အကောင်းဆုံးဖြစ်ဖို့ပဲ မျှော်လင့်တယ်


 “အန္တိမရည်မှန်းချက်ပြည့်ဝဖို့ ပြည်သူလူထုအနေနဲ့ ပထမ ဆုံးလုပ်ရမှာက မိမိနှင့် မိမိရဲ့မိသားစုဝင်အားလုံး မပျက်မကွက် မဲပေးကြ ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ မဲပေးပြီးပြီ ငါ့တာဝန်ကျေပွန်ပြီလို့ မယူဆသင့်ပါဘူး။ မိမိနေထိုင်ရာအရပ်ရှိ မဲရုံမှာ မဲမသမာမှုတွေရှိမရှိ အကဲခတ် စောင့်ကြည့်သင့်ပါတယ်”
------ ------ ----- -----
မြန်မာ့နိုင်ငံရေးအတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲကျင်းပရန် ရက်သတ္တနှစ်ပတ်မျှသာလိုပါတော့တယ်။ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဟု ရွေးကောက်ပွဲကော်မရှင်က ကြေညာစဉ်က ပြည်သူအများ သာမန်မျှသာ စိတ်ဝင်စားကြပါတယ်။ မဲစာရင်းများကြေညာခြင်း၊ လွှတ်တော်ကိုယ် စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေးဆင်းခြင်းနှင့်အတူ ပြည်သူများရဲ့ စိတ်ဝင်စားမှု ဒီရေမြင့်တက်လာပါတယ်။ ဒီကြားထဲမှာ မဲဆန္ဒရှင်စာရင်းများ အမှားအယွင်းအမြောက်အမြားရှိနေခြင်း၊ ရွေးကောက်ပွဲဒိုင်လူကြီးလုပ်တဲ့ ကော်မရှင်ဥက္ကဋ္ဌက မိခင်ရင်းပါတီကို ဘက်လိုက်တဲ့ အပြောအဆိုများ ကြားနေရခြင်း၊ အာဏာရပါတီကိုယ်စားလှယ်လောင်းအချို့ရဲ့ ဘာသာရေး၊ လူမျိုးရေးဗန်းပြပြီး မဲဆွယ်စည်းရုံးမှုများအပြင် ''နိုင်ရင်လည်း နိုင်ရမယ်၊ ရှုံးရင်လည်း နိုင်ရမယ်'' သဘောမျိုး မထော်မနန်း အပြော စကားများကို ကြားရခြင်းများကြောင့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတပါ့မလားဆိုတာ ပြည်တွင်းရော ပြည်ပမှာပါ စိုးရိမ်ပူပန်နေကြပါတယ်။

ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နိုင်ငံရေးပါတီခေါင်းဆောင်အချို့ရဲ့ ပညာဥာဏ်အမြော်အမြင်ကြီးမှု၊ ဖြူစင်မှု၊ ကိုယ်ကျင့်တရားမြဲမြံမှု၊ အများပြည်သူအပေါ်မှာ မေတ္တာ၊ စေတနာထားမှုတို့ကို ပိုမိုသိမြင်သဘောပေါက် လာရသလို လူတွေရဲ့ သဘောထားမှန်ကန်မှု၊ အမှန်တရားကို မြတ်နိုးမှု၊ ဒီမိုကရေစီ၊ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးတို့ကို ငတ်မွတ်တောင့်တမှုတို့ကို ပေါ်ပေါ်လွင်လွင် တွေ့မြင်လာပါတယ်။ အခြားတဖက်မှာလည်း နိုင်ငံရေး ပါတီခေါင်းဆောင်အချို့ရဲ့ ဥာဏ်ပညာနည်းပါးမှု၊ ညံ့ဖျင်းမှု၊ အတ္တကြီးမှု၊ အလိုလောဘ အတောမသတ်နိုင်မှု၊ အာဏာကိုဖက်တွယ်ထားလိုစိတ် ကြီးမားမှု၊ လိမ်ညာကောက်ကျစ်ယုတ်မာမှုတို့ မဖုံးနိုင်၊ မဖိနိုင် ပေါ်ထွက်လာပါတော့တယ်။

အီးယူ ရွေးကောက်ပွဲစောင့်ကြည့်ရေး မစ်ရှင်အကြီးအကဲက မိမိတို့ဟာ ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ ၀င်ရောက်စွက်ဖက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲဟာ ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ရမယ်ဆိုပြီး ပြောပါတယ်။
ရွေးကောက်ပွဲရလဒ်ကို အာဏာပိုင်များအနေနဲ့ လေးစားလိုက်နာမှုမရှိရင် အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒများကို ပြန်လည် ဆန်းစစ်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် ဒုတိယအမျိုးသားအကြံပေး ဘန်ရုဒ်က အောက်တိုဘာ ၂၁ တွင် ပြောပါတယ်။ သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေးတို့နဲ့တွေ့ဆုံအပြီးမှာ ဘန်ရုဒ်က နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ ထွက်ပေါ်လာမည့်ရလဒ်ကို လေးစားလိုက်နာဖို့ အဓိက ပြောကြားခဲ့ကြောင်း သိရပါတယ်။
''ရွေးကောက်ပွဲရလဒ်ကို မလေးစားဘူးဆိုရင် ဘယ်လိုပုံစံဖြစ်မယ်လို့ အတိအကျမပြောနိုင်ပေမယ့် ရလဒ်ကို မလေးစားတာက နောက်ကြောင်းပြန်ခြေတလှမ်းအဖြစ် ကိုယ်စားပြုမယ်။ အဲဒီဟာမျိုးကို တုံ့ပြန်တဲ့အနေနဲ့ ကျွန်တော်တို့ရဲ့ မူဝါဒတွေအနေနဲ့ သဘောထားတွေကို အကဲဖြတ်ဆန်းစစ်ဆုံးဖြတ်မှု လုပ်ရပါမယ်''ဆိုပြီး ဘန်ရုဒ်က ပြောပါတယ်။

ဆိုလိုတဲ့အဓိပ္ပာယ်က နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲဟာ လွတ်လပ်၊ တရားမျှတမယ်။ ဂုဏ်သိက္ခာရှိပြီး ပွင့်လင်းမြင်သာမှုရှိခဲ့ရင် အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ပြဋ္ဌာန်းထားတဲ့ လက်ကျန်အရေးယူ ပိတ်ဆို့မှုတွေ ထပ်မံလျှော့ချမယ်။ နောက်ဆုံး အပြီးတိုင် ရုပ်သိမ်းမယ်။ အမေရိကန်စီးပွားရေးကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ပိုပြီးရင်းနှီးမြှုပ်နှံမယ်။ ဒါမှမဟုတ်ရင်တော့ အမေရိကန်စီးပွားရေးကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ထပ်မံပြီး ရင်းနှီးမြှပ်နှံလာကြမှာမဟုတ်သလို အရေးယူပိတ်ဆို့မှုများကို ပိုမို တင်းကျပ်ကြမှာ သေချာပါတယ်ဆိုတဲ့သဘောပါ။
လာမည့် ရွေးကောက်ပွဲကြီးအပေါ် လွှမ်းမိုးထားတဲ့ အင်အားစုကြီး သုံးရပ်ရှိပါတယ်။ ပထမအမျိုးအစားမှာ လက်ရှိအစိုးရ၊ အာဏာရပါတီနဲ့ တပ်မတော်ပါဝင်ပါတယ်။ ဒုတိယအမျိုးအစားတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) အဓိကပါဝင်တဲ့ အတိုက်အခံအင်အားစုများဖြစ်ပြီး တတိယအင်အားစုမှာတော့ အပြောင်းအလဲတရပ်ကို ဆာလောင်ပြင်းပြနေတဲ့ မဲဆန္ဒရှင် ပြည်သူလူထုအများစုကြီး ဖြစ်ပါတယ်။
လက်ရှိအစိုးရနှင့် အာဏာရပါတီက ဒီမိုကရေစီ စတင်ဖော်ဆောင်တာ ပြည်ခိုင်ဖြိုး၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဆက်လက်ဖော်ဆောင်မှာ ပြည်ခိုင်ဖြိုး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းနေတာ သမ္မတကြီး ဦးသိန်းစိန်၊ အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်သွားမှာ လက်ရှိအစိုးရ၊ လက်ရှိအစိုးရနဲ့ အာဏာရပြည်ခိုင်ဖြိုးပါတီဟာ အပြောင်းအလဲကို စတင်ခဲ့တယ်။ ဆက်လက်ပြီး ပြောင်းလဲမှုကို ဖော်ဆောင်နေတယ်။ ဒါကြောင့် ပြည်ခိုင်ဖြိုးပါတီကို မဲပေးကြဆိုပြီး စည်းရုံးပြောဆိုပါတယ်။

အစိုးရ၊ အာဏာရပါတီနဲ့ တပ်မတော်ဟာ တိုင်းပြည်အာဏာကို ဆက်လက်ထိန်းချုပ်ထားဖို့ မဟာဗျုဟာ နည်းဗျုဟာပေါင်းစုံဖြင့် ပါတီငယ်များခွဲကာ ကစားနေပါတယ်။ မိမိတို့ရဲ့လူများကို တသီးပုဂ္ဂလကိုယ်စား လှယ်လောင်းများအဖြစ် ရွေးကောက်ပွဲဝင်စေပါတယ်။ ပြီးတော့ တိုင်းရင်းသားတွေထဲမှာ အစိုးရနဲ့ တပ်မတော်အပေါ် ထောက်ခံကြတဲ့ တိုင်းရင်းသား ပါတီငယ်လေးတွေမွေးထားပါတယ်။
ဒါ့ပြင် နိုင်ငံတော်သမ္မတက ခန့်အပ်ထားတဲ့ ဥက္ကဋ္ဌဦးတင်အေးဦးဆောင်တဲ့ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ရှိပါတယ်။ ပထမအုပ်စုအနေနဲ့ အာဏာလက်မလွှတ်ရေးအတွက် နည်းမျိုးစုံဖြင့် အစွမ်းကုန်ကြိုးပမ်းမှာ သေချာပါတယ်။ သူတို့မှတိုင်းပြည်ကို ဆက်မအုပ်ချုပ်လျှင် ပြည်ထောင်စု မြန်မာနိုင်ငံကြီးဟာ တည်ငြိမ်မှုပျက်သွားပြီး နောက်ဆုံးတိုင်းပြည် ချောက်ကမ်းပါးအတွင်း ကျရောက်သွားမယ်ဆိုပြီးလည်း ယုံကြည်နေကြပါတယ်။ ဒုတိယအင်အားစုမှာ အဓိကကျတဲ့ NLD ပါတီက ပြောင်းလဲချိန် တန်ပါပြီ။ အမှန်တကယ်ပြောင်းလဲဖို့ NLD ကို မဲပေးစို့ကြွေးကြော်သံနဲ့ မဲဆွယ်စည်းရုံးပါတယ်။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိမိတို့ပါတီဟာ တိုင်းပြည်တာဝန် ထမ်းဆောင်ချင်တဲ့အတွက် ပြည်သူ့ထံမှ အာဏာတောင်းနေခြင်းဖြစ်တယ်။ NLD ဟာ အာဏာကို ဖက်တွယ်မထားဘူး။ ပြည်သူမလိုလားတဲ့အချိန်မှာ အာဏာမှ ဆင်းပေးမယ်။ ပြည်သူမပေး တဲ့အာဏာကို ကိုင်ထားခြင်းဟာ အမျိုးသားနိုင်ငံရေးနဲ့ မဆိုင်ဘူးလို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က NLD သာ ရွေးကောက်ပွဲမှာအနိုင် ရရင် တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီး ကမ်းလှမ်းပါတယ်။ သူမသွားလေရာ မြန်မာနိုင်ငံတ၀န်း မဲဆွယ်စည်းရုံးမှုတွင် လူထုအင်အား သောင်းချီတက်ရောက်နေခြင်း၊ ကိုယ်ပိုင်ကားများ၊ တက္ကစီများ၊ အနှေး ယာဉ်ဆိုက်ကားများ၊ နေအိမ်များအပေါ်မှာ အောက်ခံအနီရဲရဲပေါ်ခွပ်ဒေါင်း နှင့်ကြယ်ဖြူပါ NLD လိုဂိုပါအလံများတလွင့်လွင့်မြင်ရခြင်းဟာ ဒေါ်အောင် ဆန်းစုကြည်နဲ့ NLD အပေါ်ထားရှိတဲ့ လူထုရဲ့မေတ္တာကို ဖော်ပြရာရောက် ပါတယ်။

တတိယအင်အားစုကြီးဖြစ်တဲ့ မဲဆန္ဒရှင်ပြည်သူလူထုကြီးကရော ဘယ်လိုသဘောထားရှိပါသလဲ။ ပြည်သူလူထုအများစုကြီးဟာ တသွေး တသံတမိန့်နဲ့ အုပ်ချုပ်တဲ့ စစ်အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်း ၅၀ ကျော်ကြာ မွန်းကျပ်စွာနေခဲ့ရတဲ့ဘ၀ကို စိတ်ကုန်ခန်းနေကြပါတယ်။ ကိုယ့်တိုင်းပြည် ဆင်းရဲကြောင်း၊ မွဲကြောင်း၊ အသုံးမကျကြောင်း၊ နိုင်ငံပေါင်း ၁၉၀ ၀န်းကျင်ရှိတဲ့ ကမ္ဘာကြီးမှာ တဦးချင်းဝင်ငွေအရ စာရင်းချ ကြည့်တော့ မိမိတို့က ဟိုးနောက်ဆုံးအောက်ဆုံးပိုင်းမှာ ပါဝင်နေတယ်။ အဂတိလိုက်စားမှု အနည်းအများအရ စာရင်းချကြည့်တော့ အများဆုံး တန်းထဲရောက်နေတယ်။ ကျန်းမာရေးအဆင့်တန်းကျတော့ ဟိုးအောက် ဆုံးထိ ထိုးကျသွားပြန်ပါတယ်။ ပြည်သူလူထုဟာ ကိုယ့်တိုင်းပြည်မကောင်း ကြောင်းတွေ ပြောနေကြားနေရတာကို ငြီးငွေ့စိတ်ပျက်လှပြီဖြစ်ပါတယ်။ တကမ္ဘာလုံးတွင် ကိုယ်သာအောက်ဆုံးဆိုတဲ့ဘ၀မှာ လွတ်မြောက်လိုလှ ပြီဖြစ်ပါတယ်။ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ပလက်ဖောင်း ခေါင်းခုအိပ်ပြီး မဲပေးဖို့တန်းစီခြင်း၊ မြန်မာပြည်သူလူထုက နိုဝင်ဘာ ၈ ရက်တွင် မဲပေးဖို့ အာသာဆန္ဒပြင်းပြနေခြင်းများက ပြည်သူလူထုအနေနဲ့ အဂတိကင်းရှင်းတဲ့၊ တာဝန်ယူမှုရှိတဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ ပြည်သူကို အလုပ်အကျွေးပြုမယ့် အစိုးရတရပ်ကို လိုချင်တဲ့အတွက် ဖြစ်ပါတယ်။

အထက်ပါ အန္တိမရည်မှန်းချက်ပြည့်ဝဖို့ ပြည်သူလူထုအနေနဲ့ ပထမ ဆုံးလုပ်ရမှာက မိမိနှင့် မိမိရဲ့မိသားစုဝင်အားလုံး မပျက်မကွက် မဲပေးကြ ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ မဲပေးပြီးပြီ ငါ့တာဝန်ကျေပွန်ပြီလို့ မယူဆသင့်ပါဘူး။ မိမိနေထိုင်ရာအရပ်ရှိ မဲရုံမှာ မဲမသမာမှုတွေရှိမရှိ အကဲခတ် စောင့်ကြည့်သင့်ပါတယ်။ အခြေခံမဲစာရင်းမှာမပါတဲ့ မျက်နှာစိမ်းတွေ လာရောက်မဲပေးသလား သတိထားသင့်သလို မဲရုံပိတ်သိမ်းပြီး မဲရေတွက် ချိန်မှာလည်း စိတ်ဝင်တစား အစမှအဆုံး လေ့လာစောင့်ကြည့်သင့်ကြပါ တယ်။ နောက်ဆုံး ရွေးကောက်ပွဲမှ ပေါ်ထွက်လာတဲ့ အရှုံးအနိုင်ရလဒ်ကို ကာကွယ်ဖို့ လုပ်ရပါမယ်။
အာဏာဆိုတာက လူတိုင်းတပ်မက်မောကြပါတယ်။ အထူးသဖြင့် အာဏာလက်ရှိပုဂ္ဂိုလ်များဟာ အာဏာကို ပိုပြီးမက်မောကြပါတယ်။ အာဏာဆက်လက်ဖက်တွယ်ထားနိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းတတ် ကြပါတယ်။ ''မဲပေးလည်း ဘာမှထူးမှာမှ မဟုတ်တာ။ မဲမပေးဘူးဆိုတဲ့ စိတ်သဘောထား၊ ငါ့အတွက် မဲပေးပြီးပြီ။ ကျန်တာ မဲရုံမှာ ဘာပဲလုပ်နေ နေဆိုတဲ့ စိတ်သဘောထားများဟာ အာဏာရှင်များရဲ့အကြိုက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက်၊ နောင်မျိုးဆက်များအတွက် ကောင်းကျိုးလိုလားသူမှန်သမျှအနေနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ် တရပ်လုံးအပေါ် စိတ်ဝင်တစားရှိဖို့လိုပါတယ်။

မြန်မာ့နိုင်ငံရေး လေ့လာသူ အီဂေါဗလာဇီဗစ်က ''ရွေးကောက်ပွဲ ရလဒ်ကို လေးစားဖို့၊ ရှုံးနိမ့်သူနောက်မှာရပ်ပြီး သူ့ရဲ့ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ အဆုံးအဖြတ်မဲ အားကိုးနဲ့ ရှင်းရှင်းလင်းလင်း အနိုင်ရပြီးသားသူကို ပရိယာယ်နဲ့ အနိုင်ယူရေး မကြိုးစားဖို့ ဆိုတာဟာ မြန်မာ့တပ်မတော်ရဲ့ ရေရှည်အကျိုးစီးပွားလည်း ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ဟာ ရွေးကောက်ပွဲအနိုင်ရသူတွေကို ထောက်ခံသင့်ပြီး ရွေးကောက်ပွဲအနိုင်ရသူက အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အစိုးရကို ဖန်တီးသင့်ပါတယ်။ ဒီအစိုးရဟာ အားလုံးပါဝင်သင့်ပါတယ်။ အဲဒါက တိုင်းရင်းသားလူမျိုးစုတွေရဲ့ ကိုယ်စားလှယ်တွေ ပါဝင်သင့်ပါတယ်လို့ ဆိုလိုတာပါ။ ဒါပေမဲ့အခွင့်အာဏာရှိပြီး ပြုပြင်ပြောင်းလဲလိုစိတ်ရှိကြတဲ့ တပ်မတော်အဆင့်မြင့်အရာရှိဟောင်းတချို့လည်း ပါဝင်သင့်ပါတယ်။ ဒါဟာ မြန်မာ့နိုင်ငံရေးဇာတ်ဝင်ခန်းမှာ အဓိကသရုပ်ဆောင်တွေအားလုံးအတွက် သူလည်းနိုင်၊ ကိုယ်လည်းနိုင်ဇာတ်ညွှန်းပဲ ဖြစ်ပါတယ်။ နောက်ပြီး ဒါဟာမြန်မာပြည်သူလူထုအတွက် အကောင်းဆုံး မျှော်လင့်ချက် ဖြစ်ပါတယ်''လို့ ပြောပါတယ်။ မြန်မာပြည်သူလူထုအများကြီးရဲ့ မျှော်လင့်ချက် တကယ့်ဆန္ဒအစစ်အမှန် အပြောင်းအလဲတရပ်ကို ငတ်မွတ်တောင်းတနေ ကြပါတယ်။ ဒီဆန္ဒအမှန်တကယ် ပြည့်မြောက်ဖို့ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ တရားမျှတလွတ်လပ်ဖို့လိုပါတယ်။ ဂုဏ်သိက္ခာရှိပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲဖြစ်ရပါမယ်။ ရွေးကောက်ပွဲရလဒ်အရ အနိုင်ရပါတီကို တိုင်းပြည်အာဏာ လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။ နိုင်ငံ့လွတ်လပ်ရေး ရချိန်ကစပြီး လူမျိုးရေး၊ အယူအဆရေးအရ နက်နက်ရှိုင်းရှိုင်း ကွဲပြားခဲ့တဲ့ မြန်မာနိုင်ငံအတွက် အင်အားစုအားလုံးပါဝင်တဲ့ အမျိုးသားရင်ကြားစေ့ရေး အစိုးရတရပ်'' ပေါ်ပေါက်လို့ လိုအပ်ပါတယ်။

ပြည်သူလူထုကြီးအနေနဲ့ နေရာတကာမှာ ငါတို့လူမျိုး၊ ငါတို့တိုင်းပြည်ဟာ အောက်ဆုံးကပဲဆိုတဲ့ အနိမ့်စိတ်ဝင်နေတဲ့ဘ၀မှ လွတ်မြောက်ချင်ပါပြီ။ ကမ္ဘာ့ဘယ်နေရာကိုသွားသွား၊ မြန်မာဟေ့ဆိုပြီး ရင်ကော့ခေါင်း မော့နိုင်တဲ့ဘ၀မျိုးရောက်ချင်ပါပြီ၊ ဒီအတွက် ရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင်၊ အေးအေးချမ်းချမ်း ပြီးစီးသွားဖို့ မြန်မာပြည်သူလူထုကြီးကတော့ အကောင်းဆုံးကို မျှော်လင့်နေကြပါတယ်။ ဖြစ်လာပါစေလို့လည်း ဆုတောင်းနေကြပါတယ်။ ဒါပေမဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေက ဘာမဆို ဖြစ်လာနိုင်တာမို့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပြောသလို အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးဖြစ်ပေါ်လာနိုင်မှုအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ နှိုးဆော်အပ်ကြောင်းပါဗျာ။

ဝိုင်းတော်သားတဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/

အကောင်းဆုံးဖြစ်ဖို့ပဲ မျှော်လင့်တယ်   အကောင်းဆုံးဖြစ်ဖို့ပဲ မျှော်လင့်တယ် Reviewed by THITHTOOLWIN on 19:34 Rating: 5
Powered by Blogger.