မတ္တရာတွင် ဆယ်ကျော်သက် လူငယ် (၃) ဦးမှ ဓားထောက်လုယက်


     မန္တလေးတိုင်း ဒေသကြီး၊ မတ္တရာမြို့နယ်တွင် ဆယ်ကျော်သက် လူငယ်သုံးဦးမှ ဓားထောက်ကာ လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

      အောက်တိုဘာလ(၂၈) ရက်နေ့၊ နံနက် (၁၀း၀၀)အချိန်ခန့်တွင် မတ္တရာ မြို့နယ်၊ ညောင်အိုင်ရွာ မြောက်ဘက် ရွာလမ်းမပေါ်တွင် ကြက်ခြံပိုင်ရှင် တစ်ဦးမှ မြို့တက်ဈေးဝယ်ရန် အတွက် ဆိုင်ကယ်ဖြင့် သွားစဉ်တွင် လမ်းခုလတ်မှ ကို (၁၇) နှစ်၊ ကို .......... (၁၅)နှစ်နှင့် ကို ........ (၁၄)နှစ်တို့က ဓားဖြင့်ထောက်ကာ ဆိုင်ကယ်နှင့် ငွေကြေးများအား လုယက်ခဲ့သည်။

      အဆိုပါ အလုယူခံရပြီးချိန် နာရီပိုင်း အတွင်းတွင်ပင် ကျေးရွာဒေသခံများနှင့် နယ်မြေတာဝန်ကျ ရဲဝန်ထမ်းများ၏ ၀ိုင်းဝန်းဖမ်းဆီးမှုကြောင့် တရားခံ သုံးဦးအား ချက်ချင်း ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ အရာရှိတစ်ဦးက ပြောသည်။

      “တစ်ယောက်က ဓားပါလာတယ်။ အဲဒီဓားနဲ့ထောက်ပြီး တရားလို စီးလာတဲ့ ဆိုင်ကယ်နဲ့ ဈေးဝယ်ဖို့ပါလာတဲ့ ငွေတွေကို လုသွားတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ဒေသခံတွေနဲ့ ပူးပေါင်းပြီး ချက်ချင်း ဖမ်းမိပါတယ်။ တရားခံတွေက အကြီးဆုံးတောင် (၁၇)နှစ်ပဲ ရှိသေးတာဆိုတော့ တအား ငယ်ရွယ်ကြပါတယ်။ သူတို့က ဖမ်းဆီးတဲ့ အချိန်မှာ ပြန်ခုခံတာမျိုးလည်း ရှိခဲ့ပါတယ်”ဟု အဆိုပါ တာဝန်ကျ အရာရှိက ဆက်ပြောသည်။

      အဆိုပါ ဓားထောက် လုယက်မှုအား ကျူးလွန်ခဲ့သည့် ကို......... (၁၇)နှစ်၊ ကို........... (၁၅)နှစ်နှင့် ကို.........(၁၄) နှစ်တို့ အား မတ္တရာမြို့မ ရဲစခန်းတွင် ၁၈၁/၂၀၁၅ ၊ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၂ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

      ထိုကဲ့သို့ ဆယ်ကျော်သက် လူငယ်များမှ ဆိုင်ကယ်ဖြင့် လိုက်လံလုယက်မှုများ မကြာခဏ ဆိုသလို ဖြစ်ပေါ်လျက် ရှိသောကြောင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ် အထူးတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ အားလုံးပူးပေါင်းကာ အမြန်ဆုံး ဖမ်းဆီးနိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

The Messenger Media
http://www.messengerdaily.com/
မတ္တရာတွင် ဆယ်ကျော်သက် လူငယ် (၃) ဦးမှ ဓားထောက်လုယက်   မတ္တရာတွင် ဆယ်ကျော်သက် လူငယ် (၃) ဦးမှ ဓားထောက်လုယက် Reviewed by THITHTOOLWIN on 19:46 Rating: 5
Powered by Blogger.