မျိုးစောင့်ဥပဒေပြောင်းတဲ့ အစိုးရတိုင်းကို ဖြုတ်ချမယ်


မန္တလေးတိုင်း ​မစိုးရိမ်ကျောင်းတိုက်က ​ဆရာတော် ​ဦးဝီရသူက ​မျိုးစောင့်ဥပဒေကို ​ပြောင်းလဲဖို့ ​ကြိုးစားတဲ့ ​အစိုးရတိုင်းကို ​ဖြုတ်ချမယ်လို့ ​ပြောဆိုလိုက်ပါတယ်။

ဘာသာကူးပြောင်းခြင်းဆိုင်ရာ ​ဥပဒေ၊ ​ကလေးယူခွင့် ​သတ်မှတ်ချက်နဲ့ ​လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ​ဥပဒေတွေက ​မကြာသေးခင်ကပဲ ​လွှတ်တော်မှာ ​အတည်ပြုမှု ​ရရှိတဲ့အတွက် ​ဘုန်းတော်ကြီး ​ဦးဝီရသူက ​ပျော်ရွှင်နေသလို ​အောင်ပွဲခံဖို့ ​စီစဉ်နေတယ်လို့လည်း ​အေအက်ဖ်ပီ ​သတင်းမှာ ​ရေးသားထားပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ​အမျိုးသမီး ​အဖွဲ့တွေကတော့ ​အဲဒီ ​ဥပဒေက ​အခွင့်အရေးချိုးဖောက်ရာ ​ရောက်တယ်လို့ ​ဝေဖန်နေကြပါတယ်။

ဦးဝီရသူကတော့ ​အိပ်ချိန် ​သိပ်မရပဲ ​တချိန်လုံး ​ဖေ့စ်ဘွတ်ပေါ်မှာပဲ ​မွတ်စလင် ​အကြမ်းဖက်အဖွဲ့တွေရဲ့ ​ရက်စက်တဲ့ ​လုပ်ရပ်တွေကို ​ထိုင်ကြည့်ပြီး ​ပြန်လည်မျှဝေ ​တာတွေလုပ်ပြီး ​ဗုဒ္ဓဘာသာက ​ခြိမ်းခြောက်မှု ​ခံနေရပြီလို့ ​ဖေ့စ်ဘွတ်ပေါ်မှာ ​ရေးလေ့ရှိတယ်လို့ ​ဆိုပါတယ်။

သမ္မတလို ​မိသားစုနဲ့ ​ထမင်းစားချိန် ​မရသလို၊ ​ဒေါ်အောင်ဆန်းစုကြည်လို ​မိတ်ကပ်လိမ်းဖို့ ​အချိန်တောင်မရပဲ ​မအိပ်မနေ ​အလုပ်လုပ်ရတာလို့ ​ဦးဝီရသူက ​မိန့်ခဲ့ပါတယ်။

အခုလောလောဆယ် ​မွတ်စလင် ​မုန်းတီးရေး ​လှုပ်ရှားမှုတွေ ​များတဲ့အတွက် ​NLD ​ပါတီမှာရော ​ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှာပါ ​မွတ်စလင်ဘာသာ ​ကိုယ်စားလှယ်လောင်း ​ရှားပါးနေပါတယ်။

NLD ​ကို ​တောက်လျှောက် ​ထောက်ခံလာတဲ့ ​မွတ်စလင်တွေကလည်း ​သူတို့ ​မဲပေးနိုင်မယ့် ​NLD ​ကိုယ်စားလှယ်လောင်း ​မရှိသလို ​ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ​လွှတ်တော်အမတ်အဖြစ် ​တာဝန်ထမ်းဆောင်တဲ့ ​မွတ်စလင်တွေကတောင် ​ဒီရွေးကောက်ပွဲမှာ ​ဝင်ရောက်အရွေးခံခွင့် ​မရှိတော့ပါဘူး။

ကြံ့ခိုင်ရေးပါတီက ​လွှတ်တော်အမတ် ​ဦးရွှေမောင်ရဲ့ ​မိဘတွေက ​မြန်မာနိုင်ငံသားတွေ ​မဟုတ်တဲ့အတွက် ​အမတ်လောင်း ​စာရင်းကနေ ​ပယ်ချတာလို့ ​ရွေးကောက်ပွဲ ​ကော်မရှင်က ​ပြောခဲ့ပေမယ့် ​ဦးရွှေမောင်ကတော့ ​သူ့ရဲ့ ​ဖခင်ဟာ ​ရဲအရာရှိတစ်ယောက်တောင် ​ဖြစ်ခဲ့တယ်လို့ ​ပြောပါတယ်။

မြန်မာနိုင်ငံသား ​ဖြစ်ကြောင်းကို ​ဘယ်နှစ်ကြိမ် ​ဘယ်နှစ်ခါ ​သက်သေပြရမလဲ၊ ​ဒီလို ​၂၀၁၅ ​ခုနှစ် ​၂၁ ​ရာစုနဲ့ ​ဒီမိုကရေစီဆီကို ​ဦးတည်နေတဲ့ ​အချိန်မှာတောင် ​အခုလို ​ဖြစ်နေရင် ​ရွေးကောက်ပွဲက ​တရားမျှတပြီး ​လွတ်လပ်တဲ့ ​ရွေးကောက်ပွဲ ​မဖြစ်နိုင်ဘူးလို့လည်း ​ပြောလိုက်ပါတယ်။

ရိုဟင်ဂျာ ​မုန်းတီးမှုကနေ ​မြန်မာနိုင်ငံမှာ ​နေထိုင်တဲ့ ​မွတ်စလင်တွေအားလုံးပါ ​ခံနေရပြီး ​အခုဆိုရင် ​ကာလအဆက်ဆက်က ​မဲပေးခွင့်ရခဲ့တဲ့ ​white ​card ​ယာယီသက်သေခံ ​လက်မှတ် ​ကိုင်ဆောင်သူတွေ ​မဲပေးခွင့်မရတော့သလို ​မွတ်စလင်တွေ ​မဲပေးလိုတဲ့ ​ကိုယ်စားလှယ်တွေ ​မရှိတဲ့အတွက် ​မဲပေးခွင့်ရတဲ့လူတွေက ​မဲပေးကြမှာ ​မဟုတ်ဘူးလို့လည်း ​ဦးရွှေမောင်က ​ပြောဆိုခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
မျိုးစောင့်ဥပဒေပြောင်းတဲ့ အစိုးရတိုင်းကို ဖြုတ်ချမယ်   မျိုးစောင့်ဥပဒေပြောင်းတဲ့ အစိုးရတိုင်းကို ဖြုတ်ချမယ် Reviewed by THITHTOOLWIN on 18:12 Rating: 5
Powered by Blogger.