ဒိုင်လူကြီးက သူတို့လူ


  ဘောလုံးပွဲတပွဲရဲ့ အနိုင်အရှုံးကို ကစားသမားတွေရဲ့ အရည်အချင်းက အဆုံးအဖြတ်ပေးတယ်ဆိုရင် အားလုံး သဘောတူကြမယ်ထင်ပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်ရဲ့ အဆုံးအဖြတ်ကြောင့် ကစားပွဲ ရလဒ်ဟာ ပြောင်းပြန်ဇောက်ထိုးဖြစ်သွားနိုင်တယ်လို့ ပြောရင်လည်း ဘယ်သူမှ မငြင်းနိုင်ဘူး မဟုတ်လား။

နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲရဲ့ ကွင်းလယ်ဒိုင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပါ။ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ဦးတင်အေးပါ။ ဒီရွေးကောက်ပွဲမှာလည်း ကွင်းလယ်ဒိုင်က အရေးကြီးတယ်ဆိုတာ အားလုံးသဘောတူကြမှာပဲလို့ ထင်ပါတယ်။

မကြာခင်တုန်းကတော့ ကွင်းလယ်ဒိုင်က ကစားသမား ၁၀၆ ယောက်ကို အနီကတ်ပြခဲ့ရာမှာ တဖက် အသင်းကလူတွေချည်းပဲဖြစ်နေလို့ ပြိုင်ဖက် အသင်းက ထောက်ပြဝေဖန်ခဲ့ပါတယ်။ မှန်ပါတယ်။ အာဏာရပါတီကို အသင်းကြီးတသင်းလို့ သဘောထားပြီး ကျန်ပါတီအားလုံးကို အတိုက်အခံအသင်းအဖြစ်သဘောထားမယ်ဆိုရင် အနီကတ်အပြခံရသူတွေအားလုံးဟာ ပြိုင်ဖက် အသင်းကလူတွေချည်းပါပဲ။

မူဆလင်တွေအများစုပါဝင်တည်ထောင်ထားတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီဆိုရင် တသင်းလုံးနည်းပါး အနီကတ်အပြခံခဲ့ရတဲ့ အတွက် အနီကတ်စံချိန်ချိုးခဲ့ပါတယ်။ သူတို့ပါတီက တင်သွင်းတဲ့ ကိုယ်စားလှယ်လောင်း ၁၈ ယောက်ထဲမှာ ၁၇ ယောက်ဟာ အပယ်ချခံခဲ့ရတာ ဖြစ်ပါတယ်။

ဘာလို့ တဖက်အသင်းကလူတွေချည်းပဲ အနီကတ်အပြခံရပါသလဲ။ ဖြစ်နိုင်ခြေနှစ်မျိုးရှိပါတယ်။ ဒိုင်လူကြီးက ဘက်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် အာဏာရအသင်းဖက်က ကစားသမားတွေ အားလုံးက တယောက်မှ မ “ဖောင်း” ကြဘဲ သိပ်သန့်ရှင်းနေလို့ရင်လည်း ဖြစ်နိုင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ်တယောက်ဖြစ်တဲ့ ဦးဝင်းမြင့်ကတော့ “NLD နဲ့တခြားပါတီတွေကို အဲသလို စစ်စစ်ပေါက်ပေါက် အပြစ်အနာဆာရှာသလို တခြားပါတီကြီးတွေကိုလည်း အဲသလို ရှာမယ်ဆိုရင် ချို့ယွင်းချက် အားနည်းချက်တွေ မတွေ့ဘူးလို့ မပြောနိုင်ဘူး။ တွေ့ဖို့ပိုများတယ်။ ကျွန်တော်တို့ အမြင်အတွေ့မှာကိုက ဒါတွေက ရှိနိုင်တယ်လေ။” လို့ ဘီဘီစီက စက်တင်ဘာလ ၅ ရက်မနက်ပိုင်းတုန်းကထုတ်လွှင့်သွားတဲ့ မေးမြန်းချက်ထဲမှာ ပြောသွားပါတယ်။ သူတို့ပါတီကို စစ်စစ်ပေါက်ပေါက် အပြစ်အနာဆာရှာသလိုမျိုး ကြံ့ခိုင်ရေးပါတီကိုတော့ မရှာဘူးလို့ ဝေဖန်ချင်တဲ့သဘောဖြစ်ပါတယ်။ ဒိုင်လူကြီးဘက်လိုက်တယ်လို့ သူက စွပ်စွဲချင်တဲ့သဘောလို့ ဆိုနိုင်ပါတယ်။

သမ္မတရုံးဝန်ကြီး ဦးသိန်းညွန့်ရဲ့မိဘတွေဟာ သူမွေးဖွားချိန်မှာ တရုတ်လူမျိုးတွေဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်လည်းထွက်ပေါ်လာခဲ့ပါတယ်။ မြန်မာတိုင်းမ်စ် သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကတော့ သူ့ဆောင်ရွက်ချက်တွေအားလုံးဟာ ဥပဒေနဲ့ အညီဖြစ်တယ်လို့ စက်တင်္ဘာလ ၉ ရက်နေ့မှာထုတ်လွှင့်တဲ့ ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကိုယ်တိုင်ကိုက အငြင်းပွားစရာဖြစ်နေ ပါတယ်။ ဦးတင်အေးဟာ စစ်တပ်က ဗိုလ်ချုပ်ကြီးဟောင်း တယောက်ဖြစ်သလို၊ ကော်မရှင်ဥက္ကဋ္ဌ မဖြစ်ခင် ရက်ပိုင်းအလိုကျမှ ကြံ့ခိုင်ရေးပါတီကနေ နှုတ်ထွက်လာတဲ့ ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တယောက်လည်း ဖြစ်နေပါတယ်။ ဒီတော့ “ဒိုင်လူကြီးက သူတို့လူ” ဆိုတဲ့ စွပ်စွဲချက်ဟာ တော်တော်ကျယ် ကျယ်လောင်လောင်ထွက်ပေါ်နေတဲ့ ဝေဖန်ချက်တခုဖြစ်နေပါတယ်။

ဒါပေမယ့် ဦးတင်အေးကတော့ သူရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌလုပ်တာမှာ ဥပဒေနဲ့ မညီတာ ရှိသလား၊ ဒီလိုမှမဟုတ်ဘဲနဲ့ ခင်ဗျားတို့ကျနော့်ကို မယုံဘူးဆိုတာ ပုဂ္ဂိုလ်ရေးပဲဖြစ်ပါလိမ့်မယ်။ ပုဂ္ဂိုလ်ရေး မယုံတာတော့လည်း မတတ်နိုင်ဘူးလေဗျာ လို့ ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။

ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အာမခံသလားလို့ မေးရာမှာလည်း လွတ်လပ်တယ် မလွတ်လပ်ဘူးဆိုတာကို ဥပဒေနဲ့တိုင်းပါလို့ ဘီဘီစီနဲ့ အင်တာဗျူးမှာပဲ ပြောကြားခဲ့ပါတယ်။

မေးမြန်းချက်အားလုံးကို ဥပဒေနဲ့ အဓိက အကာအကွယ်ပြုပြောဆိုသွားပါတယ်။ ဥပဒေဆိုရာမှာ အဓိက ပင်မဥပဒေက ၂၀၀၈ အခြေခံဥပဒေဖြစ်ပါတယ်။

ခက်တာက လူအများမကြိုက်မနှစ်သက်ကြတာကလည်း အဲဒီဥပဒေကိုပဲ ဖြစ်နေပါတယ်။ အဲသလို မကြိုက်နှစ်သက်ကြကြောင်းဟာ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဆန္ဒဖော်ပြခဲ့ကြတဲ့ ပြည်သူ ၅ သန်းရဲ့ လက်မှတ်တွေက သက်သေဖြစ်ပါတယ်။

တရုတ်လူမျိုးပညာရှိ အာဖန်တီးကို လူတယောက်က ပညာစမ်းတဲ့အနေနဲ့ လက်ခုပ်ထဲမှာ ငှက်ရှင်တကောင်ကို ဆုပ်ထားပြီး ဒီငှက်ဟာ အသေလားအရှင်လားလို့ မေးပါတယ်။ တကယ်တော့ သူ့အကြံက အာဖန်တီးကို အရှက်ခွဲဖို့ပါ။ အာဖန်တီးက အသေလို့ပြောရင် ငှက်ရှင်ကို ပြလိုက်မယ်၊ အာဖန်တီးက အရှင်ပါလို့ ပြောရင် ငှက်ကို လက်နဲ့ညှစ်သတ်ပြီး ငှက်သေကိုပြလိုက်မယ်ဆိုတဲ့ စိတ်ကူးနဲ့ မေးတာပါ။ အဲဒီမေးခွန်းကို အာဖန်တီးက “သင့်သဘောအတိုင်းပါပဲ” လို့ ဖြေသွားပါတယ်။ ငှက်သေမလား၊ ရှင်မလားဆိုတာ သူ့လက်ခုပ်ထဲမှာပဲရှိတာကိုး။

အခုရွေးကောက်ပွဲကို တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာလား။ မဖြစ်ဘူးလားလို့ မေးခဲ့ရင်လည်း သတင်းသမားတယောက်အနေနဲ့ ကျွန်တော်ဖြေနိုင်မယ့် အဖြေကတခုပဲရှိပါတယ်။

သူတို့သဘောပါပဲလို့သာ….။

BBC Burmese
https://www.facebook.com/bbcburmese
ဒိုင်လူကြီးက သူတို့လူ  ဒိုင်လူကြီးက သူတို့လူ Reviewed by THITHTOOLWIN on 21:14 Rating: 5
Powered by Blogger.