ကလေးရိုက်နှက်ခံရမှု ဖေ့စ်ဘွတ် တင်သူကို ရဲတပ်ဖွဲ့ ခေါ်ယူမေးမြန်း

 ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်နုမော်ရဲ့ နေအိမ်ခြံဝင်းမှာ ၈နှစ်အရွယ် ကလေးငယ်ကို အိမ်ဖော်အမျိုးသမီး ဒေါ်သန်းနွဲက လက်ပြန်ကြိုးတုပ်နေတာကို တွေ့ရစဉ်။ ဓါတ်ပုံ - ကိုစည်သူ
 ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်နုမော်ရဲ့ နေအိမ်မှာ မွေးစားကလေးငယ်တစ်ဦး လက်ပြန်ကြိုးတုပ် ရိုက်နှက်ခံရတာကို ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘွတ်မှာတင်ခဲ့တဲ့ ကိုစည်သူဆိုသူကို ဗဟန်းမြို့နယ်ရဲစခန်းက ဒီနေ့ ခေါ်ယူမေးမြန်းတယ်လို့ သိရပါတယ်။

ဗဟန်းမြို့နယ်တရားရုံးမှာ  မျက်မြင်သက်သေအဖြစ် စစ်ဆေးခံပေးဖို့လည်း မြို့နယ်ရဲစခန်းမှူးက မေတ္တာရပ်ခံ လိုက်တယ်လို့ မေးမြန်းခံရသူ ကိုစည်သူက ပြောပါတယ်။

"ကလေးကို ၉ နာရီထိုးကတည်းက ရိုက်ပြီးတော့ နေလှမ်းတာ နေ့ခင်း ၂ နာရီလောက်အထိပေါ့၊ ကလေး ကို နေလှမ်းရင်းနဲ့ သီချင်းဆိုခိုင်းထားသေးတယ်ဗျ၊ ၁၉ ရက်နေ့မှာ ကလေးကို တစ်ကိုယ်လုံးချွတ်ပြီးတော့ ရိုက်တယ်ပေါ့ဗျာ၊ စခန်းမှူးကတော့ ကျနော့်ကို ဒီနေ့တစ်ခုပြောလိုက်တယ်၊ ဒီအမှုကို တရားရုံးကို စွဲတင်ပြီး သွားပြီပေါ့နော်၊ တရားရုံးက တရားလိုပြ သက်သေတစ်ယောက်အနေနဲ့ ကျနော့်ကို ခေါ်မယ်ဆိုရင် တစ်ကြိမ်တစ်ခါ အစစ်ခံပေးဖို့ ကျနော့်ကိုပြောထားပါတယ်၊ အဲ့ဒါကိုလည်း ကျနော့်ကို ကြိုတင်အကြောင်းကြား မယ်လို့ပြောပါတယ်"

မစုဝေ အမည်ရှိ ၈နှစ်အရွယ် ကလေးငယ်ကို နေအိမ်ခြံဝင်းထဲမှာ နေ့စဉ်ရိုက်နှက်နေတာ ရက်ပေါင်း ၂၀ ခန့် ကြာနေပြီဖြစ်ပြီး နေ့စဉ်ရိုက်နှက်သူဟာ အိမ်ဖော်အမျိုးသမီး ဒေါ်သန်းနွဲ့သာဖြစ်တယ်လို့ ကိုစည်သူက ပြောပါတယ်။

မစုဝေကို ဒေါ်သန်းနွဲ့က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ရက်နေ့မှာ လက်ပြန်ကြိုးတုပ်နေတာကို ကိုစည်သူက ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘွတ်မှာ တင်ခဲ့တာကြောင့် သတင်းမီဒီယာသမားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဒေါ်သန်းနွဲ့ကို ကလေးသူငယ်ပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

နှိပ်စက်ခံရတဲ့ ကလေးငယ်ကို အိမ်ရှင်ဖြစ်သူ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်နုမော် က ငွေကျပ်ဆယ်သိန်းပေးပြီး ပြီးခဲ့တဲ့စက်တင်ဘာလက ခေါ်ယူမွေးစားခဲ့တာဖြစ်တယ်လို့ အဲဒီအမှုကို လိုက်ပါကူညီပေးနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီးက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
ကလေးရိုက်နှက်ခံရမှု ဖေ့စ်ဘွတ် တင်သူကို ရဲတပ်ဖွဲ့ ခေါ်ယူမေးမြန်း   ကလေးရိုက်နှက်ခံရမှု ဖေ့စ်ဘွတ် တင်သူကို ရဲတပ်ဖွဲ့ ခေါ်ယူမေးမြန်း Reviewed by THITHTOOLWIN on 09:13 Rating: 5
Powered by Blogger.