လူသတ် အဓမ္မပြုကျင့်သူများကို ဖမ်းဆီးရန် နေပြည်တော် ရဲတပ်ဖွဲ့ဝင်များကို တပ်လှန့်


      ယောက်ျားကိုသတ်၍ မိန်းမအား အဓမ္မပြုကျင့်သူများကို ဖမ်းဆီးနိုင်ရန် အတွက် နေပြည်တော် ကောင်စီတစ်ခုလုံးရှိ ရဲတပ်ဖွဲ့ဝင်များနှင့် CID တပ်ဖွဲ့ဝင်များ အားလုံးကို အကြောင်းကြား ဆောင်ရွက်နေကြောင်း ဒက္ခိဏသီရိ မြို့မရဲစခန်းမှ သတင်းရရှိသည်။

      စက်တင်ဘာလ (၃၀)ရက်နေ့တွင် နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်၌ လင်မယားနှစ်ဦး ဆိုင်ကယ်စီး ပြန်လာစဉ် အမည်မသိ လူလေးဦးက ယောက်ျားဖြစ်သူကို ဓားဖြင့်ထိုးသတ်ပြီး မိန်းမဖြစ်သူအား အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သည်။

      “ကလေးမလေး ပြောပြတဲ့ ပုံပန်းတွေကို ဓာတ်ပုံတွေရိုက်ပြီး ကလေးမလေးကို ပြပြီး စုံစမ်းဖော်ထုတ်နေပါတယ်။ ဓာတ်ပုံတွေရိုက်ပြီး လိုက်လံစစ်ဆေးတော့ သံသယရှိတဲ့သူတွေ မပါဘူး။ ဒီမှာက အဲဒီမှာပါတဲ့သူ မရှိဘူး ဖြစ်နေတယ်။ နေပြည်တော်တိုင်း အကူအဖွဲ့တွေရော ဆက်စပ်မြို့နယ်တွေက တပ်ဖွဲ့တွေကော အဖွဲ့ပေါင်းစုံနဲ့ ဖော်ထုတ်နေပါတယ်”ဟု ဒက္ခိဏသီရိ မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး စိုးဝင်းက ပြောသည်။

      စက်တင်ဘာလ (၃၀)ရက်နေ့၊ နံနက်(၁း၀၀)အချိန်တွင် နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်၊ Junction Center အကျော်တွင် သေဆုံးသူ ကို.........မောင်းနှင်လာသော ဆိုင်ကယ်ကို အမည်မသိ လူလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ညှပ်၍ Junction Center နောက်ကျောသို့ ခေါ်ဆောင်သွားကာ Junction Center နောက်ကျောရှိ သံတမန်ရုံး(B)လမ်း၊ လမ်းသွယ်အရောက်တွင် သေဆုံးသူ ကို..........အား အမည်မသိ လေးဦးက ဓားဖြင့်သတ်၍ မိန်းမဖြစ်သူအား သားမယားအဖြစ် အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒက္ခိဏသီရိ မြို့မရဲစခန်းမှ သိရသည်။

      အဓမ္မပြုကျင့်ခံရသော သေဆုံးသူ ဦး.....၏ဇနီးသည် သားမယား ပြုကျင့်ခံရပြီးနောက် အိမ်သို့ ဆိုင်ကယ်ကယ်ရီဖြင့် ထွက်ပြေးခဲ့ပြီး စက်တင်ဘာလ (၃၀)ရက် နံနက်(၉း၀၀)အချိန်ခန့်တွင် အခင်းဖြစ်ပွားရာ Junction Center နောက်သို့ ဓားဖြင့်ထိုးခံရသူ ကို..........ကို သွားရောက်ရှာဖွေရာ ကို...........တွင် ဦးခေါင်းနောက်၌ ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ယာဘက်နားအောက် ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ လည်ပင်းတွင် ထိုးသွင်းဒဏ်ရာ သုံးချက်ဖြင့် သေဆုံးနေကြောင်း၊ သေဆုံးသူ ကို..........၏ ဇနီး ဖြစ်သူက ဒက်္ခိဏသီရိမြို့မ ရဲစခန်းသို့ တိုင်ကြားသော တိုင်ကြားချက်အရ သိရသည်။

      အဆိုပါမှုခင်းဖြစ်စဉ်နှင့် ပတ်သက်၍ နေပြည်တော် ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိ မြို့မရဲစခန်းတွင် ပြစ်မှုဖြစ်စဉ် (ပ)၉၈/ ၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂/၃၇၆ ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးနေကြောင်း နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိ မြို့မရဲစခန်းမှ သိရသည်။

The Messenger Media
http://messengernewsjournal.com
လူသတ် အဓမ္မပြုကျင့်သူများကို ဖမ်းဆီးရန် နေပြည်တော် ရဲတပ်ဖွဲ့ဝင်များကို တပ်လှန့်   လူသတ် အဓမ္မပြုကျင့်သူများကို ဖမ်းဆီးရန် နေပြည်တော် ရဲတပ်ဖွဲ့ဝင်များကို တပ်လှန့် Reviewed by THITHTOOLWIN on 22:01 Rating: 5
Powered by Blogger.