ဖုန်းကံစမ်းမဲပေါက်သည်ဟု ပြောဆိုပြီး ငွေလိမ်လည်သူများအား ဖော်ထုတ် ဖမ်းဆီး အရေးယူ


ရန်ကုန်၊ စက်တင်ဘာ ၁၆

၂၀၁၅ ခုနှစ်၊ သြဂုတ်လအတွင်းက Facebook လူမှုကွန်ရက် စာမျက်နှာများ၌ မန္တလေးမြို့မှ အမျိုးသမီးတစ်ဦးထံသို့ ၁၈.၈.၂၀၁၅ ရက်နေ့တွင် မြန်မာ့ ဆက်သွယ်ရေးရုံးချုပ်မှ အမျိုးသားဟုဆိုကာ ဖုန်းဆက်သွယ်လာခဲ့ပြီး ယင်းဖုန်းနံပါတ်မှာ သိန်း ၅၀၀ ကံစမ်းမဲပေါက်ကြောင်း၊ ၀င်ငွေခွန်ဆောင်ရ မည်ဖြစ်ကြောင်း၊ ယခုချက်ချင်းပင် ငွေကျပ် ၁၁ သိန်းခွဲလွှဲပေးရန်ပြောဆိုပြီး ရန်ကုန်မြို့ ၉ မိုင်ရှိ ကမ္ဘောဇဘဏ်သို့ ငွေလွှဲခိုင်းခဲ့သဖြင့် ပို့ပေးခဲ့ပြီးနောက် လိမ်လည်ခံရခြင်း ဖြစ်သည်ကို သိရှိခဲ့ရကြောင်း၊ ကမ္ဘောဇဘဏ်တွင် ငွေလာထုတ်သူ၏ မှတ်တမ်းဓါတ်ပုံနှင့် အမည်တို့အား ဖော်ပြရေးသား ထားသည်ကို တွေ့ရှိခဲ့ရပါသည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ယင်းကဲ့သို့သော လိမ်လည်ငွေတောင်းသူများအား ဖော်ထုတ်ဖမ်းဆီး ရမိရေးအတွက် စုံစမ်းဆောင်ရွက်လျက်ရှိစဉ် ၁၀.၉.၂၀၁၅ ရက်နေ့တွင်
ကမာရွတ်မြို့နယ်ရှိ AGD ဘဏ်သို့ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှ ဦး--- အမည်ဖြင့် ငွေကျပ်(၁၅)သိန်းလွှဲပို့ခဲ့ရာ ၎င်းငွေကိုလာရောက် ထုတ်ယူသော လှိုင်သာယာမြို့နယ်နေ အောင်ပိုင်၊(၂၁)နှစ်အား ဘဏ်မှမသင်္ကာသဖြင့် ကမာရွတ်မြို့မရဲစခန်းသို့ ဆက်သွယ်သတင်းပေးပို့ ချက်အရ သွားရောက်ထိန်းသိမ်းခဲ့ပြီး ၎င်းနှင့်အတူပါသူများဖြစ်သည့် လှည်းတန်းခုံးတံတားအနီးတွင် စောင့်ဆိုင်းနေသော လှိုင်သာယာမြို့နယ် နေသူများ ဖြစ်သည့် ပိုင်လေး(ခ)မျိုးမင်းပိုင်၊ (၂၄)နှစ်၊ လေးဝင်းအောင်၊ (၁၉)နှစ်နှင့် ရှိန်းကို(ခ)ရှိန်းကိုထက်၊ (၂၀)နှစ်တို့အား ဆက်လက်ထိန်းသိမ်း၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖုန်းကံစမ်းမဲပေါက်သည်ဟု လိမ်လည်ပြောဆိုပြီး ပေးပို့ခိုင်းသည့်ငွေများအား လာရောက်ထုတ်ယူခြင်း ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

၎င်းတို့အား ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များကစစ်ဆေးခဲ့ရာ ၎င်းတို့(၄)ဦးသည် လှိုင်သာယာမြို့နယ်တွင်နေထိုင်သည့် ကျော်ကြီး(ခ) ဘိုဘို(ခ)ဇာနည် (စုံစမ်းဆဲ)၊ ကျော်နိုင်ဦး(စုံစမ်းဆဲ)၊ သိန်းစိုး(စုံစမ်းဆဲ)တို့(၃)ဦးနှင့် ရင်းနှီးခဲ့ပြီး ၎င်းတို့အား ဘဏ်များသို့ သွားရောက်ငွေထုတ်ပေးရန် ခိုင်းစေခဲ့ကြောင်းနှင့် ထုတ်ယူပေးခအဖြစ် ပိုက်ဆံပေးခဲ့ကြောင်း သိရှိရပါသည်။

ဖမ်းဆီးရမိသူ မျိုးမင်းပိုင်ပါ(၄)ဦးအား အလားတူလိမ်လည်မှုများနှင့် တိုက်ဆိုင် စစ်ဆေးခဲ့ရာ ၁၈.၈.၂၀၁၅ ရက်နေ့တွင် မျိုးမင်းပိုင်၊ လေးဝင်းအောင်၊ ရှိန်းကိုထက်တို့(၃)ဦးကို မန္တလေးမြို့မှ ဒေါ်----အမည်ဖြင့်လွှဲပို့ပေးမည့် ငွေကျပ် (၁၁)သိန်း(၅)သောင်းအား မရမ်းကုန်းမြို့နယ်၊(၉)မိုင်ကမ္ဘောဇဘဏ် တွင် သွားရောက်ထုတ်ယူရန် ပြောဆိုခဲ့သဖြင့် မျိုးမင်းပိုင်၊ လေးဝင်းအောင်နှင့် သိန်းစိုးတို့(၃)ဦးမှသွားရောက်ခဲ့ပြီး ၁၄၃၀အချိန်ခန့်တွင် မျိုးမင်းပိုင်တစ်ဦးတည်း ဘဏ်အတွင်းဝင်ရောက်၍ လွှဲပို့ပေးသည့် ငွေများအား ထုတ်ယူခဲ့ကာ ကျော်ကြီး ထံ ပေးအပ်ခဲ့ကြောင်း၊ မျိုးမင်းပိုင်တို့ အနေဖြင့် ငွေထုတ်ပေးခအဖြစ် ငွေကျပ်(၈၀၀၀)ရရှိခဲ့ကြောင်း၊ ယင်းသို့ငွေများထုတ်ယူရရှိခဲ့ခြင်းမှာ ဖုန်းကံစမ်းမဲပေါက် သည်ဟု လိမ်လည်ပြောဆို၍ လွှဲပို့ခိုင်းခဲ့သော ငွေများဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

၎င်းပြင် ၁၂.၈.၂၀၁၅ ရက်နေ့တွင်လည်း မျိုးမင်းပိုင်၊ လေးဝင်းအောင်နှင့် ရှိန်းကိုထက်တို့အား ပုသိမ်မြို့မှ အမည်မမှတ်မိအမျိုးသားလွှဲပို့ပေးသော ငွေကျပ်(၆)သိန်းကို အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရှိ CB ဘဏ်သို့ သွားရောက်ထုတ်ယူရန် ပြောဆိုခဲ့ သဖြင့် မျိုးမင်းပိုင်၊ လေးဝင်းအောင်နှင့် ကျော်နိုင်ဦးတို့(၃)ဦးမှသွားရောက်ခဲ့ပြီး ၁၂၀၀အချိန်ခန့်တွင် မျိုးမင်းပိုင် တစ်ဦးတည်း ဘဏ်အတွင်းဝင်ရောက်၍ လွှဲပို့ပေးသည့်ငွေများအား ထုတ်ယူခဲ့ပြီး ကျော်ကြီးထံပေးအပ်ခဲ့ကြောင်း၊ မျိုးမင်းပိုင်တို့ အနေဖြင့် ငွေထုတ်ပေးခအဖြစ် ငွေကျပ်(၈၀၀၀)ရရှိခဲ့ကြောင်း၊ ယင်းသို့ငွေများ ထုတ်ယူရရှိခဲ့ခြင်းမှာ ဖုန်းကံစမ်းမဲပေါက်သည်ဟု လိမ်လည်ပြောဆို၍ လွှဲပို့ခိုင်းခဲ့သောငွေများဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်များအရ ဖုန်းကံစမ်းမဲပေါက်သည်ဟု လိမ်လည်ကာ တောင်တွင်းကြီးမြို့နေ အမျိုးသားထံမှ လိမ်လည်ရယူခဲ့ခြင်းအတွက် တောင်တွင်းကြီးမြို့မ ရဲစခန်းတွင် ပြစ်မှုပုဒ်မ-၄၂၀ ဖြင့် အမှုဖွင့် အရေးယူ
ဆောင်ရွက်လျက်ရှိပြီး ကျန်လိမ်လည်မှု(၂)မှုအတွက် သက်ဆိုင်ရာ ရဲစခန်း အသီးသီးတွင် အမှုဖွင့်အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းနှင့် ကျော်ကြီး၊ ကျော်နိုင်ဦးနှင့် သိန်းစိုးတို့အား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူများအနေဖြင့် ယင်းကဲ့သို့ ဖုန်းကံစမ်းမဲပေါက်သည်ဟု ဆက်သွယ်ပြောဆိုကာ ငွေတောင်းခံမှုများ တွေ့ကြုံလာပါက အယုံအကြည်မလွယ်မိကြစေရန်နှင့် သတိပြု ဆင်ခြင်ရှောင်ရှားနိုင်ကြပါရန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အသိပညာပေးဖော်ပြအပ်ပါသည်။

Yangon Police
https://www.facebook.com/yangonpolice
ဖုန်းကံစမ်းမဲပေါက်သည်ဟု ပြောဆိုပြီး ငွေလိမ်လည်သူများအား ဖော်ထုတ် ဖမ်းဆီး အရေးယူ   ဖုန်းကံစမ်းမဲပေါက်သည်ဟု ပြောဆိုပြီး ငွေလိမ်လည်သူများအား ဖော်ထုတ် ဖမ်းဆီး အရေးယူ Reviewed by THITHTOOLWIN on 13:14 Rating: 5
Powered by Blogger.