SNLD မည်သည့် ပါတီ နှင့်မျှ မဟာမိတ် မဖွဲ့သေး မိမိ ရပ်တည်ချက် အတိုင်းသာ ဆက်သွားမည် ပါတီ ဥက္ကဌပြော


စက်တင်ဘာလ ၃ ရက် ၂၀၁၅

သျှမ်း တိုင်းရင်းသားများ ဒီမို ကရေစီ အဖွဲ့ချုပ် SNLD ပါတီ အနေဖြင့် လက်ရှိ အချိန်အထိ ပြည်ခိုင်ဖြိုး ၊ NLD မည်သည့် ပါတီ နှင့်မျှ မဟာမိတ် မဖွဲ့ရသေးပဲ တိုင်းရင်းသား အရေး ပြည်တွင်း ငြိမ်းချမ်း ရေး တို့အတွက် နေရာမှန်တွင် ဆက်ရှိ နေဆဲဖြစ်ကြောင်း ပါတီ ဥက္ကဌ ခွန်ထွန်းဦးက ပြောသည် ။

“ အရင်ကတော့ NLD ကို စောင့်ခဲ့ ဖူးတယ် ။ အတိုက်အခံ ပါတီအဖြစ် ဆက်ရပ်မလား တိုင်းရင်းသား အရေး ဒီမို ကရေစီ အရေးတွေအတွက် တစိုက်မတ်မတ် လုပ်မလား ဆိုပြီးတော့ပါ ။ အခုတော့ ကိုယ့်နေရာမှာဘဲ ဆက်နေမယ် ။ အတိုက်အခံ အဖြစ်ပဲ ဆက်ရပ် တည်မယ် ။ ဘယ်ပါတီနဲ့မှ အပေးအယူ မဟာမိတ် ကိစ္စတွေ အတွက် သဘောတူထားတာ မရှိ သေးပါဘူး ” - ဟု ပါတီ ဥက္ကဌ ခွန်ထွန်းဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

ရွေးကောက်ပွဲ နီးကပ် လာသည်နှင့် အမျှ ပါတီ အများစုမှာ အစိုးရဖွဲ့နိုင်ရေး ကိစ္စများ အပါဝင် မဲဆန္ဒနယ် နေရာ ကိစ္စရပ်များ အတွက် နိုင်ငံရေး ပါတီအချင်းချင်း မဟာမိတ် ဖွဲ့မှုများ ပြုလုပ်နေကြောင်း ပြည်ခိုင်ဖြိုးပါတီမှ ရွေး ကောက်ပွဲဝင်မည့် ပါတီ အဆင့်မြင့် တာဝန်ရှိသူ တဦးလည်းဖြစ် ၊ ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာလည်းဖြစ် သူက သျှမ်းသံတော်ဆင့်သို့ အတည်ပြု ပြောဆိုသည် ။

ထို့အပြင် ၄င်းက ဆက်ပြီး - “ ကျားဖြူ ပါတီနဲ့ သူ့ရဲ့ မိတ်ဘက် တိုင်းရင်းသား ပါတီတွေက သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ မဟာမိတ်တွေ ဖြစ်ပြီးသား ဘဲလေ ။ နောက်ပြီး NLD ပါတီက လည်း ကျနော်တို့ရဲ့ (ယခင်) ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌဟောင်း သူရဦး ရွှေမန်းနဲ့ နီးစပ်တော့ ခုတောင်မှ ၂ ပါတီ ခေါင်းဆောင် တချို့တွေ မဟာမိတ်တွေ ဆက်ဖြစ်နေ သေးတာဘဲ ။ မဟာမိတ် ဖွဲ့လို့ ကောင်းတဲ့ အချိန်ပေါ့ ” - ဟု ၄င်းက ပြောသည် ။

ကျားဖြူပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်း ကတော့ “ ကျားဖြူ ပါတီဟာ ဘယ်သူရဲ့ အစေခံမှ မဟုတ်ဘူး ။ သျှမ်းပြည် ပြည်သူ လူထုရဲ့ အစေခံ ၊ လူထုအတွက် အလုပ်လုပ်မယ် ။ သျှမ်းပြည် အစိုးရ ဖြစ်ဖို့ အဓိက ဖြစ်တဲ့အတွက် လာမယ့် ရွေးကောက်ပွဲမှာ အောင်နိုင်ဖို့ အဓိကပဲ ” - ဟု သျှမ်းသံတော်ဆင့် သို့ပြော သည် ။

ဦးခွန်ထွန်းဦးမှ ဥက္ကဌ အဖြစ် တာဝန် ယူနေသည့် တိုင်းရင်းသား ပါတီ ၁၁ ဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ UNA သည်လည်း တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု ဖြစ်သည့် ညီညွတ် သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ၏ မဟာမိတ် ဖြစ်နေပါသည် ။

“ နိုင်ငံရေးမှာ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ တိုင်းရင်းသား အင်အားစုတွေ ဘာကြောင့် မအောင်မြင် သလဲဆိုတာ တပ်ပေါင်းစု မူဝါဒနဲ့ လွဲချော် လို့ပါပဲ ကျနော်တို့တော့ အတိုက်အခံ အဖြစ်ပဲ ဆက်ရှိနေမှာပါ” - ဟု ခွန်ထွန်းဦးက ပြောသည် ။

အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်မှာ ရွေးကောက်ပွဲတွင် တိုင်းရင်းသား နယ်မြေ များရှိ မြန်မာစကား မပြောသည့် နယ်မြေ များတွင်ပါ ၀င်ရောက် ယှဉ်ပြိုင်ရန် စီစဉ်နေသဖြင့် နိုင်ငံရေး အင်အားစုများက NLD ၏ တိုင်းရင်းသားရေး ရာ မူဝါဒ အပေါ် ဝေဖန်မှုများ ရှိနေပါသည် ။

သျှမ်းသံတော်ဆင့်/စိုင်းထွန်းအောင်လွင်
https://www.facebook.com/Panglong.burmese
SNLD မည်သည့် ပါတီ နှင့်မျှ မဟာမိတ် မဖွဲ့သေး မိမိ ရပ်တည်ချက် အတိုင်းသာ ဆက်သွားမည် ပါတီ ဥက္ကဌပြော  SNLD မည်သည့် ပါတီ နှင့်မျှ မဟာမိတ် မဖွဲ့သေး မိမိ ရပ်တည်ချက် အတိုင်းသာ ဆက်သွားမည် ပါတီ ဥက္ကဌပြော Reviewed by THITHTOOLWIN on 03:00 Rating: 5
Powered by Blogger.