ဂရိပြည်သူတွေ Tsipras ကို ထပ်ပြီး ရာထူးအပ်နှံ

Syriza ပါတီခေါင်းဆောင် Alexis Tsipras အောင်ပွဲခံနေစဉ် (Credit: Reuters)
 ဂရိနိုင်ငံမှာ ​ကျင်းပတဲ့ ​ရွေးကောက်ပွဲမှာ ​Alexis ​Tsipras ​ဦးဆောင်တဲ့ ​ပါတီကပဲ ​ပြန်လည်အနိုင်ရရှိနေပါတယ်။

ဂရိနိုင်ငံမှာ ​အသုံးစရိတ် ​လျှော့ချမှာ ​မဟုတ်ဘူးလို့ ​ပြောဆိုလို့ ​ပထမအကြိမ် ​ရွေးကောက်ခံခဲ့ရတဲ့ ​Alexis ​Tsipras ​ဟာ ​အရင်လတုန်းကပဲ ​ကြွေးမြီရှင်တွေက ​အသုံးစရိတ် ​လျှော့ချခိုင်းတာကို ​သဘောတူခဲ့ပါတယ်။

အဲဒါကြောင့် ​ကတိပျက်ခဲ့တဲ့ ​ခေါင်းဆောင်ကို ​နောက်တစ်ကြိမ် ​ရွေးချယ်မှာ ​မဟုတ်ဘူးလို့ ​ထင်ကြေးပေးခဲ့ကြပေမယ့် ​Alexis ​Tsipras ​ဦးဆောင်တဲ့ ​ပါတီက ​ပြန်လည် ​အရွေးခံရတာ ​ဖြစ်ပါတယ်။

ဒါဟာ ​၆ ​နှစ်အတွင်း ​ဂရိနိုင်ငံမှာ ​ပဉ္စမမြောက် ​ရွေးကောက်ပွဲ ​ကျင်းပခြင်းဖြစ်ပြီး ​Alexis ​Tispras ​ကတော့ ​သက်တမ်းစေ့ ​တာဝန်ထမ်းဆောင်ခွင့် ​ရလိမ့်မယ်လို့ ​ထင်ကြေးပေးနေကြပါတယ်။

Alexis ​Tsipras ​ကတော့ ​ဂရိနိုင်ငံမှာ ​တည်ငြိမ်မှု ​ရှိအောင် ​လုပ်ပေးမယ်လို့ ​ကတိပေးလိုက်ပါတယ်။ ​ဥရောပတိုက်မှာ ​ဆိုရင်လည်း ​ဂရိနိုင်ငံနဲ့ ​ဂရိပြည်သူတွေဟာ ​ခံနိုင်ရည် ​ရှိတဲ့လူတွေ၊ ​ဂုဏ်သိက္ခာနဲ့ ​နေတဲ့လူတွေလို့ ​မြင်ကြပြီး ​အခက်အခဲတွေကြားမှာ ​လေးနှစ်လောက် ​အတူတကွ ​ဆက်လျှောက်ကြမယ့် ​လူတွေ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

ဂရိနိုင်ငံရဲ့ ​အခက်အခဲတွေကို ​မှော်ပညာနဲ့ ​ကောင်းမွန်လာအောင် ​မလုပ်နိုင်ပေမယ့် ​ကြိုးစား ​ရုန်းကန်မှုတွေနဲ့ ​ကောင်းမွန်လာအောင် ​လုပ်နိုင်မယ်လို့လည်း ​ပြောလိုက်ပါတယ်။

ဂရိနိုင်ငံရဲ့ ​ကြွေးမြီတွေကို ​ကူညီဖို့ ​လာမယ့် ​လမှာ ​ဆွေးနွေးဖို့ ​ရှိပြီး ​ဂရိအစိုးရကတော့ ​သူတို့ ​တတ်နိုင်သလောက် ​လိုက်လျောမှုတွေ ​လုပ်ခဲ့ပြီဆိုတာကို ​ပြောဆိုမယ့် ​အနေအထား ​ရှိနေပါတယ်။

အကြွေးကိစ္စကို ​ဆက်လက်ဖြေရှင်းရမှာ ​ဖြစ်သလို ​ဂရိအစိုးရအနေနဲ့ ​ဥရောပတိုက်ထဲ ​ဝင်လာနေတဲ့ ​ခိုလှုံခွင့် ​တောင်းလိုသူတွေရဲ့ ​အရေးကိုလည်း ​ဖြေရှင်းရမှာ ​ဖြစ်ပါတယ်။

ခိုလှုံခွင့် ​တောင်းလိုသူတွေက ​ချမ်းသာတဲ့ ​ဂျာမနီနိုင်ငံလို ​နိုင်ငံမျိုးကို ​ပိုသွားချင်ပေမယ့် ​ဂရိနိုင်ငံကိုတော့ ​တထောက်နားတဲ့နေရာအဖြစ် ​အရင်ဦးဆုံး ​ရောက်လာနေကြတာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဂရိပြည်သူတွေ Tsipras ကို ထပ်ပြီး ရာထူးအပ်နှံ  ဂရိပြည်သူတွေ Tsipras ကို ထပ်ပြီး ရာထူးအပ်နှံ Reviewed by THITHTOOLWIN on 09:59 Rating: 5
Powered by Blogger.