အများစုကတော့ ပျော်မဆုံး မော်မဆုံး တပြုံးပြုံးနဲ့ပါ


 ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်၊ ၁၃၇၇ ခုနှစ် သီတင်းကျွတ် လဆုတ် ၁၁ ရက် တနင်္ဂနွေနေ့။

မြန်မာနိုင်ငံသူ နိုင်ငံသားအများစုကြီးတို့၏ (လက်နက် စွဲကိုင်မထားသော၊ သေနတ်တချက်မဖောက်သော) တော်လှန်ရေးနေ့ ထူးနေ့မြတ်ကြီးပင် ဖြစ်ပါသည်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက် နောက် ပိုင်းတွင် ပြည်သူလူထု၏ရင်ထဲက ဆန္ဒအစစ်အမှန် ဘာဆိုသည်ကို တရားဝင်ဖော်ထုတ်လှစ်ဟပြသခွင့်ရလိုက်သည့်နေ့ လည်း ဖြစ်ပါသည်။ ''ငါတို့က လမ်းတွေဖောက်၊ တံတားတွေဆောက်၊ ကားသွင်းခွင့်တွေပေး၊ ကျပ် ၁၅၀၀ တန် ဖုန်းတွေ ရောင်းပေးထားတာ၊ ပြည်သူလူထုက ငါတို့ဘက်မှာပဲ အမြဲရှိလိမ့်မယ်''ဟု ပကတိအခြေအနေနှင့် လွဲမှားခံယူထားကြ သူများအတွက်လည်း တကယ့်အမှန်တရားကို ဘွားဘွားကြီးတွေ့ရှိလက်ခံ လိုက်ရသောနေ့ ပင် ဖြစ်ပါတော့သည်။

ပြိုင်ဘက် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းတင်သွင်းထားသူများမှာ ဗိုလ်ချုပ်ကြီး(ငြိမ်း)များ၊ ၀န်ကြီး ဒုဝန်ကြီး(ငြိမ်း)များ၊ ညွှန်ချုပ်ဦးဆောင်ညွှန်မှူး(ငြိမ်း)များ၊ ကုမ္ပဏီပိုင်ရှင် ထိတ်ထိတ်ကြဲသူဌေးသူကြွယ် ခရိုနီ ကြီးများ၊ လူသိများ၍ ထင်ရှားသူများချည်းသာဖြစ်ကြပါသည်။ ဒီချုပ်မှ ကိုယ်စားလှယ်လောင်းများ အမည်စာရင်း ထွက်လာတော့ အများစုမှာ လူမသိသူများဖြစ်နေကြပါသည်။ လူငယ်၊ လူရွယ်၊ အသိပညာရှင်၊ အတတ်ပညာ ရှင်များ အရေအတွက်က များပါသည်။ သို့သော် အမျိုးသမီးကိုယ်စားလှယ်လောင်းများထဲတွင် ငယ်ရွယ် ချောမောလှပသူတွေ တော်တော်များများပါရှိနေသည်မို့ လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ 'ဘယ်သူလေးကို ပဲ မဲပေးတော့မယ်'၊ 'ဘယ်သူလေးကို ၀န်းရံကြ၊ ဒုန်း ဒုန်း' စသည်ဖြင့် တက်လာကြ၍ အချို့က 'ဘာအရည် အချင်းမှမရှိဘဲ ရုပ်ပြမဲတောင်းမယ့်ဟာတွေ'၊ 'ဒီကြွက်စုတ်လေးတွေ၊ နှံပြည်စုတ်လေးတွေက ခြင်္သေ့ကြီးကို တက်ခွပ်မလိုတဲ့ ခ်ခ်ခ်'ဆိုသည့် သရော်စာတွေ ပလူပျံသွားခဲ့ပါသေးသည်။ သူတို့၏ ပြိုင်ဘက်ကိုယ်စားလှယ် လောင်းကြီးများမှာမူ အသက်၊ ရာထူး၊ လုပ်သက်တွေက ချိုးကပ်နေပြီးဖြစ်၍ ပါးရည်နပ်ရည်ရှိပြီး စားရည်ဝနေ သူများ (မှားလို့) အတွေ့အကြုံကြွယ်ဝနေသူများ ဖြစ်ကြရာသည် မနူးမနပ်လေးတွေတော့ နယ်ရုပ်လေးတွေလို ထိုးအကျွေးခံလိုက်ရပါပြီဟု ထင်မြင်ယူဆကာ သနားသူက သနားမိကြပါ၏။

ယခုတော့မူ ပြည်သူလူထုအများစု၏ရင်ထဲမှာ ဘာတွေရှိသည်၊ ဘယ်သူတွေကို နှစ်လိုမျှော်လင့်နေကြသည်၊ ဘယ်သူတွေကို ရွံရှာစက်ဆုပ်နေကြသည်ဆိုသည်တို့ကို ပွင့်လင်းမြင်သာစွာ ဖွင့်ဟဖော်ထုတ်ပြလိုက်ကြပါပြီ။ တကယ့် အကောင်ကြီးကြီးများ ဗုန်းခနဲ ဗုန်းခနဲ အလဲထိုးခံလိုက်ရပါပြီ။
အခြားတဖက်ကလည်း အနုနည်းနှင့် စည်းရုံးဆွဲဆောင်သည်။ တသက်နှင့်တကိုယ် မရောက်ဘူးသောဒေသ (အထူးသဖြင့် မြို့ငယ်များ၊ ကျေးလက်များ)သို့သွားကာ ဒေသခံပြည်သူများအပေါ် ချစ်ပြလိုက်သည်မှာ ကိုယ် အမတ်ဖြစ်၊ ၀န်ကြီးဖြစ် ကုန်ကုန်ပြောရလျှင် လူဖြစ်လာရသည်မှာပင် သည်ဒေသအတွက် သက်သက်ဖြစ် သယောင် ပြောဆိုကုန်ကြပါတော့သည်။ တောသူတောင်သားတွေခမျာ ''အကြီးအကဲဆိုတာကြီးတွေကို ခုမှ အရှင်လတ်လတ် မြင်ဖူးကြတာ၊ လက်ဆွဲ နှုတ်ဆက်ဖူးကြတာ၊ အတူတွဲပြီး ဆယ်လ်ဖီရိုက်လို့လည်းရတယ်။ တရွာလုံးလည်း လင်းထိန်ဖြောင့်ဖြူးလို့၊ မူလတန်းကျောင်းအသစ်နှင့် ရွာဦးကျောင်းက ဆွမ်းစားဇရပ် အသစ်ကြီးနှင့်။ သိမ်အသစ်ကြီးကလည်း ဟီးလို့။ အစိုးရ=မင်းများ၊ စေတနာကြီးလိုက် ကြတာနော်။ သူတို့ ကျေးဇူးတွေ ဆပ်မကုန်အောင်ပါပဲ။ လာမယ့် ရွေးကောက်ပွဲကျရင် အဲဒီလူကြီးတွေကိုပဲ ထည့်ကြမဟဲ့''ဟူ၍ တွေးတောယူဆနေကြလိမ့်မည်ဟု ထိုလူကြီးများက တဖက်သတ်ခံယူထားခဲ့ကြပါသည်။ ''ဟိုပါတီကဟာတွေ ဘယ်တုန်းက လမ်းခင်းပေးဘူးလဲ၊ သစ်ပင်စိုက်ပေးဘူးလဲ။ ပြောတော့ လူ့အခွင့်အရေးတဲ့၊ လက်တွေ့ကျ ဘာများလာလုပ်ပေးလို့လဲ''ဟုလည်း စည်းရုံးကြပါသေးသည်။

သို့သော် တောသူတောင်သားလက်တွင် အင်တာနက်လိုင်းပေါ်တက်နိုင်သည့် မိုဘိုင်းလ်ဖုန်းရှိပါသည်။ စာနယ်ဇင်းအပါအ၀င် မီဒီယာတွေကလည်း ပျံ့နှံ့မြန်လိုက်သမှ။ သည်တောသူတောင်သားတွေသည် ရန်ကုန်မှာ ဘယ်လို၊ မန္တလေးမှာ ဘယ်ပုံ၊ တောင်ကြီးမှာ မည်သို့ဆိုသည်သာမက အမေရိကန်မှ၊ အင်္ဂလန်မှာ၊ ပြင်သစ်မှာ၊ ရုရှာမှာ၊ တရုတ်မှာ အကုန်သိနေကြသူတွေပင် ရှိပါသည်။ သူတို့အပေါ် အပေါ်ယံပါးစပ်လေးနှင့် ချစ်ပြတာ၊ မဲဆွယ်ချိန် မဲပေးချိန်နှစ်လလောက်ပဲ ချစ်ပြတာလား။ တကယ့်စိတ်ရင်း အမှန်လားဆိုသည်ကိုလည်း ခွဲခြား တတ်ကြပါသည်။
သူတို့တွေဘက်က လူနှင့်ငွေနှင့် အခွင့်အရေးနှင့်ဖိ၍ တရကြမ်းထိုးစစ်ဆင်နေကြချိန်မှာ ဒေါ်အောင်ဆန်းစု ကြည်ဘက်က ခံစစ်ပြင်လိုက်ပါပြီ။ သူသွားနိုင်သမျှ တိုင်း/ပြည်နယ်တွေသို့ ကိုယ်တိုင်အရောက်သွားကာ သူ့ ကိုယ်စားလှယ်လောင်းတွေကို မိဘပြည်သူရင်ခွင်မှာ အပ်နှံခဲ့ပါသည်။ အဓိကစကားကြီးနှစ်ခွန်းကိုလည်း ရောက်လေရာမှာ ပြောခဲ့ပါသည်။ 'ပြောင်းလဲချိန်တန်ပြီ'ရယ်၊ 'လူကိုမကြည့်ပါနှင့် ပါတီကိုပဲကြည့်ကြပါ၊ ဒီတခါ ကျွန်မတို့ ပါတီအနိုင်ရမှ အာဏာရှင်စနစ်ကို တွန်းလှန်နိုင်မှာမို့ပါ'ရယ်ပဲ ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏စကားကြီးနှစ်ခွန်းသည် တက်တက်စင် မှားနေကြောင်း၊ လက်ရှိအစိုးရ စတက်လာက တည်းကပင် ပြောင်းလဲမှုတွေ လုပ်ဆောင်နေခဲ့သည်ကို တွေ့မြင်ကြားသိနေပါလျက် ယခုမှ ပြောင်းလဲချိန် တန်ပြီဟု ထအော်နေခြင်းမှာ ဘာကြောင့်၊ ညာကြောင့်ဟု ချေဖျက်ကြသလို လူကိုမကြည့်ဘဲ အဆင့်အတန်း မရှိ၊ အရည်အချင်းမရှိတဲ့သူတွေကို မဲပေးလိုက်ရင် အဲဒီပါတီကြီး ဟာ . . . ဟုလည်း ရှုတ်ချခဲ့ကြပါသည်။ သူတို့ ပြောတာကို ဟုတ်ယောင်၊ မှန်လိမ့် အထင်ေ၀၀ါးသွားသူအချို့ရှိခဲ့ကြသော်လည်း ပြည်သူအများစုကြီးကတော့မူ ဘယ်သူပြောတာကမှန်သည်ဆိုခြင်းကို နားလည်လက်ခံခဲ့ကြပါသည်။ ယင်းသို့ နားလည်လက်ခံခဲ့ကြခြင်း၏ အကျိုးဆက်ကိုလည်း နိုဝင်ဘာလ ၈ ရက်မှာ အသည်းကြားမှ မဲပြားတွေနှင့် ပြသလိုက်ကြပါပြီ။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့က ပုဒ်မ ၅၉(စ)ကို ပြင်နိုင်ရမည်။ ပုဒ်မ ၅၉(စ)ကို ပြင်နိုင်ဖို့က ပုဒ်မ ၄၃၆ ကို အရင်ဆုံးပြင်ရမည်။ ပုဒ်မ ၄၃၆ ကို ပြင်နိုင်ရန်မှာ လွှတ်တော်ကိုယ်စားလှယ်အရပ်သား(အားလုံး)နှင့် တမတ်သား(ထဲကအနည်းဆုံးတယောက်)သဘောတူထောက်ခံမှ ဖြစ်မည်။ တမတ်သားထဲက တယောက်ခွဲ ထွက်လာပြီး ဆန္ဒပြုသည်ဆိုခြင်းမှာ လူမသေဘူးသောအိမ်မှ မုန်ညင်းဆီတောင်းခိုင်းသလို ဖြစ်နေပါတော့ သည်။ သည်လောက် ခိုင်လုံတောင့်တင်းလှသော ခံတပ်ကြီးကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုမှ ကျော်ဖြတ် ဖောက်ထွင်း မသွားနိုင်ပါ။

ကျွန်တော်အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစား မြတ်နိုးသူအားလုံးမှာလည်း သည်အတွက် စိတ်မကောင်းဖြစ်မိကြပါသည်။ လူထုချစ်မြတ်နိုးသော လူထုခေါင်းဆောင်ကို နိုင်ငံအကြီးအကဲအဖြစ် မတွေ့မြင် နိုင်ခြင်းအတွက်လည်း များစွာမှ ထိခိုက်ခံစားခဲ့ရပါသည်။ ဒီချုပ်ဘက်က လူတွေ သည်လိုခံစားကြရလေ သူတို့ ဘက် ပိုအရသာတွေ့လေ ဖြစ်ခဲ့ကြပါသည်။
လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က စာရေးဆရာကိုတာ၏ 'ဖြန့်ထွက်တွေးခြင်း'ဆိုသော စာအုပ်ကို ဖတ်ခဲ့ဖူးပါသည်။ ဖတ်နေစဉ်က ''ဟာ ဟုတ်သားပဲ၊ ဒီနေရာမှာ လူတွေက ဒီလိုတွေးနေကျပဲဆိုတော့ ငါလည်း ဒီလိုပဲ ၀င်တွေး လိုက်မိတာပေါ့။ ဟော ဟိုဘက်က လှည့်တွေးလို့လည်း ရတယ်ဆိုတာ မေ့သွားတာကိုး''ဟု ဆင်ခြင်မိခဲ့သော် လည်း ဖတ်ပြီးတော့ မေ့မေ့ပျောက်ပျောက် ဖြစ်သွားခဲ့ပါသည်။ ကျွန်တော်သည်လည်း ဖြန့်ထွက်တွေးသူတဦး မဟုတ်ဘဲ လူသာမန်တဦးပီပီ သမားရိုးကျသာတွေးနေမိခဲ့ပါသည်။

ကျွန်တော့်လို လူအားလုံး၏အတွေးတို့ကို ဒေါ်အောင်ဆန်းစုကြည်က ရိုက်ချိုးဖောက်ထွက်ပြလိုက်ပါသည်။ ''ဒီချုပ်ကို ကိုယ်စားပြုနိုင်တဲ့ လူတယောက်ကို သမ္မတအဖြစ် တင်မြှောက်မှာဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရ နှင့်ပတ်သက်တဲ့ ကိစ္စရပ်တွေကို ကျွန်မကပဲ ဆုံးဖြတ်ချက်တွေချသွားမယ်။ အစိုးရအဖွဲ့ကို ကျွန်မကပဲ ဦးဆောင်မယ်။ ဒီချုပ်ရဲ့မူဝါဒနှင့်ကိုက်ညီတဲ့ လူတယောက်ကို သမ္မတတင်မြှောက်သွားမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ မှာ ကျွန်မတို့နိုင်မယ်လို့ ပြောတာမဟုတ်ပါဘူး။ နိုင်ခဲ့ရင်လို့ ပြောတာပါ။ တကယ်လို့ ဒီချုပ်နိုင်လို့ အစိုးရဖွဲ့နိုင်မယ်ဆိုရင် ကျွန်မအနေနှင့် သမ္မတရဲ့ အထက်မှာ ရှိနေမယ်။ ရိုးရိုးလေးပါပဲ''ဟု ၅-၁၁-၂၀၁၅ ရက်က သူ၏နေအိမ်ခြံဝင်းအတွင်း ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ရဲဝံ့ပြတ်သားစွာ ပြောကြားခဲ့ပါ သည်။ ကြားရသူအားလုံး 'ဟာ'ခနဲ 'ဟင်'ခနဲ ဖြစ်သွားကြပါတော့သည်။ အားလုံးက သမ္မတဖြစ်ဖို့ဆိုတာကိုပဲ စုပြုံတွေးနေမိကြချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတအထက်နေဖို့ကို စဉ်းစား စီစဉ်ပြီးခဲ့ပါပြီ။ ဘာ ၅၉ (စ)တွေ၊ ဘာ ၄၃၆ တွေမှ ပြင်နေစရာမလိုတော့ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း သမ္မတအထက်မှာ မည်သူမျှ မရှိစေရဆိုသည့်အချက် မတွေ့မိပါ။ လက်ရှိကာလတွင်လည်း အာဏာခွဲဝေပိုင်ဆိုင်မှုအရ ကြည့်ပါ လျှင် သမ္မတထက်ပင် တပ်ချုပ်က ပါဝါပိုကြီးနေပါသေးသည်။ မလိုသူတွေကတော့ ပြောကြပါဦးမည်။ ''သည် မိန်းမကြီး သမ္မတအရူးထက် ပိုမြင့်တဲ့ရောဂါရသွားပြီထင်တယ်''ဟူ၍ အမနာပ ပြောကြလိမ့်မည် ထင်ပါသည်။

ကျွန်တော်တို့ကတော့မူ ဒေါ်အောင်ဆန်းစုကြည်၏ဖြစ်အောင်၊ ရအောင်လုပ်မယ်ဆိုသည့် စိတ်ဇွဲကိုလည်း ကောင်း၊ လူသာမန်တွေနှင့် အထူးကွာခြားလှစွာ တွေးခေါ်စဉ်းစားတတ်ပုံကိုလည်းကောင်း၊ လေးစားမြတ်နိုး မိသလို လူထုချစ်မြတ်နိုးသော ခေါင်းဆောင်ကို နိုင်ငံတော်၏ ဦးသျှောင်နေရာမှာ တွေ့မြင်ခွင့်ရတော့မည်ဟု တွေးမိတိုင်း တစိမ့်စိမ့် ကြည်နူးဝမ်းသာမိပါတော့သည်။

မှန်ဘီလူး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
အများစုကတော့ ပျော်မဆုံး မော်မဆုံး တပြုံးပြုံးနဲ့ပါ  အများစုကတော့ ပျော်မဆုံး မော်မဆုံး တပြုံးပြုံးနဲ့ပါ Reviewed by THITHTOOLWIN on 22:00 Rating: 5
Powered by Blogger.