လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အာမခံကြောင်း ဦးတင်အေး ပြောကြား


 လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ရာနှုန်းပြည့် အာမခံကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဒီနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ရွှေလီလမ်းက ရွေးကောက်ပွဲသတင်းအချက်အလက်စင်တာမှာ သတင်း မီဒီယာသမားတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။

"တရားမျှတတာမရှိဘူးဆိုရင် ကျနော်မကျင်းပပေးပါဘူး၊ အဲ့ဒါတော့ အကောင်အထည် ဖော်တဲ့သူမှာလိုမှာပဲ၊ မလုပ်ဘူးဆိုရင် အရေးယူလိုက်ရုံပဲ၊ ကျနော်အတွက်ကတော့ မမျှတတာကြီးကို ဘယ်လုပ်ပေးမှာလဲ၊ ဒီလိုလုပ်ကြပါ၊ ဒီလိုကိုင်ကြပါ၊ ကျနော်ပြောနေ ဆိုနေတာတွေက လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲကြီးဖြစ်စေချင်လို့ပါ၊ ဒီကြားထဲ ဖောက်တဲ့သူတွေလည်းရှိတာပေါ့၊ အချို့လည်းအချင်းချင်းညှိတော့လဲ ပြီးသွားတာပေါ့၊ အရေးယူရတဲ့အဆင့်ထိရောက်ရင်ရောက်လာတာပေါ့၊ ဒါတွေကတော့အခြေအနေအရ ပေါ့၊ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲကြီး ဖြစ်ကိုဖြစ်ရမယ်၊ လုပ်တယ်၊ မလုပ်ခြင်း ပေါ်မူတည်ပြီးတော့ လွတ်လပ်တယ်၊ မလွတ်လပ်ဘူးဆိုတာ မူတည်သွားမှာဘဲ"

ကိုယ်စားလှယ်ပေါင်း ၆၁၈၉ ယောက်ရှိရာမှာ ဥပဒေနဲ့ ငြိစွန်းတဲ့အတွက် ပယ်ချခံရတဲ့ ကိုယ်စားလှယ်ပေါင်း ၈၈ ယောက်ရှိတယ်လို့လည်း သိရပါတယ်။

လွတ်လပ်ပြီး တရားမျှတမှုရှိမရှိကို နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ နဲ့ သတင်းမီဒီယာတွေက စောင့်ကြည့်နိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။

ဒါ့အပြင် ကောက်မရှင်အဖွဲ့ဝင်တွေနဲ့ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က တာဝန်ရှိသူတွေ ကိုလည်း ဘက်မလိုက်ဖို့နဲ့ ဘယ်လိုဖိအားမျိုးကိုမဆို မကြောက်ကြဖို့ ညွှန်ကြားထား တယ်လို့ ဦးတင်အေးက ပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲကို နိုင်ငံတကာအဖွဲ့အစည်း ၄ ဖွဲ့နဲ့ ပြည်တွင်းအဖွဲ့အစည်း ၃ ဖွဲ့က လေ့လာစောင့်ကြည့်ဖို့ ကော်မရှင်ထံ ခွင့်ပြုချက်တင်ထားတယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese

လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အာမခံကြောင်း ဦးတင်အေး ပြောကြား  လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အာမခံကြောင်း ဦးတင်အေး ပြောကြား Reviewed by THITHTOOLWIN on 17:25 Rating: 5
Powered by Blogger.