စောစောထလို့တန်းစီစု တည့်တည့်မှန်အောင်ထု


တစ်နေ့တစ်မျိုး မရိုးရအောင် ပြသ၁နာတွေ အသစ်အသစ်ပေါ်နေတဲ့ ကျွန်တော်တို့
ရွေးကောက်ပွဲကြီးမှာ အရင်က အထပ်ထပ်ပြောနေကြလျက်နဲ့ ရှင်းပေးသူမရှိသေးတဲ့
ပြဿနာတွေရော၊ နောက်ထပ်ပေါ်လာတဲ့ အသစ်တွေပါကြောင့် သောကတွေ၊
သံသယတွေ ထပ်ထပ်ဖြစ်ကြရပြီး ရွေးကောက်ပွဲကနေ စိတ်ကောက်ပွဲတွေ
ထိပ်ခေါက်ပွဲတွေ မဖြစ်အောင် ၀ိုင်းထိန်းနေကြရတာလေ။

ကြည့်ပါဦး။ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ မဲရုံတစ်ရုံမှာ လူတစ်ထောင်လောက်နှုန်း
သတ်မှတ်ပေးခဲ့ရာကနေ ယခုလို ပါတီ ၉၀ လောက်ပြိုင်တဲ့ ပွဲကျမှ
လူသုံးထောင်ကျော်အထိရှိတဲ့ မဲရုံတွေရှိနေတာကတော့ ဘယ်လိုမှ မဖြစ်သင့်တာ
ရှင်းပါတယ်။ ဒါဟာ ဘယ်လိုမှ အချိန်လောက်မှာ မဟုတ်ဘူးလို့
အစောကြီးကတည်းက ကန့်ကွက်ကြ ထောက်ပြကြပေမယ့် ဖြေရှင်းမပေးခဲ့ဘူးလေ။
အခုနောက်ဆုံး အဖြေကတော့ လူများတဲ့ တချို့မဲရုံတွေမှာ ကောင်တာခွဲမယ်ဆိုပဲ။
ကောင်တာခွဲရင် လူများများ တစ်ပြိုင်နက်ပေးနိုင်မှာတော့ ဟုတ်ပါရဲ့။ မဲခိုးမှာကို
စောင့်ကြည့်မယ့် သူတွေကတော့ ဟိုပြေးဒီလွှား၊ ဟိုဘက်သွား ဒီဘက်ကူး
မျက်ကလူးဆန်ပြာနဲ့ ၂၂ ယောက်နဲ့ ၁၁ ယောက် ဘောလုံးကန်သလို
ဖြစ်ရှာတော့မှာပေါ့။

ဒီတော့ ဘယ်လိုမှပြောမရမှတော့ ကိုယ့်လူတွေ အကုန်မဲထည့်လို့ရအောင်
စောစောအိပ်လို့ စောစောထလို့ စောစောမဲထည့်ကြပါစို့လို့ နှိုးဆော်နေကြရသပေါ့။
သြော်၊ စင်ကာပူမှာသာ ကြိုတင်မဲသာ ညအိပ်စောင့်ထည့်ရတာ မဟုတ်ဘဲ
မြန်မာပြည် ပြန်လာပုံမှန်မဲပေးလည်း မဲရုံဘေး ညအိပ်မစောင့်ရရင် ကံကောင်းပါပဲ။
ဒါကလည်း ဖြေရှင်းမပေးဘဲ ခပ်တည်တည်နေတဲ့ ပြဿနာတစ်ခုဖြစ်ပြီး
နောက်တစ်ခုကတော့ မကြာသေးခင်ကမှ ရုတ်တရက် ထုတ်ပြန်လိုက်တဲ့
အမိန့်အရ ပေါ်ပေါက်လာတဲ့ “မဲဆန္ဒရှင် သက်သေခံလက်မှတ်”ဆိုတာ ဖြစ်ပါတယ်။
ဒီလက်မှတ်နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ ဥပဒေမှာရော၊ အရင်တုန်းက
ချမှတ်ထားတဲ့ အစီအစဉ်မှာပါ မရှိခဲ့ဖူးပါဘူး။ အရင်တုန်းကတော့ ပါတီတွေက
မဲဖိတ်စာဆိုပြီး မဲထည့်ဖို့ ပိုလွယ်အောင် အချက်အလက်တွေ ကြိုရှာပေးထားတဲ့
ဖိတ်စာမျိုး လုပ်တတ်ကြပါတယ်။ ကော်မရှင်က လုပ်တာကတော့ ဒါပထမဆုံး
ထင်ပါတယ်။

ရွေးကောက်ပွဲ ရွှေ့ရင်ကောင်းမလားလို့ စကားခေါ်ပြီးမှ ပြန်ရုပ်သွားတဲ့ နောက်
အရင်ကလုပ်မယ် မကြားဖူးတဲ့ ဒီသက်သေခံလက်မှတ် ဆိုတာကြီး ပေါ်လာတာ
ပါပဲ။ ဒီလက်မှတ်နဲ့ ပတ်သက်ပြီး ထုတ်တဲ့အမိန့်စာကလည်း အတော်ရယ်စရာ
ကောင်းတယ်။ နိုဝင်ဘာ ၁ ရက်ကနေ ၇ ရက်နေ့အတွင်း ရပ်ကျေးကော်မရှင်တွေမှာ
မဲဆန္ဒရှင် သက်သေခံလက်မှတ်ကို ထုတ်ပေးမည်တဲ့။ သို့သော် သွားထုတ်ချင်ထုတ်
မထုတ်ချင်နေ၊ ပြည်သူတွေ ကြိုက်သလိုလုပ်စေတဲ့။ ကဲ၊ ဒီမိုကရေစီ ဘိုးအေလို့ဆိုတဲ့
ဗြိတိန်တို့ အမေရိကန်တို့တောင် မြန်မာကော်မရှင်ကြီးလောက် အခွင့်အရေး
ပေးတတ်ရဲ့လားဗျာ။ ပြီးတော့ စည်းကမ်းဥပဒေသ (၁) က အဲဒါကြီးကို
ဂရုစိုက်အလုပ်ရှုပ်၊ သွားမထုတ်ချင်ရင်လည်း မှတ်ပုံတင်ရှိနေသမျှတော့ ဘာပူစရာမှ
မရှိ၊ မဲပေးနိုင်၏တဲ့။ နံပါတ် (၂) အချက်ကတော့ အဲဒါကြီးထုတ်မိပြီး
လက်ထဲရောက်မှ ပျောက်ရှသွားလည်း ပူဖို့မရှိ၊ မဲပေးမြဲပေးနိုင်၏တဲ့။ နံပါတ် (၃)
စည်းကမ်းကတော့ မဲပေးပြီးရင်တော့ အဲဒီသက်သေခံလက်မှတ်ကြီးကို
ဂရုပြုလေးနက် မပျက်မကွက် ပြန်အပ်ကြရမည်တဲ့။ ကဲ၊ နံပါတ်(၂) စည်းကမ်းနဲ့
နံပါတ်(၃) စည်းကမ်းက ကျောချင်းကပ် ၀ိရောဓိဖြစ်မနေပါလား။ တကယ်ဆိုတော့
နံပါတ် (၃) အရ မပျက်မကွက် ပြန်အပ်ရမည်ဆိုမှတော့ နံပါတ်(၂) စည်းကမ်းက
ယင်းလက်မှတ်ကို မပျောက်မရှ မစုတ်မပြဲအောင် လက်ထဲမှာမြဲအောင် ထိန်း၊
အသေအချာ သိမ်းဆည်းရမည်ဆိုတာမျိုး ဖြစ်သင့်တာမဟုတ်လား။ ပျောက်လို့လည်း
ရပါတယ်ဆိုမှတော့ မပျက်မကွက်လည်း အပ်ခိုင်းမနေပါနဲ့တော့၊ သူ့အိမ်မှာ
သူအိမ်သာနံရံ ပြန်ချိတ်တာကမှ အသုံးတည့်ဦးမှာ မဟုတ်လား။

ဘာပဲဖြစ်ဖြစ် ဒီအမိန့်မှာ အဆိုးဆုံးအချက်ကတော့ ဒီသက်သေခံလက်မှတ်ပါရင်
မှတ်ပုံတင်မလိုတော့ဘဲ မဲပေးနိုင်ပြီဆိုတဲ့ အချက်ပါပဲ။ ဒီလုပ်ရပ်ဟာ “မှတ်ပုံတင်
မလိုဘဲ ဒီနာမည်နဲ့ ဘယ်သူပဲ မဲလာပေးပေး၊ စစ်ဆေးလို့မရအောင် ဖြစ်နိုင်တာ”
မို့ ပါတီတွေက ကန့်ကွက်ကြပါတယ်။ ကော်မရှင်က အကြောင်းပြတာကတော့
ရေတွေဘာတွေကြီးတဲ့ နေရာတွေက ဒေသအနှံ့မို့ အဲဒီမှာမှတ်ပုံတင်တွေလည်း
မရှိကြတော့ဘူးတဲ့။ ဒါကြောင့် ဒီလက်မှတ်နဲ့ မဲပေးနိုင်အောင် လုပ်တာပါပဲတဲ့။
ပြီးတော့ မဲပေးတဲ့အခါ လိုအပ်တဲ့မဲစာရင်းအမှတ်တို့၊ နာမည်တို့၊ မှတ်ပုံတင်တို့ကို
အဲဒီစာရွက်ကလေးထဲ ထည့်ပေးလိုက်မှာမို့ မဲပေးရလွယ်ပါသတဲ့။ ဒီနေရာမှာ
မြို့နယ် ကော်မရှင်ဥက္ကဋ္ဌ တစ်ယောက် စကားငှားပြောရရင် “ဒီလက်မှတ်က
မဲပေးရလွယ်အောင် လုပ်ထားတာတော့ ဟုတ်တယ်၊ ဒီတော့ ဒီလက်မှတ်စနစ်က
ကောင်းပါတယ်၊ ဒါပေမဲ့ လူကိုလည်းစစ်လို့ရအောင် ဒီလက်မှတ်နဲ့အတူ
မှတ်ပုံတင်ပါယူလာဖို့ လိုတယ်ဆိုရင် ဘယ်လောက်ကောင်းမလဲဗျာ” တဲ့။
အခုတော့ ဒီလိုလုပ်လိုက်တာဟာ လူထုက ကျွန်တော်တို့ကော်မရှင်က
ညစ်ဖို့လုပ်နေတာလို့ အထင်မှားတာခံရပြီး တစ်ဖက်မှာကျ ညစ်တဲ့သူက
လာထည့်ရင်တောင် စနစ်တကျ မစစ်နိုင်တော့ဘူးလေ” တဲ့။ “ဒါကြောင့် နောင်မှာ
သမိုင်းမှတ်တမ်းအရ အမှားအယွင်းတစ်ခုခု ဖြစ်ခဲ့ရင်လည်း ကျွန်တော်တို့ ကော်မရှင်
ခေါင်းပဲကျဦးမှာ” တဲ့။ ကျွန်တော်တို့က ဖြစ်နိုင်ရင်တော့ အဲဒီနေ့မှာ မှတ်ပုံတင်
ယူလာပါလို့ ပြောချင်ပေမယ့် ယူအီးစီ (ယူလည်းယူ၊ အီးလည်းအီး၊ စီလည်းစီပေါ့၊
ရှင်းပါတယ်နော်) ဆိုတဲ့ ဗဟိုရွေးကော်ကို ဆန့်ကျင်ရာကျမှမို့ မပြောရဲဘူးလို့ဆိုသဗျ။

ဒါနဲ့ပါတီတွေက မှတ်ပုံတင်တော့ ယူလာကြပါ၊ ဒီသက်သေခံ လက်မှတ်ကတော့
မထုတ်မနေရလို့ ကော်မရှင်က မဆိုပါဘူး၊ အားရင်လည်း သွားထုတ်၊ မထုတ်လည်း
မှတ်ပုံတင်ရှိရင် ရသတဲ့ စသဖြင့်ပြောပြကြပါတယ်။ ဒါပေမဲ့ ရပ်ကျေးကော်မရှင်တို့၊
ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့က ဗဟိုရဲ့အမိန့်ကိုပဲ နားမလည်တာလား၊ နားမလည်
ချင်ယောင်ဆောင်စေလို့များ တိတ်တိတ် အမိန့်ရှိနေသလားတော့ မဆိုနိုင်ဘူး၊
အဲဒီစာရွက် မထုတ်မနေရ၊ မထုတ်သူများ မဲရုံနားတောင် မသီစေရစသဖြင့်
အမိန့်တော်တွေ မှတ်ကြသကိုး။ ဒီတော့လည်း ပြည်သူတွေခမျာ စားဝတ်နေရေး
အတွက် ပြေးပြေးလွှားလွှား အလုပ်များတာတွေ ဘေးချပြီး ကော်မရှင်ရုံးကို ပြေးကြ
ရရှာပြန်တာပေါ့။

အပေါ်က နဂါးကြီးခေါင်း ဘယ်ဘက်ကနေ ညာဘက်ယမ်းရင် နောက်ကနေ
ခေါင်းယမ်းတဲ့ဘက် အပြေးအလွှား လိုက်ယမ်းရတဲ့ အမြီးပိုင်းတွေခမျာလည်း
ဘယ်သက်သာမှာတုံး။ ဒီတော့ အရင်ကမရှိဘူးတဲ့ သက်သေခံလက်မှတ်
ဆိုတာကြီးကို မဲဆန္ဒရှင်စာရင်း အရှိအတိုင်း နာမည်၊ မဲစာရင်းအမှတ်၊
နိုင်ငံသားအမှတ်၊ မဲရုံအမှတ်၊ လိပ်စာ စသဖြင့် ပြန်ရေးပြီးပေးကြရတဲ့ ဒုက္ခကလည်း
သေးမှတ်လို့လား။ ဒီတော့ အချိန်မီပြီးအောင် လုပ်ကြရရှာတော့ ရပ်ကျေးတို့၊
ရပ်အုပ်တို့၊ ရပ်ချုပ်တို့နဲ့ တပည့်တပန်းကပ်တုတ်တို့မှာ ဘယ်သက်သာပါ့မလဲ။
ဒီတော့လည်း အချိန်မီဖို့က အရေးကြီးသမို့ “မဲစာရင်းသိရင်ရပြီပဲကွာ၊ မဲစာရင်း
နံပါတ်နဲ့ နာမည်ပဲဆိုရပြီ” ဆိုပြီး ဒီနှစ်မျိုးပဲ ရေးပေးစေတဲ့ ရပ်ကွက်မှူး၊ ရပ်ကွက်ချုပ်၊
ရပ်ကွက်အုပ်များလည်း မနည်းမနော ရှိသွားရတာပေါ့။ ကဲ၊ဒီတော့ စာရွက်မှာက
နိုင်ငံသားမှတ်ပုံတင် နံပါတ်တောင် မပါတော့ဘူးဆိုမှတော့ မဲစာရင်းက
လူအစစ်အမှန် ဟုတ်လား၊ မဟုတ်လား ဘယ်လိုများ စစ်လို့ရတော့မတုံး။ (အေးလေ၊
အဲဒီမရတော့အောင် မနည်းကြီးလုပ်ထားရတာပါဆိုမှ မင်းကလဲဆိုရင်တော့
မပြောတတ်ဘူး ပေါ့နော်)။

ဒီနေရာမှာ ပါတီတွေက ဒီအချက်ဟာ အတော်ဆိုးတဲ့ ညစ်ပေါက်ကြီး
ဖြစ်နိုင်ပါတယ်လို့ ၀ိုင်းပွမ်ကြတဲ့အခါ ကော်မရှင်က အမိန့်တစ်ခု ထပ်ထုတ်လိုက်ပါ
တယ်။ မတရားလုပ်ရင်ဖြင့် ဥပဒေအတိုင်း ဆော်မှာနော် ဘာမှတ်လို့လဲတဲ့။ ဟုတ်ကဲ့။
ဒီလို ဖြစ်တာဟာ သမိုင်းသစ်တော့ မဟုတ်ဘူးခင်ဗျ။ တစ်ခေတ်တစ်ခါက
ရွေးကောက်ပွဲမှာ တပ်ချုပ်ကြီးဖြစ်သူ ဗိုလ်ချုပ်ကြီးနေ၀င်းက တပ်တွေကို တည်မြဲ
သန့်ရှင်း ပြိုင်ဘက်ချင်းမှာ ဘယ်ဒင်းဘက်မှ မလိုက်ရဆိုပြီး ပြောခဲ့ဖူးပြီး နောင်တော့
တပ်တွေက စကားနားမထောင်ဘဲ ဘက်လိုက်တဲ့တိုင်အောင် နောက်ဆုံးမှာ
သန့်ရှင်းကပဲ နိုင်သွားပါတယ်။

အဲဒီမှာ ဗိုလ်ချုပ်ကြီးက ရွေးကောက်ပွဲအပြီး
စိတ်တွေဆိုးပြီး တပ်မှူးကြီး အများအပြားကို တပ်ကထုတ်ပြီး လူဝတ်လဲစေ
လုပ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အဲဒီကာလက စီနီယာတပ်မှူးကြီး တစ်ဦးကို
မေးကြည့်ဖူးပါတယ်။ အဲဒါဗိုလ်ချုပ်နေ၀င်းက သူ့စကားနားမထောင်လို့
စိတ်ဆိုးတာပေါ့နော် ဆိုတော့ “ဘယ်ဟုတ်မလဲကွ၊ သူဖြစ်ချင်တာကို အလိုက်တသိ
ဖြစ်အောင် လုပ်မပေးခဲ့လို့ စိတ်ဆိုးတာ” တဲ့။ အခုလည်း ဒီပုံစံပဲလားတော့
မသိဘူးပေါ့ ခင်ဗျာ။

ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ တစ်မြို့လုံးလည်း ရဲရဲနီ၊
တစ်တိုင်းလုံးလည်း မကွဲဘဲနီ၊ တစ်ပြည်လုံးလည်း တစ်ရဲတည်း ရဲပြီးနီနေတော့
“စိမ်းသရဖူးစိမ်း” ဆိုတဲ့ သီချင်းကို ရပိလုပ်ပြီး ထပ်ခါထပ်ခါဆိုချင်နေသူများ
မျက်ပြူးဆန်ပြာ ဖြစ်ရရှာပြီပေါ့။ အဲဒီအထဲက လူကြီးတစ်ယောက်ကတော့
ပြောသတဲ့။ “မျက်မြင်”ကို ကြည့်ပြီး ဆုံးဖြတ်လို့မရပါဘူး၊ တကယ့်ရွေးကောက်ပွဲ
ရလဒ်ကိုသာ ကြည့်ရမှာဆိုပဲ။

ကျွန်တော်တို့ ပြည်သူတွေကတော့ မျက်လှည့်တွေ ကြည့်ရတာ ငြီးငွေ့နေပြီဗျ။
အရင်က မဆလလက်ထက်မှာ ကိုယ်က အမည်းရောင် ကန့်ကွက်မဲပုံးထဲ
ထည့်ထားတာတောင် တစ်ပုံးလုံး အဖြူဖြစ်အောင် မျက်လှည့်ပြခဲ့သေးတာကိုး။
ဒီလိုပဲ မဆလကိုဖျက်ပြီး တစညဖြစ်သွားပြီလို့ ပြတဲ့မျက်လှည့်၊ န၀တ မကြိုက်ဖူုးလား၊
ကဲအပ်ချလောင်း၊ ဟောဒီမှာ နအဖဆိုတာ လာပြီဆိုတဲ့ မျက်လှည့်
စတာတွေ။ ဒါတွေကို စိတ်ကုန်နေပါပြီ။ ဒီတော့ဒီတစ်ခါဖြင့် မျက်လှည့်
မကြည့်ကြစတမ်း အပြောင်းအလဲကို မှန်းပြီး မဲရုံလှမ်းကြွ၊ “အမှန်”ချစ်သူတွေရဲ့
အင်အားကို ပြဖို့အချိန်တန်ပြီလေ။

ဟဲဟဲ။ ကျွန်တော်တို့က “အမှန်”ကို “ချစ်” ချင်ပေမယ့် အမှန်“ခြစ်”တာက ခက်လို့တဲ့၊
အမှန်ခြစ်ပါပြီးသား တံဆိပ်တုံးကို ထုကြရမယ်ဆိုပဲ။ ကဲ၊ ပြည်သူအပေါင်းကလည်း
ထုချင်တာက လက်ယားနေတာကြာပြီဆိုတော့ မကျေနပ်စရာမရှိပါဘူး။
ထုကြတာပေါ့။ ကျွန်တော်တို့ ကော်မရှင်ကြီးကလည်း ပြည်သူတွေ စိတ်ထွက်ပေါက်ရအောင်
အမှန်တော့ မချစ်ကြ အဲလေ မခြစ်ကြပါနဲ့၊ အားပါးတရ ထုကြပါလို့ စီစဉ်ပေးပုံ
ပေါ်ပါတယ်။

ကော်မရှင်ကြီး သဘောကောင်းပုံများ တံဆိပ်ထုတာတောင် တည့်တည့်ထုမှ
မဟုတ်ဘဲ စောင်းသွားလည်းရ၊ ဇောက်ထိုးဆိုလည်းရ၊ တစ်ဝက်ပဲဝင်လည်းရ၊
တစ်ဝက်ပဲထင်လည်းရ၊ လူနာမည်ပေါ် ထုလည်းရ၊ ပါတီတံဆိပ်ပေါ် ထုလည်းရ၊
ကိုယ်ပေးချင်တဲ့ ကိုယ်စားလှယ်အကွက်ထဲ သုံးပုံနှစ်ပုံဝင်အောင် ထုနိုင်ရုံနဲ့ ရ
စသဖြင့် အတော်ကြီးကို လိုက်လျောထားရှာတာကိုး။ အဲ၊သဘောကောင်းလက်စနဲ့
ဆက်မကောင်းတဲ့ အချက်ကတော့ နှစ်ခါတော့မထုနဲ့တဲ့။ ပြီးတော့
မဲရုံမှူးလက်မှတ်ပါဖို့၊ အစွန်းအထင်း၊ အစုတ်အပြဲမပါဖို့လည်း စစ်မှ၊ အဲဒါတွေ
ဖြစ်ရင်လည်း ပယ်မဲတဲ့။ ပါတီတွေခမျာ၊ အဲဒီအချက်တွေကို မဲပေးမယ့်သူတွေ
သိအောင် သင်လိုက်ကြားလိုက် ကျူရှင်ပေးလိုက်ကြရနဲ့ ဘယ်မှာစည်းရုံးချိန်
ရတော့တုံး။ ကဲ၊ ကော်မရှင်ကြီး တော်ချက်လေ။

ဘာပဲဖြစ်ဖြစ်၊ ဒီလောက်ကြီး သင်ထား ကျင့်ထားမှတော့ ပြည်သူတွေက
အတော်ကျွမ်းနေပါပြီ။ ဇောက်ထိုးလည်း ရတယ်ဆိုတာတောင် “မှန်အောင်ပဲ
ထုကြမှာ”ကို မြင်ယောင်မိပါတယ်ဗျာ။ “အမလေး၊ ထုချက်က မှန်တာမှ
တကယ့်ကို တည့်တည့်ကြီးပါပဲဗျာ” လို့ အံ့သြတကြီး အာမေဋိတ်တွေတောင်
ကြားကောင်းကြားရနိုင်ပါရဲ့။

ဒီတော့ အပြောင်းအလဲကို လိုချင်တဲ့ ပြည်သူတို့ ရွေးကောက်ပွဲကျင်းပမယ့်
နိုဝင်ဘာ ၈ ရက်မှာ မဲရုံနားဆီ “စောစောထပြီးတန်းစီစု၊ (အကွက်ထဲ)
တည့်တည့်မှန်အောင် ထုရအောင်”လို့ နှိုးဆော်လိုက်ချင်ပါတယ် ခင်ဗျား။

ရီနေနိုင်
The Ladies News Journal
https://www.facebook.com/News.TheLadies
စောစောထလို့တန်းစီစု တည့်တည့်မှန်အောင်ထု  စောစောထလို့တန်းစီစု တည့်တည့်မှန်အောင်ထု Reviewed by THITHTOOLWIN on 23:16 Rating: 5
Powered by Blogger.