ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှ ဆယ်တန်းကျောင်းသူနှစ်ဦး ပျောက်ဆုံးမှု ၁၀ ရက်ကျော်လာ၊ မိဘများ သောကဖြစ်နေ


 ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ၃၈ ရပ်ကွက်နှင့် ၄၅ ရပ်ကွက်တို့တွင် နေထိုင်လျက် ရှိသည့် ၁၀တန်းကျောင်းသူနှစ်ဦး တပြိုင်နက် ပျောက်ဆုံးမှုသည် ၁၀ ရက်ကျော်လာသည်အထိ ထူးခြားမှုမရှိ သေး၍ မိဘများ သောကဖြစ်နေရကြောင်း သိရသည်။

''သမီးက အဲဒီနေ့က မွန်းလွဲ ၁ နာရီ ကျူရှင်သွားတယ်။ အသွားတုန်းက စက်ဘီးနဲ့သွားတယ်။ သွားတိုင်း သူ့သူငယ်ချင်းကို ၀င်ခေါ်တယ်။ ပြီးတော့ စက်ဘီးကို သူ့သူငယ်ချင်းအိမ်မှာ ထားပြီးတော့မှ ကျူရှင်သွားတယ်။ အဲ့ဒီနေ့ ကျူရှင်အရှေ့က မုန့်ဆိုင်မှာတွေ့တယ်လို့ ကျူရှင်ဆရာရဲ့အမေက ပြောတယ်။ အဲ့ဒီကနေ မုန့်သွားဝယ်စား ဦးမယ်ဆိုပြီး ပျောက်သွားတယ်။ ဒါကို ကိုယ် လည်းမသိဘူး။ မွန်းလွဲ ၂ နာရီလောက် အိမ်က ၂ တန်းနဲ့ ၃ တန်းကလေး ကို သွားကြိုတဲ့အချိန်မှာ ဖုန်းဝင် လာတယ်။ သမီးရဲ့သူငယ်ချင်း နှင်းသဇင်ရဲ့အမေက အစ်မရေတဲ့ အစ်မသမီးနဲ့ ကျွန်မသမီး ကျူရှင်မှာ မရှိ တော့ဘူး။ ပျောက်သွားပြီတဲ့။ ကိုယ်လည်း ထူပူပြီးတော့ ဆိုက်ကားနဲ့အားချင်းလိုက်သွားတယ်။ ဟိုရောက်တော့ ချက်ချင်းရှာတယ်။ ဒါပေမဲ့မတွေ့ဘူး။ ပြန်စောင့်နေကြည့်တယ်။ ဘာလို့တုန်းဆိုတော့ အဲဒီနေ့က လပတ်စာမေး ပွဲ နောက်ဆုံးနေ့ဆိုတော့ ကလေးတွေများ လျှောက်လည်သလားပေါ့။ ဒါပေမဲ့ မိုးချုပ်သွားတယ်။ ပြန်မလာဘူး'' ဟု မနေခြည်လင်း၏မိခင် ဒေါ်သီတာအေးက News Watch သို့ ပြောသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အထက-၅၊ ဒသမတန်း A ခန်းတွင် ပညာသင်ကြားလျက်ရှိသော မနေခြည်လင်းနှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အထက-၁၊ ဒသမတန်း E ခန်းတွင် ပညာသင်ကြားလျက်ရှိသည့် မနှင်းသဇင်တို့သည် စက်တင်ဘာ ၅ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ကျူရှင်သွားရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားကြောင်း မိဘများထံမှ သိရသည်။

''ကျွန်မသမီးလေးက အနေအေးပါတယ်။ အိမ်မှာနေတာတောင် စကားတခွန်း၊ နှစ်ခွန်းလောက်ပဲပြောတယ်။ အမျိုးတွေ လာလည်လည်း စကားမပြောဘူး။ သူ့ဟာသူနေတာ။ အိမ်ထဲက အိမ်ပြင်ထွက်တာမဟုတ်ဘူး။ အခုလို ပျောက်သွားတာ။ ခေါ်သွားတဲ့သူရှိလို့ တနေရာရာမှာထားခဲ့ရင်တောင် အိမ်ကိုပြန်လာတတ်မှာမဟုတ် ပါဘူး။ တော်တော်အေးပါတယ်။ အိမ်နဲ့ ကျောင်း၊ ကျောင်းနဲ့ကျူရှင် ကျန်တဲ့နေရာ ဘယ်နေရာကိုမှ မသွားတတ် ဘူး''ဟု မနှင်းသဇင်၏မိခင် ဒေါ်ခင်မာဝင်းက News Watch သို့ ပြောပြသည်။

အဆိုပါ ဆယ်တန်းကျောင်းသူနှစ်ဦး ပျောက်ဆုံးမှုနှင့်ပတ်သက်၍ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားသော်လည်း ယနေ့အထိ ထူးခြားမှုတစုံတရာမရှိသေးသည့်အတွက် သက်ဆိုင်ရာလူကြီး များအနေဖြင့် အမြန်ဆုံးဆောင်ရွက်ပေးရန် ဆန္ဒရှိနေကြောင်း မနေခြည်လင်း၏ဖခင်ဖြစ်သူ ဦးနေလင်းအောင် က ပြောသည်။

''ရဲစခန်းကို တနေ့ကိုနှစ်ခေါက်၊ သုံးခေါက်လောက်သွားတယ်။ ဘာထူးခြားလဲပေါ့။ သူတို့ကလည်း ပြောတယ်။ ဆောင်ရွက်ပေးနေတယ်တဲ့။ ဒါပေမဲ့ ဒီနေ့အထိတော့ ထူးခြားမှု ဘာတခုမှမရှိသေးဘူး။ သမီးက အေးတယ်။ ကျောင်းမှာလည်း စာတော်တယ်။ သူ့မှာ ရည်းစားလည်းမရှိဘူး။ ဖုန်းတောင် ဆယ်တန်းရောက်လို့ ပေးမကိုင် တော့ဘူး။ အလှအပလည်း မမက်ဘူး။ ဆံပင်အတိုနဲ့ပဲနေတာပဲ။ သူများတွေပြောနေသလို ချစ်သူနောက်လိုက် ပြေးတာလည်း မဟုတ်ဘူး။ သမီးမှာ ချစ်သူရည်းစားမရှိဘူးလေ။ အဲ့ဒါကြောင့် သက်ဆိုင်ရာဌာနနဲ့ တာဝန်ရှိတဲ့ သူတွေအနေနဲ့ အမြန်ဆုံးဆောင်ရွက်ပေးစေချင်တယ်။ ဒီနေ့နဲ့ဆို ၁၀ ရက်ကျော်လာပြီလေ။ မိဘတွေအနေနဲ့ အရမ်းကိုစိတ်ပူနေပါပြီ''ဟု ဦးနေလင်းအောင်က ဆိုသည်။

ပျောက်ဆုံးသွားသည့် မနှင်းသဇင် သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၄၅ ရပ်ကွက်၊ ဇော်ဂျီလမ်း၊ အမှတ် ၆၆၇ တွင် နေထိုင်ကြောင်း သိရသည်။
အဆိုပါ ၁၀ တန်းကျောင်းသူနှစ်ဦးအား လက်ရှိအနေအထားတွင် သက်ဆိုင်အာဏာပိုင်များမှ ရှာဖွေလျက်ရှိ သည့်အပြင် မိဘများအနေဖြင့် သတင်းအစအနရသည့်နေရာများသို့ လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။

နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှ ဆယ်တန်းကျောင်းသူနှစ်ဦး ပျောက်ဆုံးမှု ၁၀ ရက်ကျော်လာ၊ မိဘများ သောကဖြစ်နေ  ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှ ဆယ်တန်းကျောင်းသူနှစ်ဦး ပျောက်ဆုံးမှု ၁၀ ရက်ကျော်လာ၊ မိဘများ သောကဖြစ်နေ Reviewed by THITHTOOLWIN on 17:34 Rating: 5
Powered by Blogger.