ရုရှား စစ်ရဟတ်ယာဉ်ပေါ်ပါ လေယာဉ်မောင်းတစ်ဦး သေဆုံး


 ဆီးရီးယားနယ်စပ်အနီး တူရကီတို့ပစ်ချလိုက်တဲ့ ရုရှား စစ်လေယာဉ်ပေါ်က လေယာဉ်မောင်းနှစ်ဦးကို ကယ်တင်ဖို့ လိုက်ရှာခဲ့တဲ့ ရုရှားစစ်ရဟတ်ယာဉ် တစ်စင်းပေါ်ပါ လေယာဉ်မောင်း တစ်ဦး သေဆုံးသွားခဲ့ပါတယ်။

အဆိုပါ ရုရှား ရဟတ်ယာဉ်ကို ဆီးရီးယား မြောက်ပိုင်းက သူပုန်တွေ ပစ်လိုက်တဲ့ အမြောက်ထိမှန်ပြီး မြေပြင်ကို အရေးပေါ် ဆင်းသက်နေတုန်း လေယာဉ်မောင်းတစ်ဦး သေဆုံးသွားတာလို့ ရုရှားစစ်ဘက်ဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး Sergey Rudskoy က ပြောပါတယ်။

တူရကီတို့ ပစ်ချလိုက်တဲ့ ရုရှား စစ်လေယာဉ်ပေါ်က လေယာဉ်မောင်း နှစ်ဦးကတော့ မြေပြင်ကို လေထီးနဲ့ ဆင်းသက်ခဲ့အပြီးမှာ မြေပြင်ကနေ ပစ်ခတ်ခဲ့မှုကြောင့် လေယာဉ်မောင်း နှစ်ဦးထဲက အနည်းဆုံး တစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဗိုလ်ချုပ်ကြီး Rudskoy က ပြောပါတယ်။

အခုလို တူရကီနဲ့ ဆီးရီးယားနယ်စပ်က ဝေဟင်မှာ ရုရှားစစ်လေယာဉ်တစ်စင်းကို တူရကီက ပစ်ချခဲ့အပြီး နေတိုးအတွင်းရေးမှူးချုပ်Jens Stoltenberg က နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေ တူရကီဘက်ကနေ တစည်းတလုံးတည်း ရပ်တည်သွားမယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

တူရကီအစိုးရက ခေါ်ယူတဲ့ အရေးပေါ်အစည်းအဝေး ကျင်းပအပြီးမှာ မစ္စတာ Stoltenberg က နေတိုးမဟာမိတ်နိုင်ငံတွေဆီက ရတဲ့သုံးသပ်ချက်တွေအရ ရုရှားစစ်လေယာဉ်ဟာ တူရကီလေကြောင်း ပိုင်နက်ထဲ ၀င်လာတယ်ဆိုတာကို ဖော်ပြနေတယ်လို့ ပြောပါတယ်။

ရုရှားအစိုးရကတော့သူတို့ရဲ့ စစ်လေယာဉ်ဟာ ဆီးရီးယား လေကြောင်းပိုင်နက်ထဲမှာပဲ နေခဲ့ကြောင်းနဲ့ တူရကီလေကြောင်းပိုင်နက်ထဲ ကျူးကျော်ဝင်တာမျိုး မလုပ်ခဲ့ဘူးလို့ အခိုင်အမာ ပြောနေပါတယ်။

တူရကီသမ္မတ Recep Tayyip Erdogan က ဘယ်နိုင်ငံမဆို ကိုယ့်နိုင်ငံရဲ့ နယ်စပ်ကို ကာကွယ်ပိုင်ခွင့်အတိုင်း လိုက်နာဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

တူရကီက သူတို့ရဲ့ လေကြောင်းပိုင်နက်ကို ကာကွယ်ခဲ့တာနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ အိုဘားမားကလည်း ကာကွယ်ပြောဆိုသွားပါတယ်။

ရုရှားလေယာဉ်ကို ပစ်ချခဲ့တဲ့အတွက် ဆိုးဝါးတဲ့နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်လို့ ရုရှားသမ္မတ ပူတင်က သတိပေးလိုက်ပါတယ်။

ဒီဖြစ်ရပ်ဟာ အကြမ်းဖက်သမားတွေရဲ့ အပေါင်းအဖော်တွေက နောက်ကြောကနေ ဒါးနဲ့ထိုးခဲ့တာလို့ သူကဖော်ညွန်း ပြောဆိုသွားပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese/
ရုရှား စစ်ရဟတ်ယာဉ်ပေါ်ပါ လေယာဉ်မောင်းတစ်ဦး သေဆုံး   ရုရှား စစ်ရဟတ်ယာဉ်ပေါ်ပါ လေယာဉ်မောင်းတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 12:06 Rating: 5
Powered by Blogger.