ပထမတန်း ကျောင်းသူတစ်ဦး ကျောင်းအိမ်သာ ဆားဗစ်ကျင်းအတွင်း ပြုတ်ကျသေဆုံး


 မကွေးတိုင်းဒေသကြီး ၊ ဆင်ပေါင်ဝဲမြို့နယ် ၊ သာယာကုန်းကျေးရွာ အ.မ.က ၄၁ ကျောင်းမှ ပထမတန်း ကျောင်းသူတစ်ဦးမှာ အိမ်သာအတွက် တူးထားသည့် မိုးရေဖြင့် ပြည့်နေသော ဆားဗစ်ကျင်းထဲသို့ ပြုတ်ကျကာ သေဆုံးခဲ့ကြောင်း ကိုးပင်နယ်မြေ ရဲစခန်းထံမှ သိရသည် ။

အသက်ခုနစ်နှစ်အရွယ်ရှိ ကျောင်းသူ မတင်ဇာမိုးမှာ စက်တင်ဘာ ၂၃ ရက်က ပြုတ်ကျ သေဆုံးခဲ့ခြင်းဖြစ်ကာ မုန့်စားကျောင်းဆင်း ပြီးနောက် အတန်းပြန်တက် လာခြင်းမရှိသဖြင့် အတန်းပိုင်ဆရာ ဦးခင်မောင်သန်းက ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာငြိမ်းထံ သတင်းပို့ပြီး ၎င်းတို့သည် ကျောင်းဝင်းအတွင်း လိုက်လံ ရှာဖွေခဲ့ကြရာ အိမ်သာအတွက် တူးထားသည့် ဆားဗစ်ကျင်းအတွင်း သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြသည် ။

အဆိုပါ ဆားဗစ်ကျင်းမှာ အလျား ၁၂ ပေ ၊ အနံ ၆ ပေရှိပြီး မိုးရွာထားသဖြင့် ကျင်းအတွင်း မိုးရေများဖြင့် ပြည့်လျှံနေကြောင်း သိရသည်။

“အိမ်သာအတွက် တူးထားတဲ့ ဆားဗစ်ကျင်းထဲမှာ မိုးရွာထားလို့ မိုးရေတွေနဲ့ ပြည့်နေတော့ ကလေးက ရေအိုင်ပဲ ထင်ပြီး ဆင်းလိုက်မိဟန် တူပါတယ် ။ ဘာပဲပြောပြော အဲဒီဆားဗစ်ကျင်းကို လုံလုံခြုံခြုံ အုပ်ကာထားသင့်တာပေါ့ဗျာ” ဟု ကျောင်းသားမိဘ တစ်ဦးက ပြောသည် ။

ကျောင်းသူ သေဆုံးရခြင်းနှင့် ပတ်သက်၍ ဆင်ပေါင်ဝဲမြို့နယ် ဧကရာဇ်ရဲကင်းစခန်းမှူး ဒုရဲအုပ်ထွန်းထွန်းဝင်းနှင့် အဖွဲ့က အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးပြီး ဓမ္မတာအတိုင်း သေဆုံးရခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ရန် အတွက် ဆင်ပေါင်ဝဲမြို့နယ် ၊ ကိုးပင်နယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၆/၂၀၁၅ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။

သတင်း-MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
ပထမတန်း ကျောင်းသူတစ်ဦး ကျောင်းအိမ်သာ ဆားဗစ်ကျင်းအတွင်း ပြုတ်ကျသေဆုံး  ပထမတန်း ကျောင်းသူတစ်ဦး ကျောင်းအိမ်သာ ဆားဗစ်ကျင်းအတွင်း ပြုတ်ကျသေဆုံး Reviewed by THITHTOOLWIN on 17:39 Rating: 5
Powered by Blogger.