"ထပ်နင်းလို့ ပိုမပြားတော့ဘူး ဆိုတဲ့" အနှေးယာဉ်လုပ်သားများ မြို့တွင်းသို့လှည့်လည်ပြီး NLD ပါတီ အောင်နိုင်ရေး မဲဆွယ်စည်းရုံး


ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးခံမည့် NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း လေးဦးအတွက် အနှေးယာဉ် လုပ်သားများက ဆိုက္ကားအစီး နှစ်ရာကျော်ဖြင့် မြို့နယ်အတွင်း ပထမဆုံးအကြိမ် လှည့်လည် မဲဆွယ်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည် ။

မင်္ဂလာတောင်ညွန့်မြို့နယ်မှ အနှေးယာဉ်လုပ်သားများ စုပေါင်းကာ စက်တင်ဘာလ၂၇ ရက် နေ့လယ် ၁း၀၀ နာရီတွင် ဂျိုးဖြူလမ်းမှ စတင်ကာ ဖ.ဆ.ပ.လ.ရပ်ကွက် ၊ ဒေါ်သိန်းတင်လမ်း ၊ အထက်ပန်းဆိုးတန်းလမ်း ၊ မြန်မာ့ဂုဏ်ရည်လမ်း ၊ မင်္ဂလာဈေးတို့သို့ လှည့်လည်ကာ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည် ။

"မင်္ဂလာတောင်ညွန့်မြို့နယ်ထဲက အနှေးယာဉ်လုပ်သားတွေ စုပေါင်ပြီး NLD အောင်နိုင်ရေး အတွက် တတ်နိုင်တဲ့ဘက်က ကူကြတာပါ ။ ပိုက်ဆံလည်း ရတာမရှိပါဘူး ။ ကိုယ့် အသိစိတ်ဓာတ်နဲ့ နိုင်ငံပြောင်းလဲဖို့ ဝိုင်းလုပ်ကြတာပါ" ဟု မင်္ဂလာတောင်ညွန့် မြို့နယ်မှ အနှေးယာဉ်လုပ်သား ကိုမောင်နိုင်က ပြောသည် ။

အဆိုပါ အနှေးယာဉ်လုပ်သားများက မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း မဲဆွယ် စည်ရုံးခြင်းမှာ NLD ပါတီမှ လုပ်ဆောင်ခိုင်းခြင်း မဟုတ်ဘဲ ၎င်းတို့၏ စိတ်ဓာတ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုသည်။

"သူတို့စိတ်ကူးလေးနဲ့ လုပ်တာပါ ။ ကိုယ်စားလှယ်တွေကတော့ မြို့နယ် ကော်မရှင်ရုံးမှာ ခွင့်ပြုချက် ယူပေးရတာပေါ့ ။ ဘေးကနေ ဝန်းရံပေးရတာပေါ့" ဟု မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁) မှ ဝင်ရောက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြုအနေဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်မှ ပြည်သူ့ လွှတ်တော်အတွက် ဒေါ်ဖြူဖြူသင်း ၊ တိုင်းဒေသကြီးလွှတ်တော်အမှတ် (၁) မှ ဦးလှဌေး ၊ အမှတ်(၂)မှ ဦးရန်အောင် ၊ အမျိုးသား လွှတ်တော်နေရာအတွက် ဦးသန်းစိုး (ဘောဂဗေဒ) တိှု့က ဝင်ရောက် အရွေးချယ်ခံကြမည်ဖြစ်သည် ။

MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
"ထပ်နင်းလို့ ပိုမပြားတော့ဘူး ဆိုတဲ့" အနှေးယာဉ်လုပ်သားများ မြို့တွင်းသို့လှည့်လည်ပြီး NLD ပါတီ အောင်နိုင်ရေး မဲဆွယ်စည်းရုံး  "ထပ်နင်းလို့ ပိုမပြားတော့ဘူး ဆိုတဲ့" အနှေးယာဉ်လုပ်သားများ မြို့တွင်းသို့လှည့်လည်ပြီး NLD ပါတီ အောင်နိုင်ရေး မဲဆွယ်စည်းရုံး Reviewed by THITHTOOLWIN on 18:11 Rating: 5
Powered by Blogger.