စက်ဘီးအနောက်မှ လိုက်ပါစီးလာသည့် အသက် (၃)နှစ်ရှိ ကလေးငယ်တစ်ဦး ကားကြိတ်မိရာမှ ပွဲချင်းပြီး သေဆုံး

ဓါတ်ပုံ။  ။ တာချီလိတ်နာရေးကူညီမှုအသင်း
တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက် ( ပါလျှံ(၃) ) ရွှေနဂါး(၈၈)စားသောက်ဆိုင်ရှေ့ ဗိုလ်ချုပ်လမ်းမပေါ်တွင် ယနေ့ စက်တင်ဘာလ(၁၅)ရက်နေ့ ညနေ(၃)နာရီကျော်က အသက်(၃)နှစ်ရှိ ကလေးငယ်တစ်ဦး  ကားကြိတ်မိပြီး အခင်းဖြစ်သည့် နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပါလျှံ(၃)ဈေး လမ်းဆုံဘက်မှ အာခါဈေးလမ်းဆုံဘက်သို့ မိခင်ဖြစ်သူ မစန်းစန်းခိုင်သည် ၎င်း စီးနင်းနေသည့် စက်ဘီး၏ အနောက်တွင် ၎င်း၏ သမီးဖြစ်သူ အသက်(၃)နှစ်ရှိ မစုပြည့်လင်းအား တင်ဆောင်ကာ လမ်းဝဲဘက်မှ ကပ်၍ စီးနင်းလာစဉ် အခင်းဖြစ်သည့် နေရာအရောက်မှာ မျက်နှာချင်းဆိုင်ဘက်မှ အသက်(၂၃)နှစ်ရှိ နေရဲအောင် မောင်နှင်လာသော မောင်တော်ကားနှင့် တိုက်မိမည်ကို စိုးရိမ်၍ လမ်းဝဲဘက်သို့ ကပ်ပြီး ရှောင်တိမ်းလိုက်စဉ်မှာ သားအမိနှစ်ယောက် စီးနင်းလာသော စက်ဘီးသည် လဲကျသွားခဲ့ပြီး စက်ဘီးနောက်တွင် လိုက်ပါ စီးလာသည့် သမီးဖြစ်သူ မစုပြည့်လင်းမှာ ဗိုလ်ချုပ် လမ်းမပေါ်သို့ ပြုတ်ကျသွားရာမှ နေရဲအောင် မောင်းနှင်လာသည့် ယာဉ်၏ နောက်ယာဘက် ဘီးဖြင့် ဦးခေါင်းအား နင်းကြိတ်မိသည့် အတွက် အဆိုပါ နေရာ၌ပင် ကလေးငယ်မှာ ပွဲချင်းပြီး သေဆုံးသွားတာဖြစ်ကြောင်း တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။

အခင်းဖြစ်ပွားရာ နေရာသို့ တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သွားရောက် စစ်ဆေးပြီး ဦးခေါင်းပိန်ချိုင့်ပြီး နှာခေါင်းသွေးထွက် ဒဏ်ရာဖြင့် သေဆုံးသွားသည့် ကလေးငယ်၏ ရုပ်အလောင်းအား တာချီလိတ်နာရေးကူညီမှုအသင်းမှ မော်တော်ယာဉ်ဖြင့် တာချီလိတ်ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးပြီး ထိုမှတဆင့် အလောင်းအား မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်တွင် ထားရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းသူ နေရဲအောင်အား တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ)၄၀/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄ - က အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

Tachileik News Agency
http://www.tachileik.net/2015/09/YTM.html
စက်ဘီးအနောက်မှ လိုက်ပါစီးလာသည့် အသက် (၃)နှစ်ရှိ ကလေးငယ်တစ်ဦး ကားကြိတ်မိရာမှ ပွဲချင်းပြီး သေဆုံး  စက်ဘီးအနောက်မှ လိုက်ပါစီးလာသည့် အသက် (၃)နှစ်ရှိ ကလေးငယ်တစ်ဦး ကားကြိတ်မိရာမှ ပွဲချင်းပြီး သေဆုံး Reviewed by THITHTOOLWIN on 18:39 Rating: 5
Powered by Blogger.