ရန်ကုန်မှာ လိုင်းကားများ မပြေးဆွဲ

 ရန်ကုန် ဘတ်စ် ကား
 ဒီကနေ့ ရန်ကုန်မှာ ကားစီးရေး တထောင် နီးပါး ပုံမှန် ပြေးဆွဲ တာတွေ မလုပ်ကြပဲ၊ ရပ်နားထားတယ်လို့ ဆိုပါတယ်။ လိုင်းကား တွေ ပုံမှန် ပြေးဆွဲခြင်း မပြုလုပ်ကြတဲ့ အတွက် ခရီးသည်တွေ အင်မတန်မှ ဒုက္ခ ရောက်ကြရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း မှာ လွှတ်တော်က အတည်ပြုလိုက်တဲ့ ဒဏ်ကြေးငွေ ကြောင့် ပုံမှန် မပြေးဆွဲပဲ ဆန့်ကျင် ဆန္ဒပြကြတာလို့ လည်း ဆိုပါတယ်။ အတည်ပြုလိုက်တဲ့ ဒဏ်ငွေက ထောင်ဂဏန်း ကနေ သုံးသောင်း အထိ အဆ ၂၀ လောက် တိုးမြှင့် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

လိုင်းကား ကို အသုံးပြုပြီး နေ့စဉ် ခရီးသွားလာနေရတဲ့ ခရီးသွား တစ်ဦးက ထွက်တဲ့ လိုင်းကား တွေနဲ့ တိုးကြိတ် လိုက်ရတယ်၊ ပြီးတော့ ကားပေါ်မှာ လူတွေပြည့် နေတဲ့ အတွက် မတ်တပ် ရပ်ဖို့တောင် မနည်း ကြိုးစားရတယ်လို့ ဆိုပါတယ်။ မြောက် ဥက္ကလာ ကနေ ရန်ကုန် မြို့လည်ခေါင်ကို ပြေးဆွဲ နေတဲ့ ကားတွေ အပြင် အခြား ယဉ်လိုင်း က ကားတွေလည်း ရပ်နားထားတာမျိုး ရှိတယ်လို့ လည်း ဆိုပါတယ်။

ဘာကြောင့် အခုလို ပုံမှန် မပြေးဆွဲ ရသလဲ ဆိုတာက ပြီးခဲ့တဲ့ စက်တင်ဘာ (၇)ရက်နေ့က မော်တော်ယဉ် ဥပဒေ ထွက် ရှိခဲ့ပြီး အဲဒီ မော်တော်ယဉ် ဥပဒေမှာ ယဉ်စည်းကမ်း ဖောက်ဖျက်မှု အတွက် ဒဏ်ကြေးတွေကို တိုးမြှင့် သတ်မှတ်လိုက်တယ်၊ ဒဏ်ငွေ က သုံးသောင်း ဒါမှ မဟုတ် ငါးသောင်း ထက် မပိုသော ဒဏ်ငွေ ဒါမှ မဟုတ် ထောင်ဒဏ် တစ်လထက် မပိုပဲ ကျခံစေရမယ်လို့ တိုးမြှင့် သတ်မှတ်လိုက်တဲ့ အခါ ယဉ် လုပ်သား များ အနေနဲ့ ဒဏ်ငွေ ဆောင်ဖို့ အင်မတန်မှ ခက်ခဲတယ်၊ အဲဒီ ဒဏ်ငွေ ပေးဆောင်ရမဲ့ ငွေကြေး မြင့်မား တာကြောင့် ဒီကနေ့မှာ လိုင်းကား မောင်းဖို့ ကားလာ မထုတ်ကြဘူးလို့ အမှတ် ၄၈ မော်တော်ယဉ်လိုင်း က ယဉ်ပိုင်ရှင် ကိုတရုတ်လေးက ရှင်းပြပါတယ်။

ယဉ်ပိုင်ရှင် အပိုင်းက ဒဏ်ကြေး တိုးမြှင့် တာနဲ့ ပတ်သက်လို့ ကန့်ကွက်စရာ မရှိပေမယ့် ဥပဒေနဲ့ ညီမျှအောင် အုပ်ချုပ်ရေးပိုင်းက တာဝန်ယူပေးဖို့ လိုမယ် လို့ လည်း ကိုတရုတ်လေး က ဆက်ပြောပါတယ်။

မထသ ဗဟို အနေနဲ့ အစည်းအဝေး တွေ လုပ်ပြီး ဥပဒေပါ ပြဌာန်းချက်တွေ ကို လိုက်နာ ကြရေး ကို ဆောင်ရွက် သွားမှာ ဖြစ်တယ်။ ဒီ အကြောင်းတွေ ကြောင့် လိုင်းကားတွေ ထွက်တာ နည်းရတာ ဖြစ်မယ်လို့ မော်တော်ယဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ ဥက္ကဌ ဦးလှအောင် ကပြောပါတယ်။

လောလောဆယ်အထိ လိုင်းကား တွေနဲ့ ဒီဥပဒေ သစ်ဟာ လိုက်လျော ညီထွေ ဖြစ်နိုင်တဲ့ အခြေအနေ မရှိသေးပဲ၊ ရန်ကုန် မြို့နေ့ လူထု ၂သန်း လောက်ဟာ လိုင်းကား ၄၀ဝ၀ လောက်ကို ပဲမှီခိုနေရပါတယ်။

အခုလို လိုင်းကား အစီးရေ တစ်ထောင် လောက် နားလိုက်တာဟာ အတော်ကို အခက်အခဲ ဖြစ်စေကြာင်း ပြောပါတယ်။

မနက်ဖန်မှာလည်း လိုင်းကားတွေ ပြန်လည် ပြေးဆွဲမယ် မပြေးဆွဲဘူး ဆိုတာ တိတိကျကျ မသိရသေးပဲ၊ အခုလိုပဲ လိုင်းကားတွေ မဆွဲဘူး ဆိုရင် အစိုးရ ဘက်က တစ်ခုခု စီစဉ်ပေးနိုင်မလား ဆိုတာ ရန်ကုန်မြို့ခံ တွေက သိချင်နေကြတယ်လို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
ရန်ကုန်မှာ လိုင်းကားများ မပြေးဆွဲ  ရန်ကုန်မှာ လိုင်းကားများ မပြေးဆွဲ Reviewed by THITHTOOLWIN on 07:12 Rating: 5
Powered by Blogger.