ဆင်ဖြူကို ရတနာဟုမှတ်ယူသော်လည်း သံကြိုးခတ်ထားခြင်းမှာ မဖြစ်သင့်ဟု ထိုင်း Save The Elephant အဖွဲ့ ဆို

Save The Elephant အဖွဲ့ Ambassador ထိုင်းမင်းသမီးများဖြစ်သော ဂရေ့စ် နှင့် ဘို
Save The Elephant အဖွဲ့ ဆူးလေရှန်ဂရီလာတွင် သတင်းစာရှင်လင်းစဉ် (၂၀၁၅ စက်တင်ဘာ ၅)
 မြန်မာနိုင်ငံသည် ဆင်ဖြူကို ရတနာဟု အမြတ်တနိုးထားသော်လည်း ဆင်ဖြူများကို သံကြိုးများဖြင့် ခတ်ထားကြသည်မှာ မဖြစ်သင့်ကြောင်း ထိုင်းနိုင်ငံ Save The Elephant အဖွဲ့တည်ထောင်သူ မစ္စ LEK က စက်တင်ဘာတွင် မီဒီယာသို့ ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံသူ မစ္စ LEK သည် မြန်မာနိုင်ငံအတွင်း ပဲခူးရိုးမထဲတွင် ဆင်များ ဆင်ဦးစီး မိသားစုဝင်များအား အကူအညီပေးခြင်း လေ့လာခြင်းများ ၁၇ နှစ်ကြာ ပြုလုပ်ခဲ့သူဖြစ်သည်။ ၎င်းမှ `အောက်တိုဘာ ၃ ရက် ၄ ရက်က ကမ္ဘာ့တိရစ္ဆာန်များနေ့ပါ။ အဲဒီနေ့ကို တကမ္ဘာလုံးက နိုင်ငံပေါင်း ၁၃၀ ကျော် ကျင်းပမှာ ဖြစ်ပါတယ်။ ဒီနှစ်မှာ မြန်မာနိုင်ငံပါ အတူပါဝင်နိုင်အောင် လုပ်ဆောင်တာပါ။ တကယ်က ဆင်တင်မကပါဘူး။ တိရစ္ဆာန်အားလုံးကို ကြင်နာဖို့ လိုအပ်ပါတယ်`ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဆင်ဖြူကို ရတနာဟုခေါ်ဆိုသော်လည်း ၎င်းတို့အား သံကြိုးများဖြင့်ထားခြင်းမှာ မဖြစ်သင့်ကြောင်းနှင့် ဆင်များကို သစ်လုပ်ငန်းတွင် ခိုင်စေပြီး ကောင်းမွန်သည့် အစာအာဟာရ ၀၀လင်လင် ကျွေးမွေးခြင်းမရှိဟု ဆိုသည်။ LEK သည် ထိုင်းနိုင်ငံတွင် မြေဧကများစွာ ကျယ်ဝန်းသည့် သစ်တောခြံတခုအတွင်း ဆင်များအား သဘာဝအတိုင်း ကြီးပြင်းရှင်သန်စေနိုင်ရန် မွေးမြူထားပြီး ခွေးများ၊ ကျွဲ၊ နွား အကောင်များစွာကိုလည်း မွေးမြူထားသည်။

ထိုင်းနိုင်ငံတွင် ဆင်နှင့် အခြားတိရစ္ဆာန်များအား ကာကွယ်စောင့် ရှောက်ရန်ထင်ရှားကျော်ကြားသူများကပါ အတူတကွ တက်ကြွစွာပါဝင်ကြောင်း ယခုမြန်မာနိုင်ငံသို့လာရောက်ကာ ကမ္ဘာ့ တိရစ္ဆာန်များနေ့အတွက် ပွဲဖြစ်မြောက်စေရန် လာရောက်လှုံ့ဆော်မှု ပြုလုပ်ရာတွင်လည်း ထိုင်းနိုင်ငံမှ နာမည်ကျော်မင်းသမီးများဖြစ်သည့် ဘို (BEAU) နှင့် ဂရေ့စ် (Grace) တို့ ပါဝင်ကြောင်း၊ ယင်းကဲ့သို့ ထိုင်းနိုင်ငံမှ ထင်ရှားကျော်ကြားသူများပါ အတူတကွ ပါဝင်သကဲ့ သို့ မြန်မာနိုင်ငံမှ ထင်ရှားကျော်ကြားသည့် အနုပညာရှင်များ ပူးပေါင်းပါဝင်လာစေလိုကြောင်း Lek က ဆိုသည်။

ဆင်များသည် လူသားများ၏ မေတ္တာဖြင့် ဂရုစိုက်မှုခံရပါက နူးညံ့သည့် မေတ္တာဖြင့် ပြန်လည်တုံ့ပြန်ပြီး မရိုင်းစိုင်းတတ်ကြောင်း၊ ဆင်စွယ်လို၍ ဆင်တကောင်လုံးကို မသတ်သင့်ကြောင်း စသည့် ပညာပေးလုပ်ငန်းများ ထိရောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းအသိပညာများကိုလည်း လူငယ်မျိုးဆက်အား အဓိကဖြန့်ဝေရန် ရည်ရွယ်သည်ဟု ဆိုသည်။

ကိုခက်
Photo - ရွှေဖီး

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ဆင်ဖြူကို ရတနာဟုမှတ်ယူသော်လည်း သံကြိုးခတ်ထားခြင်းမှာ မဖြစ်သင့်ဟု ထိုင်း Save The Elephant အဖွဲ့ ဆို   ဆင်ဖြူကို ရတနာဟုမှတ်ယူသော်လည်း သံကြိုးခတ်ထားခြင်းမှာ မဖြစ်သင့်ဟု ထိုင်း Save The Elephant အဖွဲ့ ဆို Reviewed by THITHTOOLWIN on 19:51 Rating: 5
Powered by Blogger.