ပုသိမ်မြို့လမ်းမများပေါ်တွင် ဆိုင်ကယ်ဖြင့် လိုက်လံလုယက်သူ(၂)ဦးအား ဖော်ထုတ်ဖမ်းဆီး

ပုသိမ်မြို့လမ်းမ များပေါ်တွင် ဆိုင်ကယ်ဖြင့် လိုက်လံ လုယက်သူ(၂)ဦးအား ဖော်ထုတ် ဖမ်းဆီး
နေပြည်တော်၊ အောက်တိုဘာ ၁၀

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ရှိ ရိုးမဘဏ်သို့ လာရောက် ငွေထုတ်သူများ၊ အခြား လမ်းသွားလမ်းလာ ပြည်သူများထံမှ ဆိုင်ကယ်ချင်း ဘေးချင်း ယှဉ်မောင်းကာ လက်ကိုင်ဖုန်းများ၊ ပိုက်ဆံအိတ်များ၊ ငွေစက္ကူထုပ်များနှင့် ရွှေထည် ပစ္စည်းများအား ဆွဲယူလုပြေးသူ(၂)ဦးကို ပုသိမ် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့တွင် ဖော်ထုတ် ဖမ်းဆီး နိုင်ခဲ့သည်ဟု သိရသည်။

ပုသိမ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အဆိုပါ လုယက်မှုများ ထပ်မံမဖြစ်ပွားစေရန်နှင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် အခင်းဖြစ်ပွားတတ်သောနေရာများတွင် အရပ်ဝတ်ဖြင့် အသွင်ယူစောင့်ဆိုင်းခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ လှည့်ကင်းများဖြင့် စိုးမိုး လှုပ်ရှားခြင်းတို့ဖြင့် နေ့စဉ်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၈ ရက် နံနက် ၁၁ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် ပုသိမ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းရှိ ''ယူနိုက်တက်အမရ'' ဘဏ်အနီး တဝိုက်အား အသွင်ယူ စောင့်ကြည့်နေသည့် ပုသိမ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ''KZ Beauty Salon'' ဆိုင်ရှေ့တွင် မသင်္ကာဖွယ် ဆိုင်ကယ်တစ်စီးရပ်ထားကြောင်း ဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားလာသဖြင့် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အဆိုပါ မသင်္ကာဖွယ် ၁၃ယ/××××× Luojia-110 အနက်ရောင်ဆိုင်ကယ် ရပ်တန့်ထားသည့် အလှပြင်ဆိုင် အတွင်းသို့ သွားရောက် ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဆံပင်ညှပ်၊ ခေါင်းလျှော် ပြုလုပ်နေသည့် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကျုံတာကျေးရွာနေ ချစ်ပိုင်စိုး(ခ) ထက်မြတ်(၂၅)နှစ်အား မသင်္ကာသဖြင့် စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်များအရ ၎င်းသည် ပုသိမ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ရွှေဘုံသာအတွင်းလမ်းရှိ နေအိမ်တစ်ခုအားငှားရမ်းကာ ဇနီးဖြစ်သူ မအိရွှေဇင် (၁၈)နှစ်နှင့်အတူ နေထိုင်လျက်ရှိပြီး ဘဏ်မှငွေထုတ်၍ ပြန်လာသူများ၊ ဈေးဝယ်ရန် ဆိုင်ကယ်ဖြင့် သွားလာနေသူများထံမှ ငွေစက္ကူနှင့် အခြားတန်ဖိုးရှိပစ္စည်းများကို နှစ်ယောက်အတူ ဆိုင်ကယ်ဖြင့် ခိုးယူလုယက်မှုများ ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မအိရွှေဇင်အား လိုက်လံဖမ်း ဆီးခဲ့ရာ ယင်းနေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ် အချိန်အတွင် ပုသိမ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ရန်ကင်းတောင်ရပ်တွင် တွေ့ရှိဖမ်းဆီးနိုင်ခဲ့သည်။

 ထို့နောက် ၎င်းတို့ငှားရမ်း နေထိုင်သည့် နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ခိုးယူရရှိထားငွေကျပ်(၁,၀၆၀,၀၀ဝိ/-)၊ ၄၂ယ/×××× တရုတ်နိုင်ငံထုတ် DT အပြာရောင်ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းမျိုးစုံ(၇)လုံးတို့အား သိမ်းဆည်းရမိခဲ့ သဖြင့် ချစ်ပိုင်စိုးနှင့်မအိရွှေဇင်တို့(၂)ဦးအား ပုသိမ်မြို့မရဲစခန်း(ပ)၁၉၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၇၉/ ကျင့် ၅၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ပုသိမ်မြို့လမ်းမများပေါ်တွင် ဆိုင်ကယ်ဖြင့် လိုက်လံလုယက်သူ(၂)ဦးအား ဖော်ထုတ်ဖမ်းဆီး   ပုသိမ်မြို့လမ်းမများပေါ်တွင် ဆိုင်ကယ်ဖြင့် လိုက်လံလုယက်သူ(၂)ဦးအား ဖော်ထုတ်ဖမ်းဆီး Reviewed by THITHTOOLWIN on 03:41 Rating: 5
Powered by Blogger.