တိုက်လေယာဉ်နဲ့ ဗုံးကြဲတယ်လို့ RCSS စွပ်စွဲ

RCSS/SSA တပ်ဖွဲ့များ
ရှမ်းပြည်နယ်အတွင်းက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရှိရာ ခိုလမ်မြို့ တောင်ပိုင်းမှာ အစိုးရ တပ်တွေနဲ့ RCSS/ SSA တပ်တွေကြား စက်တင်ဘာလ ၁၆ ရက် ဗုဒ္ဓဟူးနေ့ မနက်က တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ RCSS/ SSA ဘက်က ပြောပါတယ်။

ဝမ်ကောင်း ကျေးရွာနားမှာ မနက် ၆ နာရီကနေ ၇ နာရီ ခွဲလောက် တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ RCSS/ SSA ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

ပြန့်ကျဲနေတဲ့ ရှမ်းတပ်ဖွဲ့တွေကို ထိုင်းမြန်မာ နယ်စပ်မှာပဲ အခြေချ စေချင်တဲ့ အတွက် ဖိအားပေးတဲ့ အနေနဲ့ တိုက်ခိုက်တာလို့လည်း သူက ပြောပါတယ်။

RCSS/ SSA တပ်တွေ လှုပ်ရှားတဲ့ နယ်မြေ တွေမှာ အခု လပိုင်း အတွင်း နယ်မြေ စိုးမိုးရေးနဲ့ နယ်မြေ ရှင်းလင်းရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ အစိုးရ တပ်တွေက လိုက်လံ တိုက်ခိုက် နေတဲ့ အတွက် တိုက်ပွဲတွေ ဖြစ်တာ လို့ ဆိုပါတယ်။

မြေပြင် တိုက်ပွဲတွေ ဖြစ်ခဲ့တာကြောင့် အကျအဆုံး များတယ်လို့ ရှေ့တန်း သတင်းတွေအရ သိရပြီး အတည်တော့ မပြုနိုင်သေးဘူး လို့လည်း ဗိုလ်မှူးကြီး စိုင်းလက ပြော ပါတယ်။

အဲဒီ မြေပြင်တိုက်ပွဲ အပြီးမှာ အစိုးရ တပ်ဖက်က စစ် ရဟတ်ယာဉ် လေးစီး၊ တိုက်လေယာဉ် တစ်စီးနဲ့ တိုက်ခိုက်တယ်လို့ RCSS/ SSA ရှေ့တန်း တပ်ဖွဲ့တွေက သတင်းတွေ ပေးပို့ ထားတယ်လို့လည်း သူက ပြောပါတယ်။

RCSS/ SSA တပ်တွေ အရင်က တပ်စွဲခဲ့တဲ့ နေရာဟောင်းတွေကို လေကြောင်း တိုက်ခိုက်တာ ဖြစ်ပြီး အထိအခိုက်မရှိဘူးလို့လည်း ဗိုလ်မှူးကြီး စိုင်းလက ပြော ပါတယ်။

BBC Burmese
http://www.bbc.com/burmese
တိုက်လေယာဉ်နဲ့ ဗုံးကြဲတယ်လို့ RCSS စွပ်စွဲ   တိုက်လေယာဉ်နဲ့ ဗုံးကြဲတယ်လို့ RCSS စွပ်စွဲ Reviewed by THITHTOOLWIN on 07:14 Rating: 5
Powered by Blogger.