နယ်စပ်ဖြတ်ကျော်သူ ၂၀၀ ကို ဟန်ဂေရီဖမ်းဆီး

ဟန်ဂေရီမှာ ထိန်းသိမ်းထားတဲ့ ခိုလှုံခွင့်တောင်းလိုသူကို ရဲတွေက စောင့်ကြပ်စဉ် (Credit: Reuters) 
ဟန်ဂေရီနိုင်ငံက ​နယ်စပ်ဖြတ်ကျော်မှုဆိုင်ရာ ​ဥပဒေသစ်ကို ​ထုတ်ပြန်လိုက်ပြီး ​တရားမဝင် ​နယ်စပ်ဖြစ်ကျော်သူ ​အယောက် ​၂၀၀ ​နီးပါးကို ​အဲဒီဥပဒေအရ ​ဖမ်းဆီးထားတယ်လို့ ​ဟန်ဂေရီက ​ပြောပါတယ်။

အင်္ဂါနေ့ကစပြီး ​ဟန်ဂေရီက ​ဆားဗီးယားနဲ့ ​ထိစပ်နေတဲ့ ​နယ်စပ်တလျှောက်ကို ​ပိတ်ချထားလိုက်တာ ​ဖြစ်ပါတယ်။

အရင်တုန်းကတော့ ​နယ်စပ်ကို ​ဖွင့်ခဲ့ပေမယ့် ​မနေ့ကစပြီး ​ပိတ်ချတာဖြစ်ပြီး ​တရားမဝင် ​ဖြတ်ကျော်သူကို ​ဖမ်းဆီးရာကနေ ​လူပေါင်း ​၁၇၀ ​ကျော် ​ဖမ်းဆီးခံရတာ ​ဖြစ်ပါတယ်။

ခိုလှုံခွင့်တောင်းလိုသူတွေအနေနဲ့ ​သတ်မှတ်ထားတဲ့ ​နေရာကို ​လာပြီး ​ခိုလှုံခွင့်လျှောက်လွှာ ​တင်နိုင်တယ်လို့လည်း ​ပြောလိုက်ပါတယ်။

ဒါပေမဲ့ ​ခိုလှုံခွင့် ​တောင်းလိုသူ ​အများစုကို ​ဟန်ဂေရီက ​ခိုလှုံခွင့်ပေးမယ့် ​အလားအလာ ​နည်းပါးပါတယ်။

လူတစ်ယောက်ရဲ့ ​ပြောပြချက်အရ ​ခိုလှုံခွင့် ​လျှောက်လွှာတင်ပြီး ​တစ်နာရီအတွင်းမှာပဲ ​သူ့လျှောက်ထားချက် ​မအောင်မြင်ဘူးလို့ ​ဟန်ဂေရီအာဏာပိုင်က ​ချက်ခြင်း ​အကြောင်းပြန်လာတယ်လို့ ​ပြောပါတယ်။

တရားမဝင် ​နယ်စပ်ဖြတ်ကျော်သူတွေကို ​ထောင်ဒဏ်အထိ ​ချမှတ်ဖို့ ​ဥပေဒမှာ ​ပြဌာန်းထားပေမယ့်လည်း ​ခိုလှုံခွင့်တောင်းလိုသူတွေကတော့ ​နယ်စပ်စည်းမှာ ​စုဝေးရောက်ရှိနေပြီး ​နယ်စပ် ​မဖွင့်ပေးမခြင်း ​ဘယ်ကိုမှ ​မသွားဘူးလို့ ​ဆန္ဒပြနေကြပါတယ်။

ဒီနှစ်အတွင်း ​ဟန်ဂေရီနိုင်ငံထဲ ​ဝင်ရောက်လာသူ ​နှစ်သိန်းရှိလာပြီးနောက် ​အီးယူအဖွဲ့ဝင်မဟုတ်တဲ့ ​ဆာဗီးယားနဲ့ ​ထိစပ်တဲ့နယ်စပ် ​တလျှောက်မှာ ​ဟန်ဂေရီက ​သံဆူးကြီး ​တံတိုင်းတွေ ​တည်ဆောက်နေတာလည်း ​ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံက ​နယ်စပ် ​ဖြတ်ကျော်မှုကို ​တင်းကြပ်ပြီးတဲ့နောက် ​မီးခိုးကြွက်လျှောက် ​ဆိုသလို ​သြစတီးယားနဲ့ ​ဆလိုဗက်ကီးယားတို့ကလည်း ​တင်းကြပ်မှု ​လုပ်လိုက်ပါတယ်။

အဲဒီနောက် ​ဟန်ဂေရီက ​နယ်စပ်ကို ​ပိတ်ချလိုက်တာ ​ဖြစ်ပါတယ်။ ​ပိုလန်ကလည်း ​နယ်စပ်ကို ​ပိတ်ချဖို့ ​စဉ်းစားနေပြီး ​နယ်သာလန်ကတော့ ​နယ်စပ်လုံခြုံရေး ​တိုးမြင့်ထားပြီလို့ ​ပြောပါတယ်။

ဂျာမနီက ​နယ်စပ်မှာ ​တင်းကြပ်မှုလုပ်လိုက်ပြီးတဲ့နောက် ​ထောင်နဲ့ချီတဲ့ ​ခိုလှုံခွင့် ​တောင်းလိုသူတွေဟာ ​သြစတီးယားနိုင်ငံမှာ ​သောင်တင်နေကြရပါတယ်။

ဆားဗီးယားကလည်း ​အမျိုးသမီးနဲ့ ​ကလေးငယ်တွေအတွက် ​နယ်စပ်ဖွင့်လှစ်ပေးဖို့ ​ဟန်ဂေရီကို ​တောင်းဆိုနေပါတယ်။

ဟန်ဂေရီကသာ ​မဖွင့်ပေးရင် ​ခိုလှုံခွင့်တောင်းသူတွေဟာ ​ရိုမေးနီးယားနဲ့ ​ခရိုအေးရှား ​နိုင်ငံတွေဘက်ကို ​ဦးတည်နိုင်တယ်လို့လည်း ​သုံးသပ်နေကြပါတယ်။

ဒီနှစ်အတွင်း ​မြေထဲပင်လယ်ကနေတဆင့် ​လူပေါင်း ​လေးသိန်းသုံးသောင်းလောက် ​ဥရောပတိုက်ထဲကို ​ဝင်လာနေတာဖြစ်ပြီး ​လူပေါင်း ​၂၇၀၀ ​လောက် ​ပင်လယ်ပြင်မှာ ​သေဆုံးရပြီ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
နယ်စပ်ဖြတ်ကျော်သူ ၂၀၀ ကို ဟန်ဂေရီဖမ်းဆီး  နယ်စပ်ဖြတ်ကျော်သူ ၂၀၀ ကို ဟန်ဂေရီဖမ်းဆီး Reviewed by THITHTOOLWIN on 11:16 Rating: 5
Powered by Blogger.