တောင်ယာထဲ မကွဲသည့် ကျည်ဆံများ အမြန်ဆုံးဖယ်ရှားပေးရန်တောင်သူများတောင်းဆို


အောက်တိုဘာလ ၃၀ ၊ ဖြိုးဝေအောင်

ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့နယ် အမှတ် ၁၄ စစ်တပ်လေ့ကျင့်ရေးကျောင်းမှ ကျည်ဆံသည် တောင်သူများ၏ တောင်ယာထဲတွင် မကွဲဘဲ ကျန်ရှိနေသည့်အတွက် သက်ဆိုင်ရာမှ အမြန်ဆုံး ရှင်းလင်းပေးစေလိုသည်ဟု ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ကိုတူရယ် ပြောကြားလိုက်ပါသည်။

“တောင်သူတွေက စိုးရိမ်နေတာပေါ့။ အဲကျည်ကို အချိန်မှီဖယ်ရှားပေးဖို့လိုတာပေါ့။ ဘာဖြစ်လို့လဲဆို နောက်တလနှစ်လဆို တောင်သူတွေ တောင်ယာတွေ သိမ်းဆည်းပြီလေ။ အဲတော့ မဖယ်ရှားပေးရင် ကျွဲးတွေ နွားတွေ ၀င်မယ်။ကလေးတွေ နွားကျောင်းသားတွေ သွားတွေ့မယ် သွားဆော့မိရင် အန္တရာယ်တစ်ခုခုဖြစ်လာနိုင်တာပေါ့။” ဟု ကိုတူရယ်ကပြောပါသည်။


၂၀၁၅ ခုနှစ် ဂျုလိုင်လတွင် အမှတ်(၁၄)စစ်ပစ်ကွင်းမှ ပစ်လိုက်သော ကျည်ဆံသည် စစ်ပစ်ကွင်း အပြင်ကို ရောက်သွားပြီး တောင်သူများ တောင်ယာလုပ်ကိုင်နေသော တောင်ယာထဲသို့ ကျည်ဆံတစ်လုံး လက်ရှိအချိန်ထိ မပေါက်ကွဲသေးပဲ ကျန်ရှိနေခြင်းဖြစ်သည်။

၎င်းကျည်ဆံသည် ဖရူဆိုမြို့နယ် လောဂျာကျေးရွာ နှင့် (၂)မိုင်ခန့်ရှိပြီး အမှတ်(၁၄)စစ်ပစ်ကွင်းနှင့် (၁)ဖာလုံ ရှိသည်။


လက်ရှိတွင် တောင်သူများ ရိတ်သိမ်းချိန်ရောက်နေပြီဖြစ်၍ တောင်သူများစိုးရိမ်နေသလို အချိန်မှီ ဖယ်ရှားပေးရန်လိုအပ်ကြောင်း လောဂျာကျေးရွာမှ ဥက္ကဌ ဦးကူးရယ်က ပြောပါသည်။
“တောင်ယာလုပ်တဲ့အခါ ကျည်ရှိနေတဲ့နေရာကိုတော့ ကွက်ပြီး တောင်ယာမလုပ်ဘဲ ချန်ထားခဲ့ရပါတယ်။ တောင်ယာတွေကို မကြာခင် သိမ်းတော့မှာဆိုတော့ လူသွားလူလာတာတို့ ကျွဲ ၊ နွားတို့လွှတ်တော့မယ် အဲဒါကြောင့် ဒီဟာကိုအမြန်ဖယ်ဖို့လိုနေပါတယ်။” ဟု ဦးကူးရယ်က ပြောပါသည်။

၎င်းနှင့်ပတ်သက်ပြီး အမှတ်(၁၄) စစ်တပ်ကျောင်းမှ အမည်မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးက အမြန်ဆုံး ဖြေရှင်းပေးနိုင်ရန် အထက်သို့ တင်ပြပေးသွားမည်ဟု ပြောကြားသွားသည်။


စစ်ပစ်ကွင်းမှ ပစ်လိုက်သော ကျည်ဖြစ်သည့်အတွက် စစ်တပ်မှ တာဝန်ယူမှု ၊တာဝန်ခံမှု ရှိရန်လိုအပ်ကြောင်း ကိုတူရယ်က ပြောသည်။

အမြန်ဆုံးဖယ်ရှားနိုင်ရန် ဒေသကွပ်ကွဲရေးစစ်ဌာနချုပ်နှင့် အမှတ် ၁၄ စစ်တပ်လေ့ကျင့်ရေးကျောင်းကို စာဖြန် အကြောင်းကြားသွားမည်ဟု သိရသည်။

ဖရူဆိုမြို့နယ် တွင် အမှတ်(၁၄) စစ်ပစ်ကွင်းအဖြစ် နေရာချထားပြီးကတည်းကပင် ဒေသခံပြည်သူများ မှ တောင်ယာလုပ်ကိုင်ရာတွင် အဟန့်အတားများဖြစ်စေခဲ့သည်။
ယခင်လအတွင်းတွင် နွားကျောင်းသားတစ်ဦးမှ အမည်မသိ ကျည်ဆံတစ်မျိုးကို ယူဆော့မိခဲ့ရာမှ ပေါက်ကွဲကာ ဒဏ်ရာရခဲ့သည့် ဖြစ်ရပ်မျိုး ကြုံတွေ့ခဲ့ဖူးသည်ဟု သိရသည်။

၎င်းတပ်လေ့ကျင့်ရေးကျောင်းကို ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် စတင် အကောက်အထည်ဖေါ်တည်ဆောက်ခဲ့ရာ ဒေသခံပြည်သူများ၏ တောင်ယာ ၃၂၅၇ ဧက သိမ်းဆည်းခဲ့ပြီး ၊ ၂၀၁၄ ခုနှစ် သြဂုတ်လတွင် ၁၉၉.၈၆ ဧကပြန်ပေးခဲ့သည်။ ဧက ၆၈၀ ကိုတော့ တစ်ဧက ငါးသောင်းနှုန်းဖြင့် လျောကြေးပေးခဲ့သည်ဟု သိရသည်။

တောင်ယာခင်းထဲတွင် မြင်တွေ့ရသည့် ကျည်ဖြစ်ဖြစ်သည်။ ဓါတ်ပုံ ၊ ကိုတူရယ်

 ဖြိုးဝေအောင်
Kantarawaddy Times
https://www.facebook.com/kantarawaddytimes/
တောင်ယာထဲ မကွဲသည့် ကျည်ဆံများ အမြန်ဆုံးဖယ်ရှားပေးရန်တောင်သူများတောင်းဆို   တောင်ယာထဲ မကွဲသည့် ကျည်ဆံများ အမြန်ဆုံးဖယ်ရှားပေးရန်တောင်သူများတောင်းဆို Reviewed by THITHTOOLWIN on 19:47 Rating: 5
Powered by Blogger.