ရုပ်ရှင်ရုံအမည်ခံ ချစ်သူစုံတွဲ အခန်းများကို ဖမ်းဆီး

ဓါတ်ပုံ -(Facebook)
      မဟာအောင်မြေ မြို့နယ်တွင် ရုပ်ရှင်ရုံ အမည်ခံကာ သမီးရည်းစား အတွဲများအား အခကြေးငွေယူ၍ အခန်းဌားခြင်း လုပ်ကိုင်နေသော ဆိုင်အား ဖမ်းဆီးခဲ့ကြောင်း တိုင်းရဲရုံးထံမှ သိရသည်။

      ယခုလ (၁၃)ရက်နေ့ နေ့လယ် (၂)နာရီ အချိန်တွင် ဦးမြင့်ဦး(မြို့နယ် အုပ်ချုပ်ရေးမှူး၊ မဟာအောင်မြေ)နှင့် အဖွဲ့၊ ဒုရဲအုပ် မိုးဝင်းစိန်(မြို့မစခန်း၊ မဟာအောင်မြေ)နှင့်အဖွဲ့ ၊ဦးယဉ်မောင်ထွန်း(ရပ်ကွက် အုပ်ချုပ်ရေးမှူး မဟာမြိုင်-၂)နှင့် အဖွဲ့တို့သည် မဟာအောင်မြေ မြို့နယ် မဟာမြိုင် (၁)ရပ်ကွက် (၃၈)လမ်း (၆၉x၇၀) ကြားရှိ Mr-38 Mini Cinema ဆိုင်အမည်ခံလျက် ဆိုင်အတွင်း အများပြည်သူ အလွယ်တကူ မမြင်နိုင်သော အခန်းများဖွဲ့၍ သမီးရည်းစားများအား အခကြေးငွေယူကာ အခန်း ငှားရမ်း လုပ်ကိုင်နေသော ဆိုင်အား ၀င်ရောက် စစ်ဆေးရာ မန်နေဂျာအား ဆိုင်အတွင်း တွေ့ရှိရပြီး (၉x၆)ပေ အခန်း(၁၄)ခန်းဖွဲ့၍ အချိန်ပိုင်း အလိုက် အခကြေးငွေယူကာ အခန်းငှား လုပ်ကိုင်နေသည်ကို သက်သေခံ ပစ္စည်းအများနှင့်အတူ သိမ်းဆည်းရမိခဲ့သည်။

      “ဘယ်ဆိုင်မဆို အခန်းမဖွဲ့ရဘူး။ အပြင်က လှမ်းကြည့်ရင် ဆိုင်ထဲကို ရှင်းရှင်းလင်းလင်း မြင်နေရမယ်။ အခုဟာက အများပြည်သူ လှမ်းကြည့်ရင်တောင် အလွယ်တကူ မမြင်နိုင်ဘူး။ အဲဒီဆိုင်ကို သတင်းရလို့ ၀င်စစ်တော့ အခန်းတွေလည်း ဖွဲ့ထားတယ်။ လိုင်စင်လည်း မရှိဘူး မှတ်ပုံတင်မပါဘဲ တည်းခိုနိုင်တဲ့သဘော ဖြစ်နေတယ်။အခု ဆိုင်ကို ပိတ်သိမ်း ခိုင်းထားတယ်။ နောက်ထပ်လည်း ဒီလိုမျိုးဖွင့်ထားတဲ့ ဆိုင်တွေရှိတဲ့အကြောင်း သိရရင် သတင်းကြားရရင် ဖမ်းမှာပါ”ဟု တိုင်းရဲရုံးမှ တာဝန်ရှိသူ ဒုရဲမှူး တစ်ဦးက ပြောသည်။

      အဆိုပါ လုပ်ငန်းအား လုပ်ကိုင်သူ ကို ............. ဦးမြင့်ဦး(မြို့နယ် အုပ်ချုပ်ရေးမှူး-မဟာအောင်မြေ)မှ ပြစ်မှုပုဒ်မ ၁၈၈ဖြင့် ယခုလ(၁၄)ရက်နေ့တွင် မဟာအောင်မြေမြို့နယ် တရားရုံးသို့ ဦးတိုက် လျှောက်ထားတရား စွဲတင်ပို့သွားမည် ဖြစ်ကြောင်း တိုင်းရဲရုံး မှုခင်းမှတ်တမ်းအရ သိရသည်။

The Messenger Media
http://messengernewsjournal.com
ရုပ်ရှင်ရုံအမည်ခံ ချစ်သူစုံတွဲ အခန်းများကို ဖမ်းဆီး    ရုပ်ရှင်ရုံအမည်ခံ ချစ်သူစုံတွဲ အခန်းများကို ဖမ်းဆီး Reviewed by THITHTOOLWIN on 18:24 Rating: 5
Powered by Blogger.