ကျပ်သိန်း ၇၀၀ ကံထူးရှင်ရွေးခံရသည် ဆိုကာ ကျေးရွာနေသူ တစ်ဦးထံမှ ငွေလိမ်လည်တောင်း


 တောင်တွင်းကြီး ၊ ၁၆-၉-၂၀၁၅

 တောင်တွင်းကြီး မြို့နယ် သစ်ခုတ်ကွင်း ကျေးရွာနေသူ အမျိုးသား တစ်ဦးထံမှ ငွေကျပ်သိန်း ၇ဝဝ ကံထူးရှင် ရွေးချယ်ခံရသည် ဟုဆိုကာ ငွေလိမ်လည် လွှဲခိုင်းမှု စက်တင်ဘာ ၁ဝ ရက်က ဖြစ်ပွား ခဲ့ကြောင်း တောင်တွင်းကြီး မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ တောင်တွင်းကြီး မြို့နယ် သစ်ခုတ်ကွင်း ကျေးရွာနေ ဦးသန်းဦး သည် စက်တင်ဘာ ၁ဝ ရက် မွန်းတည့် ၁၂ နာရီက နေအိမ်တွင် ရှိနေခိုက် ဖုန်းအမှတ် ဝ၉- ၇၃၁၂ ၁ဝ၂၈ ဖြင့် အမည်မသိသူ တစ်ဦးက ၄င်း၏ဖုန်းသို့ ဆက်သွယ်လာပြီး ၄င်းမှာ အကောက်ခွန် ဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး ဖြစ်ကြောင်း ကမ်းရိုးတမ်းဖုန်း အလုံး ၂၇ဝ အတွက် ယခင်နှစ် ရရှိခဲ့သော အမြတ်ငွေ ကျပ်သိန်း ၁၄ဝဝ ကို ကံထူးရှင် နှစ်ဦး ရွေးချယ်ရာတွင် ဦးသန်းဦး နှင့် ဧရာဝတီတိုင်း ဒေသကြီးမှ တစ်ဦးတို့ ရရှိကြောင်း၊ တစ်ဦးလျှင် ငွေကျပ်သိန်း ၇ဝဝ အတွက် အခွန်ဆောင်ခ ငွေကျပ် ၂၈ သိန်း ပေးရမည်ဟု ပြောကြားခဲ့ သောကြောင့် ဦးသန်းဦးက ငွေကျပ် ၁၅ သိန်းသာ ရှိကြောင်းပြော၍ ငွေကျပ် ၁၅ သိန်း လွှဲပေးရန်နှင့် ကျန် ငွေကျပ် ၁၃ သိန်းကို နောက်မှ လွှဲပေးရန် အဆိုပါ လွှဲငွေများကို ရန်ကုန်တိုင်း ဒေသကြီး ကမာရွတ်မြို့နယ်၊ ဗွီဘဏ်ခွဲသို့  ဦးအောင်ပိုင် ၇/မညန(နိုင်) ၁ဝ၂၉၅၇ အမည်ဖြင့် လွှဲပေးရန် ပြောခဲ့သော ကြောင့် အဆိုပါနေ့ မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ တွင် ဦးသန်းဦး က တောင်တွင်းကြီးမြို့ ရှိ ဗွီဘဏ်သို့ ငွေကျပ် ၁၅ သိန်း လွှဲမည့်ကိစ္စ သွားရောက်ပြီး ဘဏ်စာရေးမ တစ်ဦးကို ရှင်းပြရာ လိမ်လည် တောင်းခံခြင်း ဖြစ်နိုင်ကြောင်း သိရသဖြင့် ဘဏ်အချင်းချင်း ဆက်သွယ်ကာ ကမာရွတ်မြို့နယ် ဗွီဘဏ်ခွဲမှ ဦးသန်းဦး ထံ ဆက်သွယ်ပြီး ဝ၉-၇၃၁၂ ၁ဝ၂၈ သို့ ငွေရောက် နေကြောင်းပြော ကြားခဲ့ရာ အဆိုပါနေ့ ညနေ ၄ နာရီ မိနစ် ၄ဝ တွင် ကမာရွတ် မြို့နယ် ဗွီဘဏ်ခွဲသို့ ငွေလာရောက် ထုတ်ယူသူများ ဖြစ်သည့် မျိုးမင်းပိုင်(ခ) ပိုင်လေး လှိုင်သာယာ မြို့နယ်၊ မျိုးဝင်းအောင် လှိုင်သာယာ မြို့နယ်၊ ရှိန်းကို(ခ) ရှိန်းထက်ဇော် လှိုင်သာယာ မြို့နယ် နေသူတို့ကို ကမာရွတ်မြို့နယ် မြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင် များက ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

အဆိုပါ ငွေကျပ် ၁၅ သိန်း လိမ်လည်လွှဲခိုင်း သူများဖြစ်သည့် ဦးအောင်ပိုင် ပါသုံးဦးကို အရေးယူ ပေးပါရန် စက်တင်ဘာ ၁၄ ရက်တွင် ဦးသန်းဦးက တရားလိုပြု တိုင်ကြားခဲ့သဖြင့် တောင်တွင်းကြီး မြို့နယ်၊ မြို့မ ရဲစခန်းက

(ပ)၃၇၁/ ၂ဝ၁၅၊ ပုဒ်မ- ၄၂ဝဖြင့် အမှုဖွင့် ထားကြောင်း သိရှိရသည်။

PyiChitThar
http://www.pyichitthar.com/2015/09/blog-post_65.html
ကျပ်သိန်း ၇၀၀ ကံထူးရှင်ရွေးခံရသည် ဆိုကာ ကျေးရွာနေသူ တစ်ဦးထံမှ ငွေလိမ်လည်တောင်း  ကျပ်သိန်း ၇၀၀ ကံထူးရှင်ရွေးခံရသည် ဆိုကာ ကျေးရွာနေသူ တစ်ဦးထံမှ ငွေလိမ်လည်တောင်း Reviewed by THITHTOOLWIN on 18:22 Rating: 5
Powered by Blogger.