မိုးများ၍ တောင်ကျရေများ စီးဆင်းကျိုက္ကော်ရပ်ကွက် ကားလမ်းပေါ် ရေလွှမ်းမိုး


 သထုံ စက်တင်ဘာ ၁၈

 မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ကျိုက္ကော် ရပ်ကွက်တွင် မိုးများ၍ တောင်ကျရေများ စီးဆင်းသော ကြောင့် ယနေ့နံနက် ၁ဝ နာရီခန့်မှ စတင်ကာ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၈/၄)နှင့် (၁၃၉/ဝ) အကြားရှိ အနိမ့်ပိုင်းကားလမ်းနေရာ လေးဖာလုံခန့် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

''လမ်းပေါ်မှာရေက နှစ်ပေနီပါးလောက်အထိ ကျော် တက်ခဲ့ပြီး တဖြည်းဖြည်း ပြန်ကျနေပါတယ်။ မိုးဆက်များလာရင်တော့ စိုးရိမ်ရပါတယ်။ ဈေးထဲကို ရေဝင်နေလို့ ဈေးကိုပိတ်ထားရတယ်။ ကားတွေကိုတော့ တစ်စီးချင်း ဖြည်းဖြည်းမောင်းစေပြီး ပေးဖြတ်နေပါတယ်။ အရှိန်နဲ့မောင်းရင် ရေကဂယက်ထပြီး ကားလမ်းနဲ့ ကပ်နေတဲ့အိမ်တွေဟာ ရေဂယက်ပုတ်တာ ခံရလို့ပါ'' ဟု ကျိုက္ကော်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလွင်လွင်က ပြောသည်။ ယင်းနေရာတွင် ပြီးခဲ့သည့်နှစ်က နှစ်ပေါင်း များစွာအတွင်း အဆိုးရွားဆုံး ရေကြီးခဲ့သဖြင့် ယခုကဲ့သို့ ရေလွှမ်းမိုးမှုအပေါ် များစွာစိုးရိမ်လျက်ရှိကြောင်း ဒေသခံ အချို့ကလည်း ပြောကြားသည်။

အဆိုပါ ရေလွှမ်းမိုးမှုကြောင့် ထိခိုက်ဆုံးရှုံးမှု မရှိ သော်လည်း ဒေသခံများနှင့် ခရီးသွားပြည်သူများ ဖြတ်သန်း သွားလာရန် ခက်ခဲလျက်ရှိရာ သထုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မင်း၊ ခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင် ကြင်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော် သားများက ပြည်သူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ယာဉ်များ စနစ်တကျဖြင့် အဆင်ပြေစွာသွားလာနိုင်ရေး နှင့် အရေးပေါ်အခြေအနေများအတွက် ကြိုတင်စီမံထား နိုင်ရေးတို့ကို ကြီးကြပ်ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သက်ဦး(သထုံ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
မိုးများ၍ တောင်ကျရေများ စီးဆင်းကျိုက္ကော်ရပ်ကွက် ကားလမ်းပေါ် ရေလွှမ်းမိုး  မိုးများ၍ တောင်ကျရေများ စီးဆင်းကျိုက္ကော်ရပ်ကွက် ကားလမ်းပေါ် ရေလွှမ်းမိုး Reviewed by THITHTOOLWIN on 09:49 Rating: 5
Powered by Blogger.