ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အမည်မသိ အရေပြားရောဂါကို စစ်ဆေးရန် အရေပြားအထူးကုဆရာဝန်ကြီးများကို အကူအညီတောင်းခံထား


ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ဖြစ်ပွားနေသော အမည်မသိအရေပြား ရောဂါများကို စစ်ဆေးရန် အရေပြား အထူးကု ဆရာဝန်များကြီးများကို အကူအညီ တောင်းခံထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ မင်းဖူးကျေးရွာ ဒေသခံတစ်ရာခန့်တွင် အရေပြားရောဂါတစ်မျိုး ဖြစ်ပွားနေခြင်းနှင့်ပတ်သက်ပြီး အကြောင်းရင်းကို သိရှိနိုင်ရန် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ဆေးမှုများပြုလုပ်နိုင်ရန်အတွက် အရေပြားအထူးကု ဆရာဝန်ကြီးအား အကူအညီတောင်းခံသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

““ဒီရောဂါကို ဆရာတို့စစ်ဆေးဖို့အတွက် အရေပြားအထူးကုဆရာဝန်ကြီးတွေကိုယ်တိုင် လာရောက်ကုသပေးရင် ပိုကောင်းမယ်ဆိုပြီးတော့ ကုသရေးအပိုင်းကိုတော့ ဆရာတို့တင်ပြထားတယ်။ ပြီးတော့ ဒီအရေပြားရောဂါဖြစ်နေတဲ့ ရွာလေးအကြောင်းကို ဆရာတို့အနေနဲ့ သေသေချာချာ မသိသေးဘူး။ ရောဂါလို့ပြောတာထက် ဒီအကွက်ဘာကြောင့်ပေါ်တာလဲဆိုတာကို သေသေချာချာ ဘယ်သူမှမသိရသေးပါဘူး။ ဆရာ့အထင်တော့ ရေကျသွားပြီးတော့ နေအရမ်းပူတဲ့အခါမှာ ခရမ်းလွန်ရောင်ခြည်မိသလားလို့ စဉ်းစားမိတယ်။ တိတိကျကျတော့ ပြောလို့မရဘူး။ မျိုးရိုးဗီဇကြောင့် ဖြစ်သလား။ သေချာတာကတော့ ရေကြောင့်ဖြစ်တယ်လို့တော့မထင်ဘူး””ဟုရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသောင်းလှိုင်က ပြောသည်။

အဆိုပါအရေပြားရောဂါမှာ လွန်ခဲ့သည့်ခြောက်နှစ်ခန့်က ယင်းဒေသရှိ အဘွားအိုတစ်ဦးတွင် ဖြစ်ပွားခဲ့ပြီး ယခုနှစ်အတွင်း မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားသည့်နောက်ပိုင်းတွင် ယင်းကဲ့သို့သော အရေပြားရောဂါများမှာ ကလေးငယ်များ အပါအ၀င် ဒေသခံရှစ်ဆယ်နီးပါးတွင် ဖြစ်ပွားလာကြောင်း၊ အကြောင်းအရင်းကို သေချာစွာ မသိရှိရသေးကြောင်း သိရသည်။

““ဒီရောဂါက အရေပြားမှာ အကွက်အကွက်တွေ ဖြစ်တယ်။ ကူးစက်တတ်တဲ့ အရေပြားရောဂါထဲမှာ တော့မပါဘူး။ ဆေးကုတဲ့ ဆရာဝန်မတစ်ယောက်က ဒီရောဂါဖြစ်နေတဲ့ အဘွားအိုတစ်ယောက်ကို ပထမဦးဆုံးတွေ့တယ်။ အဲဒီအဘွားက ဒီအရေပြားရောဂါဖြစ်နေတာ ၅ နှစ်၊ ၆ နှစ်လောက်တော့ရှိပြီ။ ဒါပေမဲ့ ရေကျသွားပြီးတော့မှ ကလေးအပါအ၀င် တချို့ကလေး ငယ်လေးတွေမှာ ဖြစ်လာတာကို တွေ့ရတယ်။ ဒါနဲ့ဆရာတို့ကလည်း ရေကြောင့်များဖြစ်လားဆိုပြီး ဆရာတို့အဖွဲ့ ကွင်းဆင်းပြီး လူအယောက် ၃၀ ကို စစ်ဆေးတယ်။ ဒီအရေပြားမှာ အကွက်အကွက်တွေဖြစ်နေတာကို တွေ့နေရပေမယ့် ဒီလူတွေကိုလူနာလို့ ပြောလို့မရဘူး။ အရေပြားမှာ အကွက်ပေါ်တာ ကလွဲရင် ဘာဝေဒနာမှ မခံစားရတဲ့အတွက် ရေကြောင့်ဖြစ်တယ်လို့ ပြောဖို့ တော်တော်ခက်တယ်”” ဟုပြောသည်။

ယင်းအမည်မသိ အရေပြားရောဂါခံစားနေရသော လူပေါင်းတစ်ရာနီးပါး အထိရှိပြီး၊ အချို့မှာ မည်သည့်ဆေးဝါးမှ မသုံးစွဲရဘဲ ရောဂါပျောက်ကင်းသွားခြင်းလည်းရှိကြောင်းသိရသည်။

အဆိုပါ အရေပြားရောဂါကြောင့် ယားယံခြင်း၊ သွေးယားခြင်း၊ အဖုအပိန့် များထွက်ခြင်းနှင့် အခြားသောအရေပြားကြောင့်ဖြစ်သော ရောဂါလက္ခဏာများ ခံစားရခြင်းမရှိကြောင်း သိရသည်။

အဆိုပါ အမည်မသိအရေပြားရောဂါသည် လူ့ကိုယ်ခန္ဓာကိုယ်အတွင်း ပိုင်းများရှိ နေရောင်မမြင်ရသော နေရာများတွင် ပို၍ဖြစ်ပွားကြောင်း သိရသည်။

သူရိယ
The Ladies News Journal
https://www.facebook.com/News.TheLadies
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အမည်မသိ အရေပြားရောဂါကို စစ်ဆေးရန် အရေပြားအထူးကုဆရာဝန်ကြီးများကို အကူအညီတောင်းခံထား  ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အမည်မသိ အရေပြားရောဂါကို စစ်ဆေးရန် အရေပြားအထူးကုဆရာဝန်ကြီးများကို အကူအညီတောင်းခံထား Reviewed by THITHTOOLWIN on 18:33 Rating: 5
Powered by Blogger.