သမ္မတဦးသိန်းစိန် အစိုးရ မူဝါဒ အမှား၏ ဘေးထွက် ဆိုးကျိုးများ


 စစ်တုရင်ကစားသောအခါ ဘုရင်၊ ဘုရင်မ စသည့်အရုပ်များမှာ တရုတ်စီသာရှိပြီး နယ်ရုပ်ကလေးတွေကတော့ အများအပြားရှိကြသည်။ ဘုရင်သည် ရှေ့နောက်ဝဲယာ၊ ဒေါင်လိုက်(ရှေ့ဘယ်)၊ ဒေါင်လိုက်(ရှေ့ညာ)၊ ဒေါင် လိုက်(နောက်ဘယ်)၊ ဒေါင်လိုက်(နောက်ညာ) စသည်ဖြင့် မိမိအနီးအပါးအကွက်ရှစ်ကွက်ထဲမှ ကြိုက်ရာကို ရွှေ့နိုင်သည်။ ရထားသည်လည်း တည့်တည့်ဘေးတိုက်ကြိုက်သလို လမ်းရှိသရွေ့သွားနိုင်သည်။ ဘုရင်မသည် လမ်းရှိသမျှ ကြိုက်သလိုရွှေ့လို့ရသည်။ မြင်းသည် ခုန်စရာရှစ်နေရာ ရှိသည်။ သို့သော် နယ်ရုပ်ကလေးများ သည် တခါရွှေ့လျှင် တက်စရာတကွက်ပဲရှိသည်။ တခါတရံ ဘုရင်ကြီးကို အကာအကွယ်ပေးလိုသဖြင့် ထိုးကျွေးခံရသည်များလည်းရှိသည်။ အကြောင်းမည်မည်ရရမရှိဘဲ အစားခံရတာလည်း ရှိသည်။ ကျွန်တော် သည် ငယ်စဉ်ကပင် စစ်တုရင်ကစားလျှင် နယ်ရုပ်တော့မည်သည့်အခါမျှမဖြစ်လို။ ရုပ်ရှင်များကြည့်ရာတွင် ရှေးခေတ်စစ်ပွဲများတွင် တွေ့ရတတ်သော နှစ်ဖက်စစ်တပ်ကြီး အလုံးအရင်းနှင့် စစ်တိုက်ကြသည့်အခါ ဘာကြောင့်၊ ဘာ့အတွက်မှန်း ကိုယ်တိုင်သေသေချာချာမသိဘဲ ခုတ်ကြထစ်ကြ၊ ထိုးကြနှက်ကြ၊ အသေခံကြရ၊ တယောက်ကိုတယောက် လက်တွေ့သတ်ကြဖြတ်ကြရသော ရိုးရိုးတပ်သားကလေး မဖြစ်လို။ တိုက်ပွဲတပွဲကို ဦးစီးကွပ်ကဲသောသူသာ ဖြစ်လိုသည်မှာ ကျွန်တော်၏ စိတ်ကူးဆန္ဒဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် Helen of Troy လို ရုပ်ရှင်ထဲတွင် ထရွိုင်နှင့်စပါတာ နှစ်ဖက်စစ်တပ်ကြီး ရင်ဆိုင်တိုက်ခိုက်ကြသောအခါတွင် ဘုမသိ ဘမသိ တိုက်ကြခိုက်ကြရင်း ကျဆုံးသွားသော အညတရစစ်သည်များကို သနားသောကြောင့် ဖြစ်သည်။ ဘုရင် နှစ်ပါး အာဏာလွန်ဆွဲရာ၊ အာဏာရူးထရာ မယားလုရာတွင် အောက်ခြေစစ်သားများမှာ မဆီမဆိုင် ဘုမသိ ဘမသိ သေကြရရှာသောအဖြစ်ကို စက်ဆုပ်ရွံရှာသောကြောင့် ဖြစ်သည်။ အရာရာတွင် နယ်ရုပ်ကလေးများ သည် ရှေ့မှ အသေခံကြရ၍ ဘာအတွက် မိမိအသက်စွန့်လိုက်ရမှန်းပင် ရေရေရာရာမရှိလှသောကြောင့် ဖြစ်သည်။

နိဒါန်းချီသည်မှာ ရှည်သွားပေ၏။ ပြောလိုရင်းအကြောင်းမှာ အေသင်လည်း မဟုတ်၊ စပါတာလည်း မဟုတ်၊ ထရွိုင်လည်းမဟုတ်၊ ရောမ လည်းမဟုတ်၊ ခေါမလည်းမဟုတ်၊ မြန်မာနိုင်ငံဖြစ်ပေ၏။ မြန်မာနိုင်ငံတွင် ယခု လအတွင်း ရဲတပ်ဖွဲ့ဝင်များ ကပ်သင့်နေ၏။ ဆွမ်းခံရင်းငှက်သင့်နေ၏။ ဂြိုဟ်စီးဂြိုဟ်နင်းညံ့နေ၏။ ပါပဂြိုဟ်ထဲ သို့ရောက်နေ၏။ အင်းစိန်တွင် အမှုလိုက်ရဲအရာရှိ (ရဲတပ်ကြပ်ချစ်ကိုကိုမောင်)ဆိုသူကို အရပ်သား လူမိုက် နှစ်ဦးက လက်ဖက်ရည်ဆိုင်ထဲအထိ ဓားဖြင့်ဝင်ခုတ်၊ စကေဘာဖြင့် ထိုးသဖြင့် အသက်သေဆုံးခဲ့ရပေ၏။ ကသာမြို့တွင် နယ်ထိန်းရဲတပ်ကြပ်ကြီးတဦး(ရဲတပ်ကြပ်ကြီးသန်းအောင်) အိပ်ပျော်နေစဉ် မျက်နှာဖုံးစွပ်လူ တဦးက ဓားဖြင့်ထိုးပြီး ထွက်ပြေးသွား၏။ သန်လျင်တွင် တရားခံပြေးတဦးကို သွားရောက်ဖမ်းဆီးသော ရဲတပ် ဖွဲ့ဝင်နှစ်ဦး (ရဲအုပ်အောင်နိုင်နှင့်ရဲတပ်ကြပ်သူရလွင်) တရားခံပြေးတင်မြင့်ဆိုသူက ဓားဖြင့်ပြန်လည် တိုက်ခိုက် ခံရသည့်အတွက် အသက်ဆုံးရှုံးခဲ့ရပေ၏။ အခြား လူမသိသူမသိ မှုခင်းများလည်း မရေတွက်နိုင်အောင် ရှိပေသည်။ ထိုအရာများ ဖြစ်လာသောအခါမှ အထက်က ဖုတ်ပူမီးတိုက် တရားခံအား လိုက်လံဖမ်းဆီးခြင်း၊ အသုဘချရာသို့ ဒုဝန်ကြီး၊ ရဲချုပ်များလိုက်ပါပို့ဆောင်ခြင်း၊ အလှူငွေသိန်းရာနှင့်ချီကာ ကောက်ခံပေးအပ်ခြင်း စသည်တို့ကိုပြုမူနေခြင်းထက် ထိုအရာများသည် အဘယ်ကြောင့်ဖြစ်ရသည်၊ မဖြစ်အောင် မည်သို့ကြိုတင် ဆောင်ရွက်လျှင် ရသည်ဆိုသည်များကို အစိုးရဘက်က ထုတ်ပြန်လုပ်ဆောင်မှုအားနည်းနေတာ တွေ့ရလေ သည်။

ရဲတပ်ဖွဲ့ဝင်များကို ဒုစရိုက်သမားများက မကြောက်ရွံတော့ဘဲ ပြန်လည်တိုက်ခိုက်မှုများဖြစ်လာခြင်းတွင် အကြောင်းများစွာရှိ၏။ သိသာ ထင်ရှားသော ပထမအကြောင်းမှာ သမ္မတဦးသိန်းစိန်သည် ရာဇ၀တ်အကျဉ်း သားများ လွှတ်ခြင်းဖမ်းခြင်းတို့ကို နိုင်ငံရေးကစားကွက်တခုအဖြစ် မှတ်ယူအသုံးချခဲ့မှုများ ဖြစ်သည်။ သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂ၊ အာဆီယံထိပ်သီးအစည်းအဝေး၊ အမေရိကန်ပြည်ထောင်စု စသော နိုင်ငံများသို့ သွားရောက်ရန် ခရီးစဉ်ရှိလာတိုင်း နိုင်ငံတကာတွင် လူမြင်ကောင်းစေရန် အကျဉ်းသားများ လွှတ်ပေးလေ့ရှိ သည်။ နိုင်ငံတကာမှ ကမ္ဘာ့ခေါင်းဆောင်များ (ဥပမာ အိုဘားမား)မြန်မာနိုင်ငံသို့လာလျှင်လည်း ကြိုတင်ကာ အကျဉ်းသားများလွှတ်ပေးခြင်းဖြင့် အမှတ်ယူလေ့ရှိသည်။ ထိုသို့လွှတ်ပေးရာတွင် စိတ်ရင်းစေတနာမှန်ဖြင့် လွှတ်ပေးခြင်းမဟုတ်ဘဲ ရုပ်ပြကောင်းစေရန် ဟန်ပြသက်သက်သာ လွှတ်ပေးခြင်းဖြစ်သဖြင့် ပြည်တွင်းပြည်ပမှ တောင်းဆိုနေသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းမရှိဘဲ ခိုးဆိုးနှိုက်၊ လူသတ်၊ မုဒိမ်း၊ လူလိမ် ရာဇ၀တ်အကျဉ်းသားများကိုသာ ထောင်နှင့်ချီ၍ အကြိမ်ကြိမ်လွှတ်ပေးခဲ့သည်။ ထိုအထဲတွင်မှ နိုင်ငံရေးသမား လေးငါးဆယ်ဦးကိုရောညှပ်၍ စတိသဘော လွှတ်ပေးလေ့ရှိသည်။ နိုင်ငံတကာသို့မူ ပြစ်ဒဏ်ကျအကျဉ်းသား မည်ရွေ့မည်မျှ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီဖြစ်ကြောင်း (အရေအတွက်ကို ရှေ့တန်းတင်၍) ကြေညာလေ့ ရှိသည်။ နိုင်ငံရေးသမားလွှတ်ပေးတာက တယောက်ဆိုလျှင် ဒုစရိုက်သမားလွှတ်ပေးတာ အယောက် ၂၀၀ နှုန်း ရှိနေပေသည်။ လွတ်ငြိမ်းချမ်းသာခွင့်ပေးသောသတင်းကို အင်းစိန်ထောင်ရှေ့တွင် သတင်းလာယူသော ဂျာနယ်တိုက်တခုမှ သတင်းထောက်မလေးတဦးဆိုလျှင် လွတ်လာသော ခိုးဆိုးနှိုက်တဦးက ထောင်ဘူးဝမှာပင် လွတ်လာလာခြင်း လက်စွမ်းပြသွားသောကြောင့် သူမ၏ ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံလိုက်ရတာလည်း ရှိလေ သည်။ ထောင်ကထွက်လာလာချင်း ဆိုင်ကယ်ခိုးမှုကျူးလွန်သဖြင့် ရဲတပ်ဖွဲ့မှ ပြန်လည်ဖမ်းဆီးမိပြီး တရားရုံးသို့ ဖမ်းဆီးတရားစွဲဆိုရသည်လည်းရှိ၏။ ကျွန်တော်သည် မူးယစ်ဆေးဝါးမှုဖြင့် အမှုရင်ဆိုင်နေရသော ငယ်သူငယ် ချင်းတယောက်အမှု ရုံးထုတ်တိုင်း တာမွေမြို့နယ်တရားရုံးအချုပ်စခန်းသို့ သွားရောက်တွေ့ဆုံခဲ့ရာ အချုပ်ခန်း ထဲမှ တရားခံတော်တော်များများသည် ထောင်ကျလျှင်လည်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မကြာမီ ပြန်လည်လွတ် မြောက်လာဦးမည်ဟု ယုံကြည်ကြကြောင်းအချုပ်ခန်းထဲတွင် ပြောဆိုနေကြတာ ကြားရပေသည်။ ဤသည်မှာ မိမိ၏နိုင်ငံရေးအကျိုးအမြတ်အတွက် လူဆိုးသူခိုးများအား လွှတ်ပေးခဲ့သော မူဝါဒအမှားပေတည်း။ ထိုမူဝါဒ အမှားကြောင့် ထောင်မကျသေးသူကလည်း ထောင်ကျမှာ မကြောက်တော့ခြင်း၊ ထောင်ကျပြီးသားလူဆိုးများ လည်း နှစ်မစေ့ခင် အပြင်လောကသို့ ရောက်လာကာ လူကောင်းများအား ဒုက္ခပေးခြင်းဟူသော ဆိုးကျိုးနှစ် သွယ်ကို ဖြစ်ပေါ်စေပါသည်။ ယခု အသက်ဆုံးရှုံးခဲ့ရသော ရဲတပ်ဖွဲ့ဝင်များမှာ သမ္မတဦးသိန်းစိန်၏ မူဝါဒအမှား အတွက် ပေးဆပ်လိုက်ရသော အသက်များဖြစ်သည်။ ရေခဲတောင်ကြီးတခုလုံး၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းမှာ ရေထဲတွင်နစ်နေပြီး ၁ ရာခိုင် နှုန်းသာ ရေပေါ်တွင် ပေါ်နေဘိသကဲ့သို့ ယခုရဲတပ်ဖွဲ့ဝင်များ အသတ်ခံရ၊ ဓားထိုး ခံကြရခြင်းမှာလည်း မူဝါဒအမှား ဘေးထွက်ဆိုးကျိုး ရေခဲတောင်ကြီး၏ ရေပေါ်,ပေါ်နေသော ၁ ရာခိုင်နှုန်းမျှသာ ရှိပါဦးမည်။ ကျွန်တော်တို့ မသိနိုင်သော၊ မသိလိုက်သော ဘေးထွက်ဆိုးကျိုးများစွာ ကျန်ပါသေး၏။

ရဲများအသက်ဆုံးရှုံးရသော ဒုတိယမူဝါဒအမှားမှာ ရဲတပ်ဖွဲ့ဝင်များအား ခေတ်မီလက်နက်များ တပ်ဆင်မပေးခဲ့မှု ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ရိုးရိုးရဲတပ်သားဟူ၍မရှိ၊ အားလုံးအရာရှိများဖြစ်ကြပြီး ရဲအရာရှိတိုင်း သည် တာဝန်ချိန်မှန်သမျှ ခြောက်လုံးပြူးသေနတ်ကို ခါးကြားတွင် စမတ်ကျကျချိတ်ဆွဲထားပိုင်ခွင့်ရှိ၏။ အန္တရာယ်ရှိသော တရားခံများ သွားရောက်ဖမ်းဆီးရာတွင် ခုခံပါက ဥပဒေနှင့်အညီ ပစ်ခတ်ဖမ်းဆီးပိုင်ခွင့် ရှိ၏။ မြို့ကြီးများရှိ ရဲအားလုံးသည် ပတ္တရောင်လှည့်ရာ တရားခံဖမ်းရာတွင် ရဲနှစ်ယောက်လျှင် ဆလွန်းကားတစီး အသုံးပြုခွင့် ပေးထား၏။ ရဲတိုင်းတွင် သေနတ်၊ နံပါတ်တုတ်။ လက်ထိပ်၊ လမ်းလျှောက် စကားပြောစက် (ဝေါ်ကီတော်ကီ) အစုံအလင်ပါဝင်၏။ အန္တရာယ်ဖြစ်လျှင် ဌာနချုပ်စခန်းသို့ ချက်ချင်းစစ်ကူတောင်း၍ရသည်။ ရဲစခန်းသည်ပတ္တရောင်လှည့်နေသော ရဲအားလုံးနှင့်ရေဒီယို (စကားပြောစက်) အဆက်အသွယ်ရှိ၏။ မြန်မာ နိုင်ငံတွင် ရဲများသည် စက်ဘီးနှင့် ပတ္တရောင်လှည့်ရ၏။ ခါးကြားတွင်လေးခွကို ချိတ်ထားရ၏။ လက်ထိပ်ရှိသူ ကရှိ၍ နိုင်လွန်ကြိုးကိုလက်ထိပ်သဖွယ် ကိုင်သူကကိုင်ရ၏။ အချို့က စက်ဘီးပင်မရှိသဖြင့် ခြေကျင်ပတ္တရောင် လှည့်ရ၏။ သေနတ်မပြောနှင့် နံပါတ်တုတ်ပင် မပါသောရဲမှာများလှသည်။ လူဆိုးနှင့်တွေ့လျှင် စခန်းသို့ ဆက်သွယ်ရန်မှာ ကိုယ့်ဖုန်းနှင့်ကိုယ်ပြောကြရ၏။ စခန်းမှာလည်း လူပိုမရှိတာများသဖြင့် လာမကူနိုင်တာများ သည်။ ထိုသို့သော ရဲများကို မည်သည့်ရာဇ၀တ်သား လူသတ်သမားများက ကြောက်မည်နည်း။ ပြန်၍ ထိုးကြ နှက်ကြ ထိုးကြခုတ်ကြသည်မှာ မဆန်းလှပေ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ကို တိုက်ရိုက် အုပ်ချုပ်ကွပ်ကဲရလေရာ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကာကွယ်ရေးဝန်ကြီး လက်အောက်ခံတပ်မတော်လောက် အာရုံဝင်စားပုံမရချေ။ နိုင်ငံတော်တွင်တပ်မတော်သာ လက်နက်ကိုင် ဆောင်ထားချင်ပြီး ရဲတပ်ဖွဲ့ဝင်များကို ခေတ်မီလက်နက်တပ်ဆင်ပေးချင်သော ဆန္ဒနှင့် စိတ်အားထက်သန်မှု နည်းပါးလှသည်။ ထိုအချက်ကိုကာကွယ်ရေးဝန်ကြီးဌာန အတွက်သုံးသောဘတ်ဂျက်နှင့် ပြည်ထဲရေးဝန်ကြီး ဌာနအတွက်သုံးသော ဘတ်ဂျတ်တို့ ဆင်နှင့် ဆိတ်လောက်ကွာခြားနေမှုကို ကြည့်လျှင်သိနိုင်သည်။ အခြား နိုင်ငံများတွင် ရဲတပ်ဖွဲ့ဝင်အားလုံး ခြောက်လုံးပြူး၊ ပစ္စတို စသော ခေတ်မီလက်နက်များစမတ်ကျကျကိုင်ဆောင် တာဝန်ထမ်းဆောင်နေချိန်တွင် မြန်မာနိုင်ငံရဲတို့မှာ လောက်လေးခွနှင့် ဒုတိယကမ္ဘာ စစ်လက်ကျန်ရိုင်ဖယ် သေနတ်များကိုသာ သုံးနေရဆဲဖြစ်သည် (လက်ပံတောင်းတောင်စသော အဓိကရုဏ်းများတွင် ခေတ်မီ လက်နက်များ ခေတ္တထွက်ပေါ်လာခြင်းမှာ ခြွင်းချက်ဖြစ်သည်)။ ရဲတပ်ဖွဲ့ဝင်တို့၏အသက်ကို ကယ်ချင်လျှင် ရဲတပ်ဖွဲ့အတွက် ပိုက်ဆံပိုသုံးရမည်။ လက်နက်တပ်ဆင် ပေးရပါမည်။ တပ်မတော်မှလွဲ၍ အခြားတပ်ဖွဲ့များ ခေတ်မီလက်နက်မသုံးစေချင်သော စိတ်ဆန္ဒကိုပြောင်းရပါမည်။ ထိုသို့ Mind Set များ မပြောင်းပါက မည်သည့်အခါမှ ရဲတပ်ဖွဲ့သည် လူရိုသေရှင်ရိုသေဖြစ်လာမည် မဟုတ်ပေ။

လက်နက်နှင့်ယူနီဖောင်း Equipment များပြည့်စုံပါက နောက်ထပ် ပြောင်းရမည်မှာ ရဲတပ်ဖွဲ့ဝင်များ၏ စိတ်နေစိတ်ထားပင်ဖြစ်သည်။ နိုင်ငံတော်သည် ရဲတပ်ဖွဲ့ဝင်များ၏လခနှင့် ရိက္ခာခံစားခွင့်ကို မိသားစုစားဝတ် နေရေးဖူလုံသည့်အနေအထားသို့ ထောက်ပံ့ချီးမြှင့်ပေးရမည်။ ရဲတပ်ဖွဲ့ဝင်များသည် တရားမ၀င်ငွေရလမ်းများ ဖြစ်သော လောင်းကစားဒိုင်များမှ လိုင်းကြေးတောင်းခြင်း၊ ဒုစရိုက်လုပ်ငန်းအချို့ကို မသိချင်ယောင်ဆောင်ရာမှ လိုင်းကြေးကောက်ခံခြင်း၊ အချုပ်သားများထံမှ လာဘ်ငွေတောင်းခြင်း၊ အာမခံပေးရန်ငွေတောင်းခြင်း၊ အထက် မှခိုင်းလျှင် ဥပဒေနှင့်ညီမညီ မဆန်းစစ်ဘဲ လက်ခံဆောင်ရွက်ခြင်း၊ ဥပဒေနှင့်မညီသော ဖမ်းဆီးမှုများလုပ်ခြင်း တို့ကို ကျူးလွန်နေသမျှ ဒုစရိုက်သမားနှင့် ပြည်သူလူထုက ကြည်ညိုလေးစားမည်မဟုတ်။ ဒုစရိုက်သမားများ သည် သူတို့နှင့် စားဖော်စားဖက်သဖွယ်ရဲတပ်ဖွဲ့ဝင်များကို သဘောထားလာပါက မည်သို့မှလေးစားကြောက်ရွံ့ တော့မည်မဟုတ်ချေ။ ထို့ကြောင့် နိုင်ငံတော်၏ ပေါ်လစီသည် လက်နက်ကိုင်တပ်ဖွဲ့ချင်းအတူတူ တပ်မတော် အား အလွန်အကျွံအားပေးထောက်ပံ့သလို ရဲတပ်ဖွဲ့ခေတ်မီရေးအတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်များဆောင် ရွက်ကြဖို့လိုသည်။ ရဲတပ်ဖွဲ့ဝင်များကလည်း ပြည်သူလူထုကို ကျေးဇူးရှင်သဖွယ်သဘောထားကာ ၀န်ဆောင်မှု ပေးနိုင်ရပါမည်။ လူမြင်မြင်ရာ တရားခံဟု ထင်မြင်နေတတ်သောစိတ်များ ဖျောက်ကြရမည် ဖြစ်သည်။

ကမ္ဘာပေါ်တွင် လူဦးရေနှင့် ရဲတပ်ဖွဲ့ဝင်အင်အားကို အချိုးချကြည့်မည်ဆိုလျှင် ပျမ်းမျှခြင်းအားဖြင့် လူ ၄၀၀ လျှင် ရဲတယောက်နှုန်း အသုံးပြုကြပေသည်။ မြန်မာနိုင်ငံတွင်တော့ လောလောဆယ်အနေအထားအရ လူ ၁၂၀၀ တွင် ရဲတယောက်နှုန်းသာ အသုံးပြုနေရာ ရဲတပ်ဖွဲ့သည် မနိုင်ဝန်ကိုထမ်းနေရသလိုရှိပေသည်။ ထိုအထဲတွင် ရဲတပ်ဖွဲ့၏ အဓိကလုပ်ငန်းနှင့်မသက်ဆိုင်သော လူကြီးလမ်းကြောင်းလိုက်ရခြင်း၊ နိုင်ငံရေးသမားများကို ထောက်လှမ်းဖမ်းဆီးရခြင်း၊ ကျောင်းသားများအား နှိမ်နင်းရခြင်း စသည့်ကိစ္စများကိုလည်း ဆောင်ရွက်ရသေး၏။

အကယ်၍သာ ပုဒ်မအမျိုးမျိုးတပ်ကာ မတရားဖမ်းဆီး ထိန်းသိမ်းခံနေရသော နိုင်ငံရေးသမားများ၊ ကျောင်းသား လူငယ်များကိုသာ သမ္မတကြီးသည် လွတ်ငြိမ်းချမ်းသာခွင့်ကိုပေးခဲ့ပါမူ တချက်ခုတ်သုံးချက်ပြတ် အစိုးရမှာ အကျိုးရှိပေမည်။ ပထမအချက်မှာ နိုင်ငံတကာနှင့်ပြည်တွင်း နိုင်ငံရေးအင်အားစုများ၏ ချီးမွမ်းယုံကြည်မှုကို ရပေမည်။ ဒုတိယအချက်အနေနှင့် လွတ်လာသောကျောင်းသားများနိုင်ငံရေး အကျဉ်းသားများ၏ အပြုသဘော ဆောင်သော အဖိုးတန်နိုင်ငံရေးအမြင်များကိုကြားကြရပေမည်။ ကိစ္စတခုကို အစိုးရကသည်လိုမြင်သော်လည်း ကျွန်တော် ကျွန်မတို့ကသည်လိုမြင်ပါသည်ဟူသော အကြံဥာဏ်မျိုး ဝေဖန်ထောက်ပြမှုမျိုးကို ထောင်မှထွက် လာသည့် မည်သည့်လူဆိုးသူခိုး၊ ဓားပြ၊ လူသတ်သမားများထံကမျှ ကြားရဖို့မရှိပေ။ တတိယအချက်မှာ ထောင်မှထွက်လာသောမည်သည့် ကျောင်းသား၊ မည်သည့်နိုင်ငံရေးသမားမျှ ရဲတပ်ဖွဲ့ဝင်များကို သတ်ဖြတ်ကြ မည်မဟုတ်ချေ။ ကျောင်းသူ မပိုပိုကြောင့်မည်သည့် ရဲတပ်ကြပ်မှသေစေမည်မဟုတ်၊ ဒေါ်နော်အုန်းလှသည် မည်သည့် ရဲကိုမှ သတ်ဖြတ်မည်မဟုတ်၊ ကိုအောင်မှိုင်းဆန်းသည်မည်သည့် ရဲအရာရှိကိုမျှ စကေဘာဖြင့် ထိုးမည်မဟုတ်။ ဗကသကျောင်းသားများ တကသကျောင်းသားများ၊ နိုင်ငံရေးအကျဉ်းသားများလွတ်လာပါက မည်သူ၏ အိမ်ကိုမျှ ဖောက်ထွင်းဝင်ရောက်မည်မဟုတ်။ ထိုသို့ သုံးဘက်စလုံး အမြတ်ထွက်မည့် နိုင်ငံရေး အလျှော့ပေးရေးလမ်းစဉ်ကို ဦးသိန်းစိန်အစိုးရသည် ပစ်ပယ်ကာ ဒုစရိုက်သမားများလွှတ်ပေးရေးဟူသည့် အလွယ်လိုက် နိုင်ငံရေးမျက်လှည့်ပွဲကိုပြသလိုက်သည့်မူဝါဒအမှားကြောင့် နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ် လာခြင်းဖြစ်သည်။ ထိုဆိုးကျိုးများ သည်ရပ်တန့်မသွားဘဲ ၂၀၁၅ ရွေးကောက်ပွဲပြီးသည်အထိ ဆက်ကာ ဆက်ကာ ပေါ်ပေါက်လာပါဦးမည်။

အစိုးရ၏နောက်ဆုံးမူဝါဒအမှားမှာ မြန်မာ့ပိုင်နက်အတွင်း သစ်ခိုးခုတ်မှုဖြင့် တသက်တကျွန်းအကျဉ်းကျခံနေ ရသော တရုတ်အကျဉ်းသား ၁၅၃ ယောက်ကိုလွှတ်ပေးလိုက်ခြင်းကြောင့် တရုတ်များချည်း လွှတ်လျှင် လူကဲ့ရဲ့ ခံရမည်စိုးသည့်အတွက် မြန်မာအကျဉ်းသားများကိုပါရောကာ အကျဉ်းသားစုစုပေါင်း ၆၉၆၆ ဦးကိုလွှတ်ပေး ခဲ့ခြင်းဖြစ်ရာ သူတို့လုပ်မှ ပိုဆိုးသလို ဖြစ်နေပါသည်။ တရုတ်တွေချည်းလွှတ်ချင်လွှတ်ပေးလိုက်၍ တိုင်းပြည် အတွက်မည်သို့မျှ လတ်တလောမထိခိုက်နိုင်သော်လည်း ရာဇ၀တ်အကျဉ်းသားများစွာကိုလွှတ်ပေးလိုက်ခြင်းမှာ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာတော့သည်။ လူဆိုး၊ သူခိုးတယောက် ထောင်ထဲသို့ ရောက်ဖို့ဆိုသည်မှာ အဆင့်များစွာ၊ အလုပ်များစွာ၊ ဥပဒေဘက်တော်သားများ၏ အချိန်နှင့် လုပ်အားများစွာ ကုန်ဆုံးပြီးမှ ဥပဒေစီရင်ချက်ချနိုင်ကာ ထောင်သွင်းအကျဉ်းချခြင်းဖြစ်သည်။ ထိုရာဇ၀တ်သား များကို လွယ်လွယ်ကူကူပြန်လွှတ်ခြင်းမှာကား ထောက်လှမ်း၊ ဖမ်းဆီး၊ ရုံးတင်၊ စစ်ဆေးခဲ့ကြရသော ရဲတပ်ဖွဲ့ဝင်များ၊ ဥပဒေအရာရှိများ၊ တရားသူကြီးများ၊ ရှေ့နေများ၊ သက်သေများ၊ မှုခင်းဆရာဝန်များ၊ အကျဉ်း ထောင်ဝန်ထမ်းများ စသည့် ဥပဒေဘက်တော်သားပေါင်းများစွာ၏ အချိန်နှင့်လုပ်အားကို ဖြုန်းတီးရာရောက်ပါ သည်။ အကျဉ်းသားတွေလွတ်မြောက်တာ မုဒိတာပွားနိုင်သော်လည်း လူဆိုးသူခိုးဓားပြများ၊ လူသတ်သမား များ နှစ်မစေ့ဘဲ လွတ်လာခြင်းသည် မည်သူ့အတွက်မှ အကျိုးမရှိပါ။ လူ့အသိုင်းအ၀ိုင်းအတွက် အန္တရာယ်ပင် ရှိပါသည်။ ထိုဆိုးကျိုး၏ဒဏ်ကို ရဲတပ်ဖွဲ့ဝင်များ စတင်ခံစားရခြင်းဖြစ်သည်။

စစ်တုရင်ထိုးကြသောအခါ ဘုရင်ကြီးသည် သူနှင့်အရေးပါသော ဇာတ်ကောင်များအစားခံရမည်စိုးသဖြင့် နယ်ရုပ်(ပွန်း)များကို မငဲ့နိုင်တော့ဘဲ အကာအကွယ်ယူစမြဲ၊ ထိုးကျွေးစမြဲဖြစ်သည်။ စစ်တုရင်တပွဲ၏ အဆုံး အဖြတ်သည် နယ်ရုပ်များကျခြင်း၊ မကျခြင်းမဟုတ်ဘဲ ဘုရင်ကျခြင်း၊ မကျခြင်းဖြစ်ရာ ဘုရင်ကြီးလမ်းရှင်းစွာ လှုပ်ရှားနိုင်ရေး၊ လှည့်ပတ်ပြေးနိုင်ရေးသည်သာ အဓိကဖြစ်သည်။ ထို့အတူပင် နိုင်ငံတနိုင်ငံ၌ တိုင်းသူပြည် သားများ သာယာဝပြောရေး၊ ဥပဒေစိုးမိုးရေး၊ ဥပဒေဘက်တော်သားများကို အကာအကွယ်ပေးရေးမှာလည်း ဘုရင်ကြီး၏အကွက် ရွှေ့မှုပေါ်လစီမူဝါဒများပေါ်တွင် အဓိကတည်မီနေပါကြောင်း။ အကွက်ရွှေ့မှားပါက အစားခံရမည်မှာ ပြည်သူထဲက ပြည်သူတွေပင်ဖြစ်ပါကြောင်း ဖော်ပြလိုက်ရပေသည်။

သရ၀ဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
သမ္မတဦးသိန်းစိန် အစိုးရ မူဝါဒ အမှား၏ ဘေးထွက် ဆိုးကျိုးများ  သမ္မတဦးသိန်းစိန် အစိုးရ မူဝါဒ အမှား၏ ဘေးထွက် ဆိုးကျိုးများ Reviewed by THITHTOOLWIN on 19:41 Rating: 5
Powered by Blogger.