အရှေ့တောင်အာရှ၌ မီးခိုးမြူလွှမ်းခြုံမှုကြောင့် စာသင်ကျောင်းအချို့ပိတ်၊ လေကြောင်း ခရီးစဉ်များဆိုင်းငံ့


 ဂျကာတာ စက်တင်ဘာ ၁၆

 အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်းဒေသ၊ အိမ်နီးချင်းစင်ကာပူနှင့် မလေးရှားနိုင်ငံဒေသအချို့တို့တွင် မီးခိုးမြူ လွှမ်းခြုံမှုအခြေအနေ ပိုမိုဆိုးရွားလာသဖြင့် စာသင်ကျောင်းအချို့ကိုပိတ်လိုက်ရပြီး လေကြောင်းခရီးစဉ်များကို ဆိုင်းငံ့လိုက်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက စက်တင်ဘာ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။

မီးခိုးမြူလွှမ်းနေစဉ်အတွင်း ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်သူများအနေဖြင့် တောမီးရှို့မှုပြုလုပ်ပါက အရေးယူမည်ဖြစ်ကြောင်း အင်ဒိုနီးရှားအစိုးရက သတိပေးထားသည်။ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းစုနှင့် ကာလီမန်တန် ကျွန်းစုတို့တွင် ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်မှုကြောင့် နှစ်စဉ်မီးခိုးမြူလွှမ်းခြုံမှုပြဿနာ ဖြစ်ပေါ်ရလေ့ရှိသည်။

ယခုနှစ်တွင် အယ်လ်နီညိုရာသီဥတုထူးခြားဖြစ်စဉ်ပေါ်ပေါက်မှု၏ အကျိုးရလဒ်အဖြစ် တောမီးလောင်မှု ပိုမိုများပြားကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ၌ ကာလရှည် အပူလှိုင်းကျရောက်မှုကြောင့် မြေဆီလွှာခန်းခြောက်ပြီး တောမီးလောင်မှုကို ပိုမိုဆိုးရွားစေကြောင်း နိုင်ငံရေး၊ တရားဥပဒေနှင့် လုံခြုံရေးရာညှိနှိုင်းရေးဝန်ကြီး လူဟတ်ပန် ဂျေတန်က ပြောကြားသည်။

တောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်နှင့် တောမီးလောင်မှုအတွက် တာဝန်ရှိသည့် ကုမ္ပဏီများအား ထုတ်ပေးထားခဲ့သော မြေယာလုပ်ကိုင်ခွင့် ခွင့်ပြုချက်များကို ပြန်လည်ဖျက်သိမ်းရန် သမ္မတ ဂျိုကိုဝီဒိုဒိုက ညွှန်ကြားထားသည်။

ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
အရှေ့တောင်အာရှ၌ မီးခိုးမြူလွှမ်းခြုံမှုကြောင့် စာသင်ကျောင်းအချို့ပိတ်၊ လေကြောင်း ခရီးစဉ်များဆိုင်းငံ့  အရှေ့တောင်အာရှ၌ မီးခိုးမြူလွှမ်းခြုံမှုကြောင့် စာသင်ကျောင်းအချို့ပိတ်၊ လေကြောင်း ခရီးစဉ်များဆိုင်းငံ့ Reviewed by THITHTOOLWIN on 07:08 Rating: 5
Powered by Blogger.