မန္တလေး တံတားဖြူအနီး ဇနီးဖြစ်သူအား သတ်ဖြတ်ပြီး အလောင်းလာရောက်စွန့်ပစ်ကာ ထွက်ပြေးတိမ်းရှောင်နေသူအား လားရှိုးမှာ ဖမ်းဆီးရမိ

  မန္တလေးမြို့ တွင် လူသတ်မှုကျူးလွန်ကာ လားရှိုးသို့  တိမ်းရှောင်ထွက်ပြေးလာသော လူသတ်တရားခံအား ဖမ်းဆီးရမိ။
 ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါခရိုင်၊ စဥ့်အင်ကျေးရွာအုပ်စု၊ နမ့်အွန်ကျေးရွာတွင် မန္တလေးမြို့ ၌ လူသတ်မှုကျူးလွန်ကာ လားရှိုးဘက်သို့  တိမ်းရှောင်ထွက်ပြေးလာသော လူသတ်တရားခံအား နိုဝင်လာလ (၁၃) ရက်၊ မွန်းလွဲပိုင်း ၃း၁၅ ခန့် က ရဲတပ်ဖွဲ့ ဝင်များက လုံးထွေးသတ်ပုတ် ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ကျရဲအရာရှိကြီးက ပြောပြသည်။


ဖြစ်ပွားပုံမှာ စက်တင်ဘာလ (၂၈) ရက်၊ ညနေပိုင်း ၆း၃၀ အချိန်ခန့် က မန္တလေးတိုင်း၊ အမရပူရမြို့ နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ မန္တလေး-စစ်ကိုင်းသွားကားလမ်း၊ တံတားဖြူအနီး၊ လမ်းယာဘက်ဘေး ရေစပ်တွင် အမည်မသိအမျိုးသမီးတစ်ဦး သေဆုံးနေကြောင်း သတင်းအရ အမရပူရမြို့ မရဲစခန်းမှ တာဝန်ရှိသူများသွားရောက်စစ်ဆေးရာ သေဆုံးနေသူအမျိုးသမီးမှာ အသက် (၂၅) နှစ်ခန့် အရွယ်ဖြစ်ပြီး စောင်ပတ်လျှက် ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ ရှိရကြောင်း၊ ဆက်လက်စစ်ဆေးကြည့်ရှုရာ အပေါ်ပိုင်းတွင် ရှပ်အင်္ကျီခဲရောင်အကွက်ကြားဝတ်ဆင်လျှက် ငွေရောင်စတီးကြိုးတစ်ကုံးဆွဲထားပြီး အောက်ပိုင်းတွင် အ၀တ်အထည်မပါ၊ တင်ပါးအထက်ကျောရိုးတွင် ကနုတ်ပန်း ဆေးမှင်ကြောင်ထိုးထားသည်ကို တွေ့ ရှိရပြီး ၀ဲယာခြေသလုံးနှင့် ပေါင်တို့ တွင် ညိုမဲဒဏ်ရာ၊ ၀ဲယာ တံကောက်ကွေးတို့ တွင် ကြိုးတုတ်ဒဏ်ရာနှစ်ချက်၊ ၀ဲယာခြေထောက် တံကောက်ခွက်တွင် ညိုမဲဒဏ်ရာ တစ်ချက်စီ၊ ၀ဲယာတင်ပါးဝဲယာလက်မောင်းတို့ တွင် ကြိုးတုတ်ဒဏ်ရာ၊ နောက်ကျောညိုမဲဒဏ်ရာ၊ ၀ဲပါး ပွန်းပဲ့ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ ရှိရခြင်းဖြစ်ကြောင်း အမရပူရမြို့ မရဲစခန်းမှ တာဝန်ကျရဲအရာရှိက အတည်ပြု ပြောပြသည်။


အမှုမှ တရားလိုသက်သေများ၏ ထွက်ဆိုချက်အရ သေဆုံးသူအမျိုးသမီးမှာ မxxx (၃၆) နှစ်၊ (ဘ) ဦးဆလိုင်း ဘထွန်းတင် ဖြစ်ပြီး တရားခံမှာ ၄င်း၏ခင်ပွန်းဖြစ်သူ ဦးxxxx ကျောက်အရောင်းအ၀ယ်လုပ်ကိုင်သူဖြစ်ပြီး ၄င်းမှာ ခွေးဘီလူးကား(အဖြူရောင်)၊ ယာဉ်အမှတ် 7F/xxxx ဖြင့် လားရှိုးဘက်သို့  ထွက်ပြေးတိမ်းရှောင်နေကြောင်း စုံစမ်းသိရှိရသည့်အတွက် ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့ မှူးထံ ဆက်သွယ်အကူအညီတောင်းခံထားခြင်းဖြစ်ကြောင်း သိရသည်။


တရားခံသည် နိုဝင်ဘာလ (၁၁) ရက်နေ့ က လားရှိုးမြို့ ၊ မြန်မာ့စီးပွားရေးဘဏ်တွင် ငွေလွဲထုတ်ယူရန် ကြိုးစားခဲ့ရာရဲတပ်ဖွဲ့ ဝင်များ စောင့်ကြပ်ကြည့်ရှုနေသည်ကို ရိပ်မိသွားသဖြင့် လားရှိုးမြို့ ၊ ရပ်ကွက် (၈) နယ်မြေ (၁၆) အိမ်အမှတ် (၁၁) နေ ဦးxx ဆိုသူမှ နိုဝင်ဘာ (၁၂) ရက်နေ့ တွင် ကိုယ်စားထုတ်ယူသွားကြောင်း၊ ဦးxx အား စစ်ဆေးမေးမြန်းချက်အရ တရားခံသည် သီပေါမြို့ နယ် စဥ့်အင်၊ နမ့်အွန် အစရှိသည့် ကျေးရွာများအနီးတစ်ဝိုက်တွင် ခိုအောင်းလျက်ရှိကြောင်းပေါ်ပေါက်သဖြင့် ယင်းကျေးရွာများ၌ ပိုက်စိပ်တိုက်ရှာဖွေခဲ့ရာ နိုဝင်ဘာလ (၁၃) ရက် မွန်းတိမ်း ၃း၁၅ အချိန်ခန့် တွင်တရားခံသည် သီပေါမြို့ နယ်၊ နမ့်အွန်ကျေးရွာ၊ သီပေါ-လားရှိုးအဝေးပြေးလမ်းမကြီးပေါ်ရှိ ရွှေပိတောက် စားသောက်တွင်ရှိနေသည့်သတင်းအရ ၀င်ရောက်ဖမ်းဆီးစဉ် တရားခံက ခွေးဘီလူးကားပေါ်တက်ကာ စက်နိုးမောင်းနှင်ထွက်ပြေးရန် ကြိုးပမ်းခဲ့သဖြင့် လုံးထွေးဖမ်းဆီးခဲ့ရကြောင်း၊ တရားခံသည် အရိုးအသွား ၉ လက်မခန့် ရှိသော ဓါးကိုလည်း အသင့်ဆောင်ထားခဲ့ကြောင်း တရားခံကိုလက်ရဖမ်းဆီးခဲ့သူ လားရှိုးခရိုင် မှု/ကူ မှ ရဲအုပ် ငြိမ်းဆွေ က ပြောပြသည်။


သို့ ဖြစ်၍ အမရပူရမြို့ မရဲစခန်းမှ (ပ) ၃၃၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အလိုရှိနေသော တရားခံ ဦး xxx အား လားရှိုးမြို့ မရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီးအမရပူရမြို့ မရဲစခန်းသို့  လွဲပြောင်းပေးအပ်
သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့ မှူး ရဲမှူးကြီး အောင်မြတ်မိုး က အတည်ပြု ပြောပြ၍ သိရသည်။

 နိုဝင်ဘာလ (၁၄) ရက်နေ့ ထုတ် ရတနာပုံသတင်းစာမှ ကူးယူဖော်ပြသည်။
Lashio News Diary
https://www.facebook.com/lashio.news.city
မန္တလေး တံတားဖြူအနီး ဇနီးဖြစ်သူအား သတ်ဖြတ်ပြီး အလောင်းလာရောက်စွန့်ပစ်ကာ ထွက်ပြေးတိမ်းရှောင်နေသူအား လားရှိုးမှာ ဖမ်းဆီးရမိ  မန္တလေး တံတားဖြူအနီး ဇနီးဖြစ်သူအား သတ်ဖြတ်ပြီး အလောင်းလာရောက်စွန့်ပစ်ကာ ထွက်ပြေးတိမ်းရှောင်နေသူအား လားရှိုးမှာ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:08 Rating: 5
Powered by Blogger.