NCA လက်မှတ်ရေးထိုးရန် ဆွေးနွေးနေကြသော်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ


တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်(NCA)ကို လာမည့် အောက်တိုဘာ ပထမပတ်တွင် လက်မှတ်ရေးထိုးရန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့အကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း နှစ်ဖက်တပ်ဖွဲ့များ ရှမ်းပြည်နယ်ဘက်တွင် ယခုရက်ပိုင်း အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေလျှက်ရှိသည်။

“အစိုးရတပ်မတော်ဘက်က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်နဲ့ လှုပ်ရှားတယ်။ အဲ့ဒီလို လှုပ်ရှားတဲ့ အခါမှာ အသိပေးအကြောင်းကြားတာ မရှိဘူး။ ဒီတော့ နားလည်မှုလွဲပြီးတော့ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲ တွေ ဖြစ်လာရတာပေါ့။ နောက်တစ်ခုက ရွေးကောက်ပွဲမှာ တိုက်ပွဲတွေ မဖြစ်တာ အကောင်းဆုံးပဲ။ လှုပ်ရှားမယ်ဆိုရင်လည်း အပြန်အလှန် သတင်းဖလှယ်ဖို့ လိုအပ်ပါတယ်”ဟု ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

အစိုးရတပ်မတော် နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တို့ သြဂုတ်လမှစတင်ကာ စက်တင်ဘာ (၁၆) ရက်နေ့အထိ ရှမ်းပြည်တောင်ပိုင်း ကွန်ဟိန်း၊ မိုင်းပွန်၊ ခိုလမ် စသည့် ဒေသများတွင် တိုက်ပွဲကြီး၊ငယ် စုစုပေါင်း (၇)ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း RCSS က ဆိုသည်။

အလားတူ တအောင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA နှင့်လည်း ရှမ်းပြည်နယ် မြောက်ပိုင်း၊ကွတ်ခိုင်၊နမ့်ဆန်၊ကျောက်မဲ၊ စသည့် ဒေသများတွင် အစိုးရတပ်မတော်နှင့် ပြီးခဲ့သည့် ဇွန်လ အတွင်းကနေ ယနေ့ စက်တင်ဘာ ၁၇ ရက်နေ့အထိ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိကြောင်း PSLF/ TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှ ဆိုသည်။

PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှူး ဗိုလ်ကြီးမိုင်အိုက်ကျော် “ကျွန်တော်တို့ ထိန်းချုပ် နယ်မြေထဲမှာ အစိုးရက တပ်အင်အားတွေ တိုးချဲ့လာတယ်။ နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ် ဆိုပြီးတော့ ထိုးစစ်ဆင်တာတွေ မကြာခဏ လုပ်လာတယ်။ ဒီတော့ ကျွန်တော်တို့လည်း ပြန်ခုခံ ကာကွယ်ရတော့တာပေါ့။ ဒါကြောင့် တိုက်ပွဲတွေ ဖြစ်နေရတာပါ တရားဝင် တိုက်ပွဲတွေ လျှော့ချသွားမယ်ဆို ပြီးတော့ ကျွန်တော်တို့ ထုတ်ပြန်ထားပြီးသာဘဲလေ။ ဒါကို အစိုးရဘက်က အသိအမှတ်ပြုသင့်တယ်”ဟု ပြောသည်။

တအောင်းတပ်မတော် TNLA နှင့် အစိုးရတပ်မတော်တို့ကြား ဇွန်လက တိုက်ပွဲပေါင်း(၁၈)ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး ယခု စက်တင်ဘာလဝက်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းဘက်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိကြောင်း PSLF/TNLA သတင်း နှင့် ပြန်ကြားရေးက ဆိုသည်။

ထို့အပြင် ယခုစက်တင်ဘာလများအတွင်း ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ် နှင့် ပူတာအို ဒေသများ တွင်လည်း အစိုးရ တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ နှစ်ဖက် ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။

လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်များအနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ် လက်မှတ်ထိုးရေးကိစ္စနှင့်ပတ်သက်ပြီး အစိုးရအားပြန်လည်အကြောင်းကြားရန် စက်တင်ဘာ ၂၄ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဆွေးနွေးပွဲကျင်းပမည်ဟု သိရသည်။

နေပြည်တော်၌ စက်တင်ဘာလ ၉ ရက်နေ့က သမ္မတနှင့် တိုင်းရင်းသားလက်နက်ကိုင်ထိပ်သီး ခေါင်းဆောင်များတွေ့ဆုံပွဲ၌ ယခုစက်တင်ဘာ ၂၉ ရက်နေ့တွင် NCA လက်မှတ်ရေးထိုးရန် သမ္မတ အဆိုပြုထားသည်။

လွတ်လပ်သော မွန်သတင်း အေဂျင်စီ
http://burmese.monnews.org
NCA လက်မှတ်ရေးထိုးရန် ဆွေးနွေးနေကြသော်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ  NCA လက်မှတ်ရေးထိုးရန် ဆွေးနွေးနေကြသော်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ Reviewed by THITHTOOLWIN on 05:58 Rating: 5
Powered by Blogger.