အိမ်ဖော်ဖြစ်သူအား အိမ်ရှင်ရိုက်သဖြင့် ဆေးရုံရောက်


 အိမ်ဖော်လုပ်ကိုင်သူအား အိမ်ရှင်ဖြစ်သူက အကြောင်းအမျိုးမျိုးပြကာ ရိုက်နှက်မှုများကြောင့် သင်္ဃန်းကျွန်း စံပြဆေးရုံတွင် တင်ထားရကြောင်း အိမ်ဖော်လုပ်ကိုင်သူ မိသားစုဝင်များက ဆိုသည် ။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး စက်တင်ဘာ ၂၂ ရက်က ရန်ကုန်မြို့ရှိ ဂျာနယ်လစ်ကွန်ရက်ရုံးခန်း၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်အရ သိရသည် ။


အိမ်ဖော်လုပ်ကိုင်သူ မအေးအေးမွှေး၏ အသိဖြစ်သူ ဒေါ်အေးအေးက “သူ စက်တင်ဘာ ၁၅ ရက်က အရိုက်ခံရပြီး မခံနိုင်တဲ့အတွက် အဲ့အိမ်မှာ အလုပ်သွင်းပေးတဲ့ အစ်မနဲ့ ကျွန်မဆီ ရောက်လာတယ် ။ ဒဏ်ရာတွေက များတော့ ရဲစခန်းမှာအမှုဖွင့်တယ် ။ ပြီးတော့ သင်္ဃန်းကျွန်း စံပြဆေးရုံမှာ တင်ထားရတယ် ။ အခု သူ့မျက်လုံးက ဒဏ်ရာမသက်သာတဲ့အတွက် ဆေးရုံဆင်းခွင့် မရသေးလို့ သတင်းစာရှင်းလင်းပွဲ မလာနိုင်တာဖြစ်တယ်” ဟု ပြောသည် ။

အရိုက်ခံရသူ မအေးအေးမွှေးသည် အသက် ၂၂ နှစ်အရွယ်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး ၊ ဝါးခယ်မမြို့နယ် ၊ မောင်းတီးကျေးရွာမှ လက်ရှိအိမ်ရှင်ဖြစ်သူ နေထိုင်သည့် သင်္ဃန်းကျွန်းမြို့နယ်ရှိ နနွင်းကုန်းရပ်ကွက် အိမ်တွင် နေ ၊ စား စရိတ်ငြိမ်းအဖြစ် အိမ်အကူလုပ်ငန်းကို လာရောက်လုပ်ကိုင်ခြင်းဖြစ်ကာ ယခုကဲ့သို့ အရိုက်ခံရခြင်းဖြစ်ကြောင်း ပြောပြချက်အရ သိရသည် ။ အလုပ်သွင်းပေးသူ ဒေါ်နော်ဝီက “သူအရိုက်ခံတဲ့ကိစ္စ လာပြောတော့ သူခေါ်လာတဲ့ မအေးအေးဆီသွားပြီး ဆေးရုံတင်ဖြစ်တာ ဖြစ်တယ်” ဟု ပြောသည် ။

အဆိုပါ အိမ်ရှင်ဖြစ်သူသည် ယခင်က ကလေးထိန်းများ ခေါ်ခြင်းရှိကြောင်း ၊ သို့သော်လည်း လာရောက် လုပ်ကိုင်သူများမှာ ကြာရှည်စွာ မနေခြင်းမျာရှိကြောင်း ၊ ယင်းအတွက် မိမိကို အကူအညီ လာတောင်းသဖြင့် မအေးအေးမှတစ်ဆင့် မအေးအေးမွှေးကို ခေါ်ယူပေးခြင်းဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည် ။

မအေးအေးမွှေး မိခင်ဖြစ်သူ ဒေါ်နော်အယ်ဖောက “သူတို့ အကြောင်းကြားလို့ ရန်ကုန် လိုက်လာတာ ၊ သမီးဖြစ်သူ ဒဏ်ရာတွေမြင်တော့ အရမ်းစိတ်မကောင်း ဖြစ်မိတယ်” ဟု ပြောသည် ။


အဆိုပါ အမျိုးသမီး၏ ခေါင်း ၊ ဘယ်ဘက်မျက်လုံး ၊ လက်မောင်း ၊ တင်ပါး ၊ ကျောတို့တွင် ရရှိသည့် ဒဏ်ရာများကြောင့် သင်္ဃန်းကျွန်း စံပြဆေးရုံ တိုးချဲ့ခွဲစိတ်ဆောင်တွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည် ။

မအေးအေးမွှေးက “စရောက်တဲ့ တစ်လကျော် ကတည်းက စရိုက်တာ အစ်မတစ်ယောက်လို သဘောထားပြီး ပေပြီးဆက်လုပ်နေတာ ။ သူက ဖိနပ်နဲ့ ရိုက်တယ် ။ တံမြက်စည်းနဲ့ ရိုက်တယ် ။ အလုပ် နည်းနည်းလေးမှားတာနဲ့ သူစိတ်မကျေနပ်တိုင်း ရိုက်တယ်” ဟု သင်္ဃန်းကျွန်း ဆေးရုံသို့ သွားရောက်မေးမြန်းရာတွင် ပြောသည် ။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းတွင် (ပ) အမှတ် ၅၁၇ / ၂၀၁၅ ပြစ်မှု -၂၉၄ ၊ ၃၂၅ ၊ ၅၀၆ ဖြင့် အမှုဖွင့်ထားပြီး မကြာခင်တွင် အမျိုးသမီးရေးရာ ၊ အိုင်အယ်လ်အိုရုံးနှင့် လူ့အခွင်အရေး ကော်မရှင်ရုံးသို့ တိုင်ကြားရန်ရှိကြောင်း မိသားစုဝင်ဖြစ်သူများ၏ ပြောပြချက်အရ သိရသည် ။

သတင်း- စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies
အိမ်ဖော်ဖြစ်သူအား အိမ်ရှင်ရိုက်သဖြင့် ဆေးရုံရောက်   အိမ်ဖော်ဖြစ်သူအား အိမ်ရှင်ရိုက်သဖြင့် ဆေးရုံရောက် Reviewed by THITHTOOLWIN on 18:01 Rating: 5
Powered by Blogger.