မန္တလေးတိုင်းဒေသကြီးအတွင်း မဲဆွယ်ကာလ၌ တိုင်ကြားမှု အများဆုံးဖြစ်နေ


 မန္တလေးတိုင်းဒေသကြီးအတွင်း မန္တလေးခရိုင်သည် မဲဆွယ်စည်းရုံးစဉ် ကာလမှ
စတင်ကာ အောက်တိုဘာလ၂၅ ရက်နေ့အထိ မဲဆွယ်စည်းရုံးစဉ် နှောင့်ယှက်ခံရမှု
နှင့် ဆိုင်းဘုတ်ဖျက်ဆီးခံရမှုများ ၁၂ မှု အထိရှိကာ မန္တလေးတိုင်းဒေသကြီးအတွင်း
တိုင်ကြားမှု အများဆုံးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါကာလအတွင်း မန္တလေးတိုင်းဒေသကြီးအတွင်း ကော်မရှင်သို့ တိုင်ကြားသည့်
အမှုပေါင်း ၂၉ မှုရှိပြီး မန္တလေးခရိုင်အတွင်းမှ တိုင်ကြားမှုမှာ ၁၂ မှုရှိခြင်းဖြစ်ကြောင်း
မန္တလေးတိုင်းဒေသကြီး ကော်မရှင်ထံမှ သိရသည်။

“နှောင့်ယှက်မှုက စုစုပေါင်း ၂၉ မှုရှိတယ်။ ရဲအရေးပိုင်တာရှိတယ်။ သာမန်ကိစ္စတွေ
တော့ အမှုမဖွင့်ဘူး။ အများစုက ဗီနိုင်းကို ခဲနဲ့ အပေါက်ခံရတာ။ ဆုတ်ဖြဲခံရတာပါပဲ”
ဟု မန္တလေး တိုင်းဒေသကြီး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ထွဋ်က ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊ အမျိုးသား တိုးတက်ရေးပါတီ၊ တိုင်းရင်းသား
စည်းလုံးညီညွတ်ရေးပါတီနှင့် အချို့ပါတီများ၏ ဗီနိုင်းများ ဆုတ်ဖြဲခံရခြင်း၊
စည်းရုံးရေးဆင်းစဉ် တားဆီးခံရခြင်း၊ ခဲပေါက်ခံရခြင်းများ ဖြစ်ပွားခဲ့ပြီး တချို့
အမှုများမှာ စစ်ဆေးစုံစမ်းဆဲဖြစ်ကြောင်း ကော်မရှင်ထံမှ သိရသည်။

“ရဲဆီကို တက်သွားတဲ့ အမှုတွေရှိပါတယ်။ ဗီနိုင်းဖျက်ဆီးခံရတာ၊ မူးပြီးခဲထုတာတွေ၊
ဆဲတာမျိုးတွေ၊ မဲစာရင်းဖျက်ဆီး ခံရတာတွေပေါ့။ တချို့ကျ ပါတီတွေကလည်း
မတိုင်တဲ့အတွက် ဖြစ်စဉ်အနေနဲ့ မှတ်ထားတာ ရှိတယ်” ဟု မန္တလေးတိုင်းဒေသကြီး
ရွေးကောက်ပွဲအရာရှိ ဒုတိယညွှန်ကြားရေးမှူး ကိုကျော်ကျော်စိုးက ပြောသည်။

မန္တလေး ခရိုင်အတွင်း ပြည်ကြီးတံခွန် မြို့နယ်အတွင်း သုံးမှု၊ ပုသိမ်ကြီး မြို့နယ်
အတွင်း နှစ်မှု၊ မဟာအောင်မြေမြို့နယ်တွင် သုံးမှု၊ ချမ်းမြသာစည်မြို့နယ်တွင် တစ်မှု၊
အောင်မြေသာဇံမြို့နယ်တွင် တစ်မှု၊ ချမ်းအေးသာဇံမြို့နယ်တွင် တစ်မှု၊ အမရပူရ
မြို့နယ်တွင် တစ်မှု၊ မလှိုင်မြို့နယ်တွင် သုံးမှု၊ စဥ့်ကူမြို့နယ် အတွင်း ငါးမှု၊
ပျော်ဘွယ်မြို့နယ်တွင် သုံးမှု၊ တံတားဦးမြို့နယ်တွင် တစ်မှု၊ သာစည်မြို့နယ်တွင်
နှစ်မှု၊ သပိတ်ကျင်းမြို့နယ်တွင် တစ်မှု၊ ငါန်းဇွန်မြို့နယ်တွင် တစ်မှု နှင့် မိတ္ထီလာ
မြို့နယ်တွင် တစ်မှုတို့ ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲရုံးစာရင်းများအရ
သိရသည်။

၎င်းအမှုများအတွင်း အမှုမဖွင့်သော ဖြစ်ရပ်များ၊ တရားခံဖမ်းမိသော ဖြစ်ရပ်များ
ရှိသကဲ့သို့ ပါတီများက အမှု ပြန်လည် ရုပ်သိမ်းခဲ့မှုများလည်း ရှိကြောင်း ကော်မရှင်
ထံမှ သိရသည်။

သတင်း - MMK
Photo - မိတ္ထီလာ NLD
The Ladies News Journal
https://www.facebook.com/News.TheLadies
မန္တလေးတိုင်းဒေသကြီးအတွင်း မဲဆွယ်ကာလ၌ တိုင်ကြားမှု အများဆုံးဖြစ်နေ  မန္တလေးတိုင်းဒေသကြီးအတွင်း မဲဆွယ်ကာလ၌ တိုင်ကြားမှု အများဆုံးဖြစ်နေ Reviewed by THITHTOOLWIN on 05:56 Rating: 5
Powered by Blogger.