နိုင်ငံခြားသူခရီးသည်ထံမှ ပစ္စည်းလုယက်သည့် အငှားယာဉ်မောင်းအား ဖမ်းဆီးအရေးယူ


 နေပြည်တော်၊ နိုဝင်ဘာ ၁၀

 ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၃ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်း မြို့နယ်၊ ဘောက်ထော်ရပ်ကွက်နေ အိုင်ယာလန်နိုင်ငံသူ Ms.Criuy Brid(၃၂)နှစ်သည် (၄၅)လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ မိတ်ဆွေတစ်ဦးထံမှ ရန်ကင်းမြို့နယ်ရှိ နေအိမ်သို့ CC-4341 အငှားယာဉ်ဖြင့် ပြန်လာစဉ် ယာဉ်မောင်းမှ ယာဉ်အား ရန်ကင်းမြို့နယ်သို့ မောင်းနှင်ခြင်းမပြုဘဲ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၇)ရပ်ကွက်၊ ယာဉ်မောင်းသင်ကွင်းသို့ မောင်းနှင်လာပြီး ယာဉ်ကိုရပ်တန့်ကာ ယာဉ်မောင်းထိုင်ခုံကို နောက်သို့ဆွဲလှန်၍ ယာဉ်နောက်ခန်းတွင်ထိုင်နေသည့် ၎င်းအားသိုင်းဖက်သဖြင့် ၎င်းမှ အဆိုပါ ယာဉ်မောင်း၏လက်အား ကိုက်ခဲ့ကြောင်း၊ ဆက်လက်၍ ယာဉ်မောင်းက ၎င်း၏ မြန်မာငွေကျပ် (၅၀၀ဝိ/-)နှင့် ထိုင်းဘတ်ငွေအချို့ပါ ပိုက်ဆံအိတ်၊ စာရွက်စာတမ်းများနှင့် ဂျာကင်အင်္ကျီတို့ ထည့်ထားသော အနက်ရောင်ချည်သားအိတ်အားလုယူခဲ့ပြီး ၎င်းမှာယာဉ်ပေါ်မှဆင်း၍ ထွက်ပြေးစဉ် ယာဉ်အား မောင်းနှင်ထွက်ပြေးသွားကြောင်း ခင်မင်ရင်းနှီးသူ သန်လျင်မြို့နယ်၊ သောက်တော်တွင်း ရပ်ကွက်နေ ကိုရဲလင်းအောင်(၂၃)နှစ်သို့ ဖုန်းဆက်အကြောင်းကြားခဲ့သဖြင့် အရေးယူပေးရန်တိုင်တန်းရာ ဒဂုံဆိပ်ကမ်းမြို့မရဲစခန်း(ပ)၆၄၀/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၈၂/၃၅၄ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။

ထို့နောက် ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူ CC-4341 အငှားယာဉ်မောင်းအား ဖမ်းဆီးရမိရေး လိုက်လံစုံစမ်းဆောင်ရွက်ခဲ့ရာ ယင်းနေ့ မွန်းတည့် ၁၂ နာရီအချိန် သာကေတမြို့နယ်၊ ၁/ထူပါရုံရပ်ကွက်၊ မင်းနန္ဒာလမ်းမကြီး၊ တပ်ဖွဲ့ထိပ်ကားမှတ်တိုင်၌ CC-4341 Toyota Corolla အငှားယာဉ်နှင့် ပြစ်မှုကျူးလွန်သူ ဒေါပုံမြို့၊ နွယ်အေးရပ်ကွက်နေ စတီဗင်(ခ)ထွန်းအောင်ကျော်(ခ) ကုလားကြီး(၂၈)နှစ်အား Ms.Criuy Brid ထံမှ လုယူခဲ့သည့် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့၍ အမှုဖြင့် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
နိုင်ငံခြားသူခရီးသည်ထံမှ ပစ္စည်းလုယက်သည့် အငှားယာဉ်မောင်းအား ဖမ်းဆီးအရေးယူ   နိုင်ငံခြားသူခရီးသည်ထံမှ ပစ္စည်းလုယက်သည့် အငှားယာဉ်မောင်းအား ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 08:44 Rating: 5
Powered by Blogger.