ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်ယာဉ်ပေါ်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး


 မကွေးတိုင်းဒေသကြီး ၊ ပေါက်မြို့နယ်တွင် အောက်တိုဘာ ၁၁ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီ မဲဆွယ် စည်းရုံးရေး ပြုလုပ်စဉ် ပါတီဝင် အမျိုးသမီးတစ်ဦး ယာဉ်ပေါ်မှ ပြုတ်ကျ၍ သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ပေါက်မြို့နယ် ရေပြာနယ်မြေ ရဲစခန်းမှ သိရှိရသည် ။

အောက်တိုဘာ ၁၁ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်ခန့် တွင် ပေါက်မြို့ ပြည်ခိုင်ဖြိုး မဲဆွယ် စည်းရုံးရေးအဖွဲ့မှ အတွင်းရေးမှူး ဦးမိုးကိုကို ဦးဆောင်သည့် အင်အား ၂၀၀ ဦးတို့သည် ယာဉ်အစီးရေ ၁၁ စီးဖြင့် ပေါက်မြို့နယ် ၊ ဆေးပင်ကြီးကျေးရွာသို့ မဲဆွယ်စည်းရုံးရေး လှည့်လည်စဉ် ဆေးပင်ကြီးကျေးရွာသို့ မရောက်မီ ၂ ဖာလုံအကွာ၌ ယာဉ်မောင်း ငြိမ်းဝင်း မောင်းနှင်သည့် တီအီးယာဉ်ပေါ်၌ လိုက်ပါလာသော ပေါက်မြို့နယ် အင်းတောတောင်စု ရွာနေသူ အသက် ၄၈ နှစ်အရွယ်ရှိ ပါတီဝင် မဌေးရီမှာ ယာဉ်ပေါ်မှ ပြုတ်ကျကာ သေဆုံးခြင်းဖြစ်ကြောင်း ရေပြာနယ်မြေ ရဲစခန်းမှ ရဲအုပ်စိုးခိုင်က ပြောသည် ။

“သွေးထွက်ဒဏ်ရာ မရှိဘဲ ဝဲဘက်ဒူး ပြုတ်ဒဏ်ရာနဲ့ မြိုင်မြို့နယ် ကိုင်းတောမကျေးရွာ ဆေးပေးခန်းကို ပို့ဆောင်ဖို့အသွား လမ်းတစ်ဝက် အရောက်မှာပဲ သေဆုံးသွားတာပါ” ဟု ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်ညိုက ပြောသည် ။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်ကို မဆင်မခြင်မောင်းနှင်သူ ငြိမ်းဝင်းအား ပေါက်မြို့နယ် ရေပြာနယ်မြေ ရဲစခန်းမှ ယာဉ်(ပ) ၁၄/၂၀၁၅ ၊ ပြစ်မှုဥပဒေပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း အဆိုပါ ရဲစခန်းမှတ်တမ်းအရ သိရသည် ။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်ယာဉ်ပေါ်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး  ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်ယာဉ်ပေါ်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး Reviewed by THITHTOOLWIN on 19:14 Rating: 5
Powered by Blogger.