နေပြည်တော်တွင် ရဲအယောင်ဆောင်၍ ဆိုင်ကယ်ခိုးလာသော တရားခံတဦးအား ဖမ်းဆီးရမိ


နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်၏ အနီးကပ် လမ်းညွှန် ချက်များဖြင့် နေပြည်တော် ပြည် ထောင်စု နယ်မြေ အတွင်း ခိုး၊ဆိုး၊ နှိုကက် ဒုစရိုက်မှုများကို ၂၄ နာရီပတ်လုံး လှည့်ကင်း၊ ၀တ်ကင်းများဖြင့် ဖော်ထုတ် ဖမ်းဆီးလျက်ရှိရာ နေပြည်တော် ရဲတပ်ဖွဲ့မှူးရုံး မှုခင်း အကူ တပ်ဖွဲ့ခွဲမှ ရဲအုပ် ခင်မောင်ငွေခေါင်းဆောင်သော တပ်ဖွဲ့ဝင်များသည် ၀၄-၉-၂၀၁၅ ညနေ ၁၉:၄၅ နာရီအချိန်ခန့်တွင် မြို့မဈေးကားဝင်း Lucky One စားသောက် ဆိုင်ရှေ့တွင် ဆိုင်ကယ် တစီးဖြင့် မသင်္ကာ ဖွယ်တွေ့ရှိသူ သိန်းလှိုင် (၃၂)နှစ် အဘ ဦးကျော်အုံး ကျပန်းလုပ်ကိုင်စားသောက် လယ်ဝေးမြို့နယ် နေသူအား ခေါ်ယူစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ၎င်းမှ ရဲတပ်ဖွဲ့ဝင်တဦးဖြစ်ကြောင်း၊ ရဲဝတ်စုံပေါ်တွင် ထပ်ဝတ်ထားသော အနွေးထည်ကို ချွတ်ပြခဲ့သည်။ မေးမြန်းစစ်ဆေးမှုအရ ရဲတပ်ဖွဲ့ဝင် အယောင်ဆောင်ထားသည်ကို သိရှိရပြီး ၄င်းနှင့်အတူ စီးနင်းလာသည့် ဆိုင်ကယ်မှာလည်း ပိုင်ဆိုင်ကြောင်း အထောက်အထား ပြသနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။


မသင်္ကာ တရားခံသိန်းလှိုင်အား ဆက်လက်စစ်ဆေးရာတွင် လယ်ဝေးမြို့နယ် သာစည်ဘုန်းတော်ကြီးကျောင်းမှ Samsung အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်းတလုံး၊ လယ်ဝေးဘူတာရုံအနီးမှ Honda ဆိုင်ကယ် အနက်ရောင်တစီး၊ လယ်ဝေးမြို့နယ် သပြေပင်ဘုန်းတော်ကြီးကျောင်းမှ Huawai လက်ကိုင်ဖုန်း အနက်ရောင်ဖုန်းတလုံးတို့ကို ခိုးယူခဲ့ကြောင်း တွေ့ရှိရသည်။

ရှေးဦးစွာ နေပြည်တော် အမှတ် ၅ ရဲစခန်းတွင် ပ/၁၈/၁၅ ပုဒ်မ ၃၈၀-၅၄ တို့ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ပြီး ခိုးမှုများ ကျူးလွန်ခဲ့သော လယ်ဝေးမြို့နယ် မြို့မရဲစခန်းတွင် ပ/၁၈၈-၁၅ ပုဒ်မ ၃၈၀-ပ-၁၈၆-၁၅၊ ပုဒ်မ ၃၈၀-ပ-၁၈၇-၁၅၊ ပုဒ်မ ၃၈၀ တို့ဖြင့် ခိုးမှုသုံးခုအတွက် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
နေပြည်တော်တွင် ရဲအယောင်ဆောင်၍ ဆိုင်ကယ်ခိုးလာသော တရားခံတဦးအား ဖမ်းဆီးရမိ   နေပြည်တော်တွင် ရဲအယောင်ဆောင်၍ ဆိုင်ကယ်ခိုးလာသော တရားခံတဦးအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:10 Rating: 5
Powered by Blogger.