ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းနောင်မြို့ရှိ တပ်ဌာနချုပ်သို့ အက်စ်အက်စ်အေ (ဝမ်ဟိုင်း)အဖွဲ့က လာရောက် တိုက်ခိုက်


နေပြည်တော် နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့ရှိ တပ်ဌာနချုပ်သို့ အက်စ်အက်စ်အေ (ဝမ်ဟိုင်း)အဖွဲ့မှ အင်အား ၁၂၀ ဦးခန့်သည် နိုဝင်ဘာ ၉ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အရှေ့ဘက်နှင့် အနောက်တောင်ဘက်တို့မှ လာရောက်ပစ်ခတ်ခဲ့သည်။ အလားတူ ည ၈ နာရီခွဲခန့်တွင် မိုင်းနောင်နယ်မြေ ရဲစခန်းကိုလည်း ဗုံးပစ်လောင်ချာများနှင့် ပစ်ခတ်ခဲ့သည်။ ယင်းသောင်းကျန်းသူ များသည် ယနေ့နံနက် ၄ နာရီခွဲခန့်တွင် ၁ ကြိမ်၊ ၅ နာရီခွဲခန့်တွင် ၁ ကြိမ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံလာရောက် ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်ဌာနချုပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ တပ်မတော် ရဟတ် ယာဉ်များဖြင့် တန်ပြန်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် နံနက် ၇ နာရီ ၄၅ မိနစ်တွင် ပြန်လည်ဆုတ်ခွာသွားခဲ့ သည်။ မိုင်းနောင် တပ်ဌာနချုပ်တွင် လုံခြုံရေးအရ လိုအပ်သည့် အတားအဆီးများ ပြုလုပ်ထားခြင်းကြောင့် အက်စ်အက်စ်အေ (ဝမ်ဟိုင်း)အဖွဲ့သည် အများပြည်သူ နေထိုင်ရာ ရပ်ကွက်များ အတွင်းမှ ပြည်သူလူထုအား အကာအကွယ်ယူ၍ ဝင်ရောက်တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။


ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ၊ စစ်သည်တချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာများ ရရှိခဲ့၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် တချို့လည်း ထိခိုက်ဒဏ်ရာရရှိပြီး အဆောက်အဦ တချို့လည်း ပျက်စီးခဲ့သည်။


အက်စ်အက်စ်အေ (ဝမ်ဟိုင်း)အဖွဲ့ အနေဖြင့် အဆိုပါ တပ်ဌာနချုပ်သို့ နိုဝင်ဘာ ၁ ရက် ညပိုင်းတွင် ၁ ကြိမ်၊ နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ၁ ကြိမ်၊ နိုဝင်ဘာ ၃ ရက် ညပိုင်းတွင် ၂ ကြိမ်၊ နိုဝင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် ၃ ကြိမ် လက်နက်ကြီး၊ လက်နက်ငယ်များနှင့် လာရောက်နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တပ်မတော် တပ်ရင်းဌာနချုပ်များနှင့် တပ်ဌာနချုပ်တို့ကိုပါ အကြိမ်ကြိမ် လာရောက်နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ် လာခြင်းကြောင့် တပ်မတော်က တန်ပြန်တိုက်ခိုက်မှုများနှင့် နယ်မြေရှင်းလင်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia/

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းနောင်မြို့ရှိ တပ်ဌာနချုပ်သို့ အက်စ်အက်စ်အေ (ဝမ်ဟိုင်း)အဖွဲ့က လာရောက် တိုက်ခိုက်  ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းနောင်မြို့ရှိ တပ်ဌာနချုပ်သို့ အက်စ်အက်စ်အေ (ဝမ်ဟိုင်း)အဖွဲ့က လာရောက် တိုက်ခိုက် Reviewed by THITHTOOLWIN on 19:23 Rating: 5
Powered by Blogger.