊ ဘယ်ပါတီကိုမထည့်နှင့်၊ ဘယ်ပါတီကိုထည့်ပါဟူသော လျှို့ဝှက်ညွှန်ကြားချက်များကိုလည်း လက်ခံရရှိကောင်းရရှိထားနိုင်ပြီး ဖြစ်ပါ သည်။ မိမိဘ၀ တက်လမ်းနှင့်ယှဉ်သော ခြိမ်းခြောက်အကျပ်ကိုင်မှုများ၊ မိမိခင်ပွန်း၊ ဇနီး၊ သားသမီးများ၏ ရာထူးအာဏာစည်းစိမ် တည်မြဲရေးအတွက် သွယ်ဝိုက် ခြိမ်းခြောက်မှုများလည်း ရှိကောင်းရှိနိုင်ပါသည်။ အကြောက်တရားများ လည်းရှိနိုင်ပါသည်။ အချို့ဝန်ထမ်းများကတော့ မိမိတို့သည် အစိုးရကပေးသော ရိက္ခာ လစာကို ယူထားသဖြင့် အစိုးရကျွေးသောထမင်းကိုစား သဖြင့် အစိုးရလိုလားသောပါတီကိုသာ မဲပေးမည်ဟု လွဲမှားစွာနား လည်ထားသူများလည်းရှိပါသည်။ ဤနေရာတွင် ရှင်းလင်းစရာလိုလာသည်မှာ ၀န်ထမ်းများကို ဘယ်သူက လုပ်ခလစာပေးနေသနည်းဟူသော အဖြေဖြစ်သည်။ တနည်းဆိုရလျှင် ၀န်ထမ်းသည် အစိုးရ ၀န်ထမ်းလော၊ ပြည်သူ့ဝန်ထမ်းလောဟူသည့် ပြဿနာဖြစ်သည်။ ၀န်ထမ်းဆိုရာတွင် ရဲတပ်ဖွဲ့နှင့် တပ်မတော် သားများလည်း ပါဝင်ပါသည်။

မျက်စိတဆုံး သေသေချာချာမကြည့်ဘဲ ကိုယ်မြင်တာကွက်ကွက် ကြည့်ပြောမည်ဆိုလျှင် လခထုတ် သောနေ့တွင် ပိုက်ဆံများထုတ်ပေးသည်မှာ အစိုးရဖြစ်သည်။ အစိုးရဘဏ်များမှ ပိုက်ဆံကို မိမိဌာနမှအကြီး အကဲက သွား၍ ထုတ်ရသည်။ ထိုအကြီးအကဲကမှ လကုန်ရက်တွင် ၀န်ထမ်းများကို လုပ်ခလစာများ အသီးသီး ဝေငှပေးပါသည်။ ထို့ကြောင့် အစိုးရသည် မိမိတို့အလုပ်ရှင်၊ ကျေးဇူးရှင်၊ ထမင်းရှင်ဟု တွေးသော် တွေးနိုင်ပါ၏။ သို့သော် ထို့ထက်အလွန်စဉ်းစားကြည့်ဖို့ လိုသေးသည်။ အစိုးရသည် ထိုငွေများကို မည်သို့ရသနည်း။ မည်သူ တွေ၏ ငွေများနည်း။ ထိုငွေများသည် အစိုးရ၀န်ကြီးများ အာဏာစရသောနေ့တွင် တယောက် ဘယ်လောက် ထည့်ဝင်ကြမည်ဟု ညီညာဖြဖြတိုင်ပင်ကာ စေတနာအလျောက် အချိုးကျလှူဒါန်းထည့်ဝင်ကြသည့် ငွေများ ပေလော။ မဟုတ်ရေးချ မဟုတ်ပါပေ။ နိုင်ငံတော်ဘဏ္ဍာတိုက်အတွင်း ရောက်ရှိလည်ပတ် သုံးစွဲနေသော ငွေများမှာ ပြည်သူလူထု၏ငွေများဖြစ်ပါသည်။ တိုင်းသူပြည်သားများမှ အစိုးရသို့ပေးဆောင်ရသော ရေခွန်၊ မီးခွန်၊ အမှိုက်ခွန်၊ စည်ပင်သာယာခွန်၊ ဆိုင်းဘုတ်ခွန်၊ ကုန်သွယ်ခွန်၊ အမြတ်ခွန်၊ ပရီမီယံကြေး၊ ဈေးဆိုင်ခွန်၊ မြေဂရန်ခွန်၊ ၀ယ်ခွန်၊ ရောင်းခွန်၊ အမြတ်ခွန်၊ ဈေးကောက်ကြေး၊ လေလံကြေး၊ လိုင်စင်ကြေး၊ သတ္တုတူး ဖော်ရေးလုပ် ကွက်ငှားရမ်းကြေး၊ ကမ်းလွန်သဘာဝဓာတ်ငွေ့တူးဖော်ခွင့် လုပ်ကွက်ငှားရမ်းကြေး၊ ဝေဟင် ပိုင်နက် အသုံးပြုခများ၊ တိုင်းသူပြည်သားများပိုင်ဆိုင်သော သစ်တော၊ ကျောက်မျက်၊ ရေထွက်ပစ္စည်း၊ စိုက်ပျိုးရေး ကုန်စည်များ၊ ရေထွက်ပစ္စည်းများ၊ ဓာတ်သတ္တုများ နိုင်ငံခြားသို့တင်ပို့ရောင်းချခြင်းစသော ကဏ္ဍ အသီးသီးမှ ပြည်သူပိုင်ငွေများဖြင့် ဘတ်ဂျက်ခွဲဝေကာ ပြည်သူ့ငွေကိုဝန်ထမ်းများအတွက် သုံးနေခြင်းဖြစ်သည်။ ထို့ကြောင့် ၀န်ထမ်းများသည် အစိုးရငွေကို စားနေခြင်းမဟုတ်၊ ပြည်သူလူထု၏ထမင်းကို စားနေခြင်းဖြစ်သည်။ ၀န်ထမ်း၏ ကျေးဇူးရှင်အစစ်မှာ အစိုးရမဟုတ် ပြည်သူလူထုသာ ဖြစ်သည်။ ထို့ကြောင့် ၀န်ထမ်းသည် နိုင်ငံဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းသာဖြစ်၍ ပြည်သူလူထုက သဘောတူ ကြည်ဖြူသောပါတီကိုသာ မဲပေးရွေးချယ် ရမည်ဖြစ်သည်။ အစိုးရသည် ၀န်ထမ်း၏ကျေးဇူးရှင်ဆိုသော အယူအဆမှာ ပြည်သူလူထု၏ကျေးဇူးကို အစိုးရ က၀င်ပြီး အချောင်နာမည်ခံသော အယူအဆဖြစ်သည်။ နားမလည်သော ၀န်ထမ်းများကို အစိုးရအဆက်ဆက် မျက်လှည့်ပြခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်ကတင်နေသော ပြည်ပချေးငွေ ဒေါ်လာသန်းပေါင်းများစွာကို ဆပ်ရမည့် သူများမှာ ပြည်သူများဖြစ်၍ ဆင်းသွားသော အစိုးရက ဆပ်မည်မဟုတ်ချေ။

အမှန်စင်စစ် အစိုးရသည် အိမ်ငှားနှင့်တူ၏။ ပြည်သူမှာ အိမ်ရှင်နှင့်တူပါသည်။ ဒီမိုကရေစီနိုင်ငံများတွင် အိမ်ငှားနှင့်တူသော အစိုးရသည် လေးနှစ်တကြိမ်၊ ငါးနှစ်တကြိမ် အမြဲပြောင်းလဲနေ၏။ အစိုးရဟူသော စကား သည်ပင်လျှင် အမှန်တရားနှင့် ဗုဒ္ဓဘာသာတရားဓမ္မနှင့်ဆန့်ကျင် နေသောစကားလုံးဖြစ်သည်။ အစိုးရဟူသည် တည်သည်၊ မြဲသည်၊ မပျက်မစီးအမြဲတည်နေသည့် (Permanent) ဟူသည့် အတ္တသဘောဖြစ်သည်။ ဗုဒ္ဓဘုရားရှင်က ဟောကြားခဲ့သည့် မည်သည့်အရာမှ အမြဲမတည်တံ့နိုင် (Nothing is permanent) ဟူသည် အနတ္တ၀ါဒ။ ထို့ကြောင့် ငါးနှစ်တကြိမ်ဆင်းသွားရတတ်၊ တက်လာရတတ်သည့် အုပ်ချုပ်သူအဖွဲ့တဖွဲ့ကို အစိုးရဟု နာမည်တပ်လိုက်ခြင်းကပင် အမှားကြီးမှားတော့သည်။ နိုင်ငံတကာတွင်လည်း အုပ်ချုပ်သူအာဏာပိုင် အဖွဲ့ကို Government ဟုပင်ခေါ်သည်။ Govern ဟူသည်မှာ အုပ်ချုပ်သည်ဟု အဓိပ္ပာယ်ရသဖြင့် Government မှာ အုပ်ချုပ်သူ၊ အုပ်စိုးသူဖြစ်ရမည်။ ထိုအဖွဲ့ကို ပြည်သူလူထုက မဲပေးရွေးချယ်ခြင်းဖြစ်သဖြင့် တက်လာလိုက် ဆင်းသွားလိုက်ဖြစ်နေမည်ဆိုခြင်းကြောင့် ထာဝရတည်မြဲခြင်း(အစိုးရခြင်း) ဟူ၍ ဖြစ်နိုင်မည်မဟုတ်ပါ။ အစိုးရဟူသောစာလုံးသည် မြန်မာနိုင်ငံသို့မည်သို့ မည်ပုံရောက်လာသလဲ မသိပါ။ မည်သည့်ပညာရှိက သုံးခဲ့သည်လည်း မသိပါ။ မြန်မာဘုရင်များလက်ထက်က အစိုးရဟူသော စာလုံးကိုမသုံး ပါ။ မင်းတုန်းမင်းအစိုးရဟူ၍ မသုံးပါ၊ အနော်ရထာအစိုးရဟူ၍ မသုံးပါ။ လက်ထက်တော်ကြီး၊ မင်းတရားကြီးနိုင်ငံတော်၊ ရွှေဖ၀ါးတော်အောက် စသည်ဖြင့်သာ သုံးပါသည်။ အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးမှ British Administration/British Government ကို ဗြိတိသျှသည် ထာဝရတည်တံ့ မည့်သဘောမျိုး ဗြိတိသျှအစိုးရဟူ၍ ဗြိတိသျှကို(အစိုးရခြင်း)ဆိုသည်နှင့် တွဲချလိုက်ခြင်း ဖြစ်ဟန်တူသည်။ နယ်ချဲ့အလိုတော်ရိ တချို့က ဤစကားလုံးကို မျက်နှာလိုမျက်နှာရ ရှာဖွေပေးကြခြင်းဖြစ်ပုံရသည်။ ထိုအချိန်မှစကာ Governmentသည် မြန်မာနိုင်ငံဝယ်အစိုးရ ဟူ၍ဖြစ်လာခဲ့သည့် လက္ခဏာရှိပေသည်။ အစိုးရဟူသည်မှာ မပျက်စီးနိုင်သည့်သဘော၊ မပြောင်းလဲတော့သည့် သဘောဆောင်နေပါသည်။ အာဏာရှင် များအတွက်တော့ မှန်ပေသည်။ မြန်မာနိုင်ငံတွင်လည်း ၁၉၆၂ မှစကာ ဗိုလ်ချုပ်နေ၀င်း နိုင်ငံတော် အာဏာကိုလက်နက်ဖြင့် သိမ်းပိုက်လိုက်သည်မှစကာ ၁၉၈၈ အထိ ၂၆ နှစ်တာနည်းအမျိုးမျိုးဖြင့် မဆင်း တော့ဘဲ အုပ်ချုပ်ခဲ့သဖြင့် သူတို့သည် အနိစ္စ၏ပြောင်းပြန် နိစ္စ(အစိုးရ) ဖြစ်ပေတော့သည်။ ၁၉၈၈ မှစကာ အာဏာသိမ်းတပ်မတော် အစိုးရသည်လည်း နိစ္စလမ်းစဉ်ကိုသာလိုက်လျက် ၁၉၈၈ မှ ၂၀၁၀ အထိ ၂၂ နှစ်တိတိ စိုးမိုးအုပ်ချုပ်ခဲ့ပြန်သည်။ ထိုအဖွဲ့ပင် ပါတီထောင်လျက် ၂၀၁၀ မှစကာ အုပ်ချုပ်ခဲ့ပြီး ၂၀၁၅ တွင်လည်း အလျှော့မပေးဘဲ အနာဂတ်တွင် ဆက်လက်၍ အစိုးရချင်ပြန်ပါသည်။ ထို့ကြောင့် မျက်စိလည်သူများကိုလည်းအဆိုးမဆိုသာ၊ မြန်မာနိုင်ငံတွင် နိုင်ငံတော်အာဏာကိုရသည့်အဖွဲ့သည် မဆင်းတော့ဘဲ အမြဲကုတ်ကပ်နေသဖြင့် ထိုလူများကိုအစိုးရ (၀ါ) အမြဲရှိနေမည့်သူများဟု ၀န်ထမ်းများထင်မှတ်လာကာ သူတို့ကိုယ်သူတို့ ပြည်သူ့ဝန်ထမ်းဟူ၍ မမှတ်ယူကြတော့ဘဲ အစိုးရ၀န်ထမ်း ဟုသာ ထင်ယောင်လာကြခြင်းဖြစ်သည်။ အဓိကလက်သည်တရားခံကတော့ ငါးနှစ် တကြိမ် ရွေးကောက်ပွဲ မလုပ်၊ အာဏာလွှဲမပေးဘဲ နှစ်ပေါင်းများစွာ ကုလားထိုင်ပေါ်တက်နေခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် အခိျု့သောသူများ၏ အမြင်တွင် ငါတို့၏ထမင်းရှင်၊ အလုပ်ရှင်မှာ ပြည်သူလူထုဆိုသည်ထက် ကုလားထိုင်ပေါ်မှ လူများဖြစ်သည်ဟု လွဲမှားစွာမှတ်ယူလာခဲ့ကြခြင်းဖြစ် သည်။ အမှန်စင်စစ် ဒီမိုကရေစီစနစ်တွင် ကုလားထိုင်ပေါ်မှ လူများသည် ငါးနှစ် တကြိမ် (သို့မဟုတ်) လေးနှစ်တကြိမ် ပြောင်းကြရမြဲဖြစ်ပြီး မပြောင်းမလဲ (အစိုးရ)နေသည်မှာ ပြည်သူလူထုကြီးဖြစ်သည်။

ထိုသို့စဉ်းစားပြီးသော် ၀န်ထမ်းများ သည် မည်သည့်ဘက်တွင် ရပ်ရမည်၊ မည်သူ့အပေါ်တွင် သစ္စာရှိရမည် ဟူ သည့်အချက်မှာ အထူးအထွေ ရှင်းပြစ ရာလိုတော့မည် မဟုတ်ပေ။ ထမင်းရှင် သည် ပြည်သူလူထုဖြစ်သဖြင့် ပြည်သူ လူထု၏ဘ၀ကို ပိုမိုတိုးတက်ကောင်းမွန် အောင် လုပ်နိုင်မည်ဟု ယူဆသောပါတီ၊ ယူဆသောပုဂ္ဂိုလ်ကို မဲပေးရွေးချယ်ရ မည်ဖြစ်သည်။ ယခင်ကလို အစိုးရ ၀န်ထမ်းမို့ အစိုးရပါတီကိုပဲ မဲထည့်ရမယ် ဟူသော တလမ်းသွား စိတ်ထားများ ထားစရာမလိုတော့ပေ။

အခိျု့ဝန်ထမ်းများကား ယခုထက် တိုင် ကြောက်စိတ်များ မကုန်နိုင်သေး။ မန်နေဂျာ၊ ညွှန်မှူး၊ ညွှန်ချုပ်၊ ၀န်လေး၊ ၀န်ကြီး၊ အစိုးရ၊ ဗိုလ်ချုပ်ကြီးများ၊ အဘ စသည့်စကားလုံးများကို ကြားသည်နှင့် ဒူးဆတ်ဆတ်တုန်အောင်ရိုကျိုး ကြောက်လန့်ကြ၏။ ဘ၀ပေးအခြေအနေအရ ကြောက်လန့်ကြသည်ကို အပြစ်မဆိုပါ။ ကြောက်အောင်လုပ်၍ ကြောက်ရခြင်း ဖြစ်ကောင်းဖြစ်ပါမည်။ သို့သော် တနင်္ဂနွေနေ့တွင် ကျရောက်တော့မည့် ရွေး ကောက်ပွဲမဲပေးရာတွင် မကြောက်ပါနှင့်။ မည်သူမဆို မဲရုံအတွင်း မဲပေးကြရာတွင် မဲလက်မှတ်ပေါ်၌ တံဆိပ်တုံး ထုချိန်ဝယ် မိမိအပါး၌ မည်သူမှ စောင့်ကြည့်နေမည် မဟုတ်ပါ။ ကိုယ်တယောက်တည်း လွတ်လွတ်လပ်လပ် လုပ်နိုင်ပါသည်။ မိမိစေတနာရှိသောပါတီကို မဲပေးခြင်းအတွက် မည်သူကမှ သိနိုင်မည် မဟုတ်ပါ။ မဲလက် မှတ်တွင် နံပါတ်အမှတ်အသား၊ နာမည်များပါသည် မဟုတ်သဖြင့် သင့်ကိုမည်သူကမျှ ဘယ်ပါတီကို မဲပေးသည်ဟု ခြေရာခံနိုင်မည်မဟုတ်ပါ။ ထိုအချက်သည် အရေးကြီးပါသည်။ ထပ်ပြောပါမည်။ သင်ဘယ်ပါတီ ကိုမဲပေးခဲ့သည်ဆိုခြင်းကို မည်သူမျှ မသိနိုင်ပါ။ ငါတို့က မင်းဘယ်ကိုမဲပေးလဲ သိတယ်ဟုပြောလျှင် ထိုလူသည် လိမ်ညာခြင်းဖြစ်သည်။ အကြီးစား မုသာဝါဒ ခြိမ်းခြောက်မှုဖြစ်သည်။ မလျော်သြဇာသုံး ခြင်းဖြစ်၍ ရွေးကောက်ပွဲဥပဒေနှင့် ငြိစွန်းပါသည်။ အစိုးရ၀န်ထမ်း မဟုတ်သော်လည်း စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ လည်း ထိုနည်းနှင်နှင် ဖြစ်သည်။

သင်တို့ဘယ်ပါတီကို မဲပေးသည်ဆိုခြင်းကိုမည်သူမျှ မသိနိုင်ပါ။ မဲပြားအားလုံးမှာ တပုံစံတည်း ဖြစ်ပြီး အမှတ်အသားမပါသဖြင့် မည်သူပေးသော မဲလက်မှတ်ဆိုသည် ကိုလိုချင်၍ တမင်ပြန်ရှာသော်မှ တွေ့တော့မည်မဟုတ်ပါ။ ထို့ကြောင့် မဲလက်မှတ်ဆန္ဒပြုခန်းတွင် မည်သူမှမမြင်နိုင်သဖြင့် မိမိနှစ်သက်ရာပါတီ ကို ရဲရဲဝံ့ဝံ့မဲပေးကြပါ။ အလုပ်ရှင်က ဘာပဲပြောသည်ဖြစ်စေ၊ အထက် လူကြီးက ဘာပဲညွှန်ကြားသည်ဖြစ်စေ မိမိဘ၀ရှေ့ရေး၊ မိမိသားသမီး များ နောင်ရေးအတွက် မြန်မာနိုင်ငံကို ဒီထက်ကောင်းအောင်လုပ်နိုင် မည့်အဖွဲ့ ၏ တံဆိပ်ဘေးတွင်သာ တံဆိပ်တုံးတကြိမ်နှိပ်လိုက်ပါ။ တကြိမ်သာနှိပ်ပါ။ ပိုမနှိပ်ပါနှင့်။ ပယ်မဲဖြစ်တတ်သည်။ ဤတကြိမ် တမိနစ်လောက် သတ္တိရှိလိုက်လျှင် တိုင်းပြည်တွင်ကြီးစွာသော အပြောင်းအလဲ စတင်မည်ဖြစ်သည်။

ပထမဆုံးအနေဖြင့် သင်တို့ကိုအမြဲထာဝရ အကြောက်တရားဖြင့် ခြိမ်းခြောက်နေသော ထိပ်ဆုံးမှပုဂ္ဂိုလ်များ အားလုံး အစိုးရအဖွဲ့သစ်တွင် ပြန်ပါလာမည် မဟုတ်တော့ပါ။ သူတို့ပြုတ်ပါလိမ့်မည်။ ထိုသူများနေရာတွင် လူမှန်နေရာမှန်ဝါဒဖြင့် တကယ်တတ်ကျွမ်းသူပညာရှင်များ ၀န်ကြီးဌာနအသီးသီးသို့ ရောက်လာပါလိမ့်မည်။ မတတ်ဘဲနှင့် တတ်ယောင်ကားလုပ်နေသူများ၊ နေရာတကာပါနေသူများကို တားဆီးနိုင်ပါလိမ့်မည်။ အမြဲရှုံးနေသော ဘောလုံးသင်းတသင်းအတွက် အရင်ဆုံးလုပ်ရမည်မှာ နည်းပြပြောင်းရပါမည်။ ထို့အပြင် စွမ်းဆောင်ရည်နိမ့်ကျနေသော ဘောလုံးသမားအားလုံးကို စွမ်းဆောင်ရည်မြင့်သော မျိုးဆက်သစ်ဘောလုံး သမားများနှင့် အစားထိုးရပါမည်။ ထိုသို့လုပ်သောအခါ အောင်မြင်သောသာဓက ရှိခဲ့ပြီးဖြစ်ကြောင်း ပြီးခဲ့သော စင်ကာပူဆီးဂိမ်းတွင် မြန်မာယူ ၂၃ အသင်း ဖိုင်နယ်အထိတက်ကာ ငွေတံဆိပ်ရခဲ့ခြင်း၊ နယူးဇီလန်ယူ ၂၀ ကမ္ဘာ့ဖလားတွင် မြန်မာအသင်းပါဝင်ခွင့်ရခဲ့ခြင်းတို့က သက်သေခံနေပါသည်။ လူအိုခြေကျတို့ဖြင့် ဆက်ကန် လျှင် ဘယ်လိုမှနိုင်ပွဲရမည်မဟုတ်တော့ပါ။ ပြောင်းလဲချိန်တန်ပါပြီ။

ဘာကိုပြောင်းလဲမလဲဟုဆိုလျှင် ကွန်မြူနစ်စနစ်ကိုလဲမဟုတ်၊ ဆိုရှယ်လစ်စနစ်ကိုလဲမဟုတ်၊ လူဟောင်းများ ခြေစွမ်းမပြနိုင်ဘဲ ကွင်းထဲမှာပေကပ်ပြီး ဆက်ကစားနေသောစနစ်ကို ပြောင်းလဲလိုခြင်းဖြစ်သည်။ အာဏာတခါရလျှင် ဘယ်တော့မှဆင်းမပေးချင်တော့ဘဲ ပေကပ်ကာထိုင် ချင်နေသောစနစ်ကို ပြောင်းလဲ လိုခြင်း ဖြစ်သည်။ လူတော်လူကောင်းများကို နေရာမပေးဘဲ တပ်မတော်သားအရာရှိဟောင်းများသာ နိုင်ငံရေး နှင့် အုပ်ချုပ်ရေးကို လွှမ်းမိုးထားချင်သောစနစ်ကို ပြောင်းလဲလိုခြင်းဖြစ်သည်။ ကမ္ဘာတွင် အဘက်ဘက်မှ မျက်နှာငယ်နေရသော မြန်မာတို့၏ဘ၀ကို ပြောင်းလဲလိုခြင်းဖြစ်သည်။

ထိုသို့ပြောင်းလဲဖို့အတွက် ကျွန်ုပ်တို့ဘက်က လုပ်ရမည့်အချက် တခုပဲရှိသည်။ တသက်လုံးကြောက်လာသော အကြောက်တရားကို စက္ကန့်ပိုင်းမျှဘေးဖယ်၍ မိမိလိုလားသောပါတီတံဆိပ်၏ နံဘေးစက္ကူအဖြူကွက်ပေါ်တွင် တံဆိပ်ကလေးနှိပ်လိုက်ဖို့သာဖြစ်သည်။ လူထုလိုလားသောပါတီတွင် သင်က တံဆိပ်နှိပ်ပြီးမဲပေးလိုက်ပါ။ ကျန်တာကိုတော့ နိုင်ငံရေးသမားများက ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ အကြောက်တရား ကင်းသောဘ၀တခုကိုရဖို့ဆိုလျှင် စက္ကန့်ပိုင်း မိနစ်ပိုင်းမျှလောက် ရဲရဲဝံ့ဝံ့ သတ္တိမွေးကြပါ။ ၀န်ထမ်းဟူသည် ပြည်သူလူထုကကျွေးသောထမင်းကို တသက်လုံးစားခဲ့သူများဖြစ်သည်။ သင်တို့၏လစာငွေမှာ အစိုးရငွေမဟုတ်၊ ပြည်သူလူထု၏ငွေဖြစ်သည်။ ပြည်သူသာအမိ ပြည်သူသာအဖဖြစ်သည်။ သင့်လက်ထဲမှ မဲတပြားသည် အာဏာရှင် သက်ဆိုးရှည်ရေးမဖြစ်ပါစေနှင့်။ မဲတပြားသည် ကျည်ဆန်တတောင့်နှင့်တူပါသည်။ သင့်ကိုပစ်မည့် သေနတ်ထဲသို့ ကျည်ဆန်ကို ထည့်မပေးမိပါစေနှင့်။

သရ၀ဏ် (ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
အစိုးရ၀န်ထမ်းလား၊ ပြည်သူ့ဝန်ထမ်းလား  အစိုးရ၀န်ထမ်းလား၊ ပြည်သူ့ဝန်ထမ်းလား Reviewed by THITHTOOLWIN on 11:05 Rating: 5
Powered by Blogger.