ထိုင်းနိုင်ငံဗုံးဖောက်ခွဲမှု သံသယရှိသူတစ်ဦးက ထုတ်ဖော်ဝန်ခံ


 ဘန်ကောက် စက်တင်ဘာ ၇

 သြဂုတ် ၁၇ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လေးမျက်နှာဘုရားအနီး ဗုံးဖောက်ခွဲမှုတွင် ပါဝင်ပတ်သက်သူဟု သံသယရှိသူ နိုင်ငံခြားသားတစ်ဦးက စီစီတီဗွီထဲတွင် တီရှပ်အဝါဝတ်ဆင်ထားသည့် ဗုံးဖောက်ခွဲသူဟု သံသယရှိသူအား လက်လုပ် ဗုံးတစ်လုံးကို ပေးအပ်ခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း သတင်းများအရသိရသည်။

'ယူဆူဖူ မိုင်ရိုင်လီ'ဟုခေါ်သူ သံသယရှိသူအား ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယား နယ်စပ်အနီးတွင် လွန်ခဲ့သောရက်သတ္တပတ်က ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ၎င်းသည် မည်သည့် နိုင်ငံသားဖြစ်သည်ကို ထိုင်းရဲအရာရှိများက အတည်ပြုခြင်းမရှိသေးပေ။ သို့သော် ၎င်းထံမှ သိမ်းဆည်းရမိသော တရုတ်နိုင်ငံကူးလက်မှတ်တွင် ၎င်း၏မွေးရပ်သည် 'အူဂါ'လူမျိုးများ အခြေချနေထိုင်ရာ တရုတ်နိုင်ငံ ရှင်ကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ကြောင်း ပါရှိသည်ဟု အာဏာပိုင်များက ဆိုသည်။

'အစ်ဇန်'ဟု ဆိုသူက နောက်ကွယ်မှ ကြိုးကိုင်ကာ အင်တာနက်မှ ဖောက်ခွဲရေး ပစ္စည်းများဝယ်ယူရန် ၎င်းအား အမိန့်ပေးခဲ့သည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့အား ၎င်းက ပြောသည်။

ဗုံးပြုလုပ်ပြီးနောက် အဆိုပါ သံသယရှိသူ 'မိုင်ရိုင်လီ'က 'အစ်ဇန်'အား သတင်းပို့သော အခါ 'အစ်ဇန်'က ဗုံးဖောက်ခွဲခဲ့သည်ဟု သံသယရှိသူ စီစီတီဗွီထဲတွင် တီရှပ်အဝါ ဝတ်ဆင်ထားသည့် နိုင်ငံခြားသားတစ်ဦးထံသို့ အဆိုပါပြုလုပ်ထားသော ဗုံးကိုပေးအပ်ရန် အမိန့်ပေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။ ထို့နောက် တီရှပ်အဝါဝတ်သံသယ ရှိသူက လူစည်ကားသော လေးမျက်နှာဘုရား အနီးတွင် ဗုံးထောင်ထားခဲ့သည်ဟု ဆိုသည်။

အဆိုပါဗုံးဖောက်ခွဲမှုကြောင့် လူ ၂ဝ သေဆုံးပြီး ၁၂ဝ ကျော် ထိခိုက်ဒဏ်ရာ များရရှိခဲ့သည်။

'အစ်ဇန်'သည် သြဂုတ် ၁၆ ရက်က ထိုင်းနိုင်ငံမှ ထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်း သံသယရှိသူ'မိုင်ရိုင်လီ' က ပြောကြားခဲ့သည်။

ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
ထိုင်းနိုင်ငံဗုံးဖောက်ခွဲမှု သံသယရှိသူတစ်ဦးက ထုတ်ဖော်ဝန်ခံ  ထိုင်းနိုင်ငံဗုံးဖောက်ခွဲမှု သံသယရှိသူတစ်ဦးက ထုတ်ဖော်ဝန်ခံ Reviewed by THITHTOOLWIN on 07:50 Rating: 5
Powered by Blogger.