ခိုလှုံသူလှေမှောက် ၃၄ သေ၊ ဂျာမနီ နယ်စပ်တင်းကြပ်

အသက်ဘေးကင်းစွာ ကူးခတ်လာတဲ့ ခိုလှုံခွင့်တောင်းလိုသူများ (Credit: Reuters)
တူရကီနဲ့ ​ဂရိနိုင်ငံအကြားမှာရှိတဲ့ ​Aegean ​ပင်လယ်မှာ ​ခိုလှုံခွင့်တောင်းလိုသူ ​တင်ဆောင်တဲ့ ​လှေတစ်စီး ​နစ်မြုပ်ရာက ​အနည်းဆုံး ​လူ ​၃၄ ​ယောက် ​ရေနစ်နေရပါတယ်။

သေဆုံးသူ ​၃၄ ​ယောက်ထဲက ​တစ်ဝက်လောက်ဟာ ​ကလေးငယ်တွေ ​ဖြစ်ကြပြီး ​လူပေါင်း ​၃၀ ​ကတော့ ​အနီးနားက ​ကျွန်းအထိ ​ရေကူးနိုင်ခဲ့ကြပါတယ်။

၆၈ ​ရောက်ကိုတော့ ​ကမ်းခြေစောင့်တပ်တွေက ​ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သစ်သားနဲ့ ​ပြုလုပ်ထားတဲ့ ​လှေပေါ်မှာ ​လူပေါင်း ​၁၀၀ ​ကျော် ​တင်ဆောင်လာတာ ​ဖြစ်ပါတယ်။

ခိုလှုံခွင့် ​တောင်းလိုသူ ​ထောင်သောင်းနဲ့ချီဟာ ​ဒီနှစ်အတွင်း ​ဂရိနိုင်ငံထဲ ​ဝင်လာနေကြတာ ​ဖြစ်ပါတယ်။ ​အဲဒီအထဲမှာ ​ဆီးရီးယား ​နိုင်ငံသား ​အများဆုံးပါဝင်ပြီး ​ဂရိကနေတဆင့် ​မြောက်ပိုင်းမှာရှိတဲ့ ​ဂျာမနီ ​လိုနိုင်ငံကို ​သွားရောက်ဖို့ ​ကြိုးစားနေကြတာ ​ဖြစ်ပါတယ်။


ဂျာမနီက ​နယ်စပ်တင်းကြပ်ထား

ခိုလှုံခွင့် ​တောင်းလိုသူတွေ ​ဝင်ရောက်လာမှုကို ​လျှော့ချနိုင်ဖို့အတွက် ​နယ်စပ်ဂိတ်တွေကို ​ခေတ္တ ​ပိတ်ချထားမယ်လို့ ​ဂျာမနီအစိုးရက ​ကြေညာလိုက်ပါတယ်။

ဒါ့အပြင် ​သြစတီးယားနိုင်ငံကနေ ​ဂျာမနီကို ​ပြေးဆွဲတဲ့ ​ရထားခရီးစဉ်တွေကိုလည်း ​ရပ်တန့်လိုက်ပြီ ​ဖြစ်ပါတယ်။

ဂျာမနီအနေနဲ့ ​တတ်နိုင်သလောက် ​လုပ်ဆောင်ပြီဆိုတဲ့အကြောင်း ​အီးယူအဖွဲ့ဝင်ကို ​အသိပေးလိုတဲ့အပြင် ​ဒုက္ခသည်တွေ ​သေဆုံးမှု ​ထပ်မဖြစ်ရအောင် ​အခုလို ​နယ်စပ်ဒေသကို ​ပိတ်ချတာ ​ဖြစ်တယ်လို့ ​ပြည်ထဲရေးဝန်ကြီး ​Thomas ​De ​Maiziere ​က ​ပြောပါတယ်။

ဂျာမနီအနေနဲ့ ​လှိုက်လှိုက်လှဲလှဲကို ​ကူညီတယ်ဆိုတာကို ​ပြသခဲ့တဲ့အကြောင်း ​ဒီထက်ပိုပြီး ​လုပ်ဆောင်လို့ ​မရတော့တဲ့အကြောင်း ​ပြောပါတယ်။

ဥရောပတိုက်က ​တခြားနိုင်ငံကို ​အသိပေးလိုတာကတော့ ​ဂျာမနီအနေနဲ့ ​လုပ်သင့်တဲ့ ​လူသားခြင်း ​စာနာမှု ​တာဝန်ကို ​လုပ်ခဲ့ပြီဆိုတာကို ​ပြသလိုပြီး ​များပြားလှတဲ့ ​ဒုက္ခသည်တွေကို ​တခြားနိုင်ငံတွေကလည်း ​လက်ခံခေါ်ယူသင့်တယ်လို့ ​ပြောသွားတာ ​ဖြစ်ပါတယ်။

ဟန်ဂေရီနိုင်ငံကလည်း ​ဆားဗီးယားနဲ့ ​ထိစပ်နေတဲ့ ​နယ်စပ်တလျှောက်လုံးကို ​ပိတ်ချနိုင်တယ်လို့ ​ပြောဆိုနေပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ခိုလှုံသူလှေမှောက် ၃၄ သေ၊ ဂျာမနီ နယ်စပ်တင်းကြပ်  ခိုလှုံသူလှေမှောက် ၃၄ သေ၊ ဂျာမနီ နယ်စပ်တင်းကြပ် Reviewed by THITHTOOLWIN on 17:52 Rating: 5
Powered by Blogger.