မွန်းမတည့်မီ နေ၀င်သွားသူများ


 အေးသီတစ်ယောက် မနက်မိုးလင်းမှာ အရမ်းကြောက်နေမိတယ်။ လကုန်တော့မယ့် မနက်ဖြန်ကို အရင်က ဝမ်းပန်းတသာကြိုဆိုခဲ့ပေမယ့် အခုတော့ မနက်မိုးလင်းမှာကို ကြောက်နေမိတယ်လို့ သူမက ဆိုပါတယ်။
“မနက်ဆို အဆောင်ခနဲ့ ယူထားတဲ့ ဈေးဖိုးအကြွေးတွေပေးရမှာ၊ လက်ထဲ ပိုက်ဆံမရှိတော့ ရင်ပူနေရတယ်” လို့ အထည်ချုပ်အလုပ်သမလေး အေးသီက ပူပင်သောကများနေဟန်နဲ့ ဆိုလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကာလတုန်းက ပုံမှန် လစဉ်လစာငွေလေးနဲ့ အဆောင်ခ၊ ဈေးဖိုး စားစရိတ်အပြီး ဧရာဝတီတိုင်း၊ နယ်မြို့မှာရှိတဲ့ မိသားစုဆီ ငွေလွဲပို့နိုင်တဲ့အတွက် လကုန်ရက်တွေမှာ အပျော်ပီတိတွေ ဝေဖြာခဲ့ရ ပေမယ့် ဒီလအတွက်တော့ ရင်ပူနေရတယ်လို့ သူမက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၄ ရက်နေ့မှာ သူမ ဘယ်လိုမှမမျှော်လင့်ထားတဲ့ ဖြစ်ရပ်ကြောင့် သူမစိတ်ကူးတွေ၊ သူမအိပ်မက်တွေ လွင့်ပျောက်ခဲ့ပါတယ်။ အဲဒီနေ့ တစ်နေ့လုံး ဘာမှစားမဝင်ဘဲ ခေါင်းတစ်ခုလုံး မီးခိုးထွက်မတတ် စဉ်းစားခဲ့ရတယ်လို့ အေးသီက ဆိုပါတယ်။

အလုပ်သမားထုမျှော်လင့်နေတဲ့ အနည်းဆုံးလုပ်ခ ၈ နာရီ ကျပ် ၃၆၀၀ ဆိုတဲ့ သတင်းကောင်းကို မကြားရခင် သြဂုတ် ၂၄ ရက်နေ့မှာ အေးသီတို့အလုပ်လုပ်နေတဲ့ လှိုင်သာယာ၊ စက်မှုဇုန် ၄ က Asia Rose အထည်ချုပ်စက်ရုံမှာ အေးသီအပါအလုပ်သမား ၁၉၆ ယောက်ကို အလုပ်သမားဥပဒေအရ တစ်လကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ရှင်က အော်ဒါနည်းပါးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ကရပ်စဲ လိုက်ပါတယ်။
“အဲဒီနေ့က ကျွန်မတို့ မျက်ရည်တောင်ကျတယ်။ ဒီလကုန်ရင် ၃၆၀၀ ရတော့မယ်ဆိုပြီးဝမ်းသာနေကြတာ။ ၂၃ ရက်နေ့ ညနေအထိတော့ အလုပ်ဆင်းနေရတုန်းပဲ၊ မနက်အလုပ်လာတော့မှ စာရင်းပါတဲ့ ၁၉၆ ယောက် စက်ရုံထဲ မဝင်ရတော့တာ”လို့ မအေးသီက စိတ်ပျက်လက်ပျက် ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်လောက်က စတင်လည်ပတ်ခဲ့တဲ့ Asia Rose အထည်ချုပ်စက်ရုံမှာ အေးသီအပါအဝင် အလုပ်သမားအချို့နဲ့ စတင်ခဲ့တယ်လို့ သူမကဆိုပါတယ်။ အခုတော့ အလုပ်သမား ၄၂၀ ကျော် ရှိပြီးတော့ အချိန်ပို အမြဲလိုလိုရှိနေတယ်လို့ သူမကဆိုပါတယ်။ အလုပ်သမားအင်အား လျှော့လိုက်တဲ့အထဲမှာ လုပ်သက် ၁၀ နှစ်ကျော် အလုပ်သမားအများစု ပါသွားသလို အခြေခံအလုပ်သမားသမဂ္ဂအဖွဲ့ အကုန်နီးပါး ပါသွားတယ်လို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေက ဆိုပါတယ်။

အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို နစ်နာကြေး လာရောက်ထုတ်ယူကြဖို့ စက်ရုံကကြေညာထားပေမယ့် လျော်ကြေးမယူ အလုပ်ကိုသာ ပြန်ခန့်ဖို့ တောင်းဆိုနေတာကြောင့် အေးသီတို့ လစာနဲ့ လျော်ကြေးမယူဘဲ အလုပ်ပြန်ရမလားဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ စောင့်မျှော်နေကြပါတယ်။
“ကျွန်မတို့က ဒီစက်ရုံစကတည်းက လုပ်လာတာ၊ တစ်နေ့ Day ကြေး ၁၀၀ ကျော်နဲ့ လုပ်လာခဲ့တဲ့ လူတော်တော်များများ လူလျှော့တဲ့အထဲပါသွားတယ်၊ ၁၀ နှစ်ကျော်လောက်လုပ်လာပြီးမှ ဒီစက်ရုံက ထွက်ရမယ် ဆိုတော့ နောက်ဘယ်စက်ရုံကို သွားရမှန်းမသိတော့ပါဘူး” လို့ အလုပ်သမလေး တစ်ဦးကဆိုပါတယ်။
နယ်ကပြောင်းရွေ့လုပ်သားအများစုမှီခိုအားထားရာ လှိုင်သာယာစက်မှုဇုန်တွေမှာ လုပ်ခလစာနည်းနည်း ပေးကာ အလုပ်ခေါ်ယူတာတွေ အများအပြားရှိနေပါတယ်။ သို့သော် အနည်းဆုံးလုပ်ခ သတ်မှတ်လိုက်ပြီးတဲ့နောက် စက်ရုံတွေမှာ လုပ်သားအင်အားလျှော့တာတွေကြောင့် အလုပ်တစ်နေရာရဖို့ အခုချိန်မှာ မလွယ်ကူနိုင်တော့ပါဘူး။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ထားတဲ့ မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံက အများဆုံးရင်းနှီးမြှုပ်နှံထားသလို အထည်ချုပ်လုပ်ငန်းမှာလည်း တရုတ်နိုင်ငံက အများစုကြီးစိုးထားဆဲဖြစ်ပါတယ်။ နိုင်ငံအတွင်းမှာရှိတဲ့ အထည်ချုပ် လုပ်သားအများစုက တစ်နေ့ Day ကြေး တစ်ထောင်ကျော်သာရှိနေတဲ့အတွက် ၂၀၁၃ ခုနှစ်နောက်ပိုင်း မှာ လုပ်ခလစာတိုးမြင့်ပေးဖို့ တောင်းဆိုဆန္ဒပြမှုတွေရှိလာတဲ့အခါ အစိုးရက အရေးယူမှုတွေရှိခဲ့ပါတယ်။ လက်ရှိ အချိန်မှာလည်း အလုပ်သမားအချို့ကို ပုဒ်မတွေနဲ့ တရားစွဲဆိုထားဆဲဖြစ်ပါတယ်။

လုပ်ခလစာနည်းပါးတဲ့အတွက် မကြာခဏ ဆန္ဒပြတောင်းဆိုမှုတွေကို ဖြေရှင်းရန် အစိုးရက အနည်းဆုံးအခ ကြေးငွေ ဥပဒေကို ၂၀၁၃ ခုနှစ် မတ် ၂၂ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့ပြီး၊ ၂၀၁၅ ခုနှစ် သြဂုတ် ၂၉ ရက်နေ့ကြမှသာ တနိုင်ငံလုံး တပြေးညီ တစ်နာရီ ကျပ် ၄၅၀၊ ၈ နာရီအတွက် ကျပ် ၃၆၀၀ သတ်မှတ်ကြောင်း အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။

ဒီလိုအတည်မပြုခင် အနည်းဆုံးလုပ်ခ ကျပ် ၂၅၀၀ ကိုသာ ပေးနိုင်မယ်လို့ လုပ်ငန်းရှင်တွေက ဆိုထားပြီး ဇူလိုင် ၂ ရက်နေ့မှာ အထည်ချုပ်လုပ်ငန်းရှင်အသင်းက လုပ်ငန်းရှင် ၁၀၀ ကျော်က ကျပ် ၃၆၀၀ ကို မပေးနိုင်ဘူးလို့ လက်ထောင်ကာ ကန့်ကွက်ခဲ့ကြသလို ဇူလိုင်လ ၃ ရက်နေ့မှာလည်း လုပ်ငန်းရှင်တွေက ၃၆၀၀ ကို မပေးနိုင်ကြောင်း ကန့်ကွက်ခဲ့ကြပြန်ပါတယ်။

အနည်းဆုံးအခကြေးငွေ မသတ်မှတ်မီ ဇူလိုင်လ ၇ ရက်နေ့က လုပ်ငန်းရှင် ၁၇၅ ဦး ကန့်ကွက်လွှာကို သက်ဆိုင်ရာသို့ ပေးပို့ထားပြီး ဖြစ်တယ်လို့ အထည်ချုပ်လုပ်ငန်းရှင်အသင်း ကဆိုထားပါတယ်။

အငြင်းပွားမှုတွေနဲ့ သတ်မှတ်လိုက်တဲ့ အနည်းဆုံးအခကြေးငွေကြောင့် အထည်ချုပ်လုပ်ငန်းတွေမှာ အလုပ်သမားလျှော့ချမှုတွေရှိလာနိုင်တယ်လို့ အလုပ်သမားအရေးကျွမ်းကျင်သူတွေ သုံးသပ်ခဲ့ကြသလို အနည်းဆုံး အခကြေးငွေ မသတ်မှတ်မီ ရက်ပိုင်းအလိုမှာ လှိုင်သာယာစက်မှုဇုန်က အလုပ်သမား ၂၀၀ နီးပါးနဲ့ ရွှေပြည်သာ စက်မှုဇုန်က အလုပ်သမား ၂၀ နီးပါး လျှော့ချမှုတွေရှိလာခဲ့ပါတယ်။

“အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖေါ်လျှက်ရှိရာမှာ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲမှုလျှော့ချနိုင်ရေးအတွက် အလုပ်လုပ်နိုင်သူတိုင်း အလုပ်ရရှိဖို့နဲ့ သူတို့အတွက် သင့်တော်ကောင်းမွန်တဲ့ အလုပ်ရရှိရေးကိစ္စရပ်များကို အဓိကထားပြီး ဦးစားပေးဆောင်ရွက်နေတယ် ဆိုတာကို တွေ့ရှိရမှာဖြစ်ပါတယ်” လို့ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ဇူလိုင် ၂၄ ရက်နေ့ အလုပ်အကိုင်ပြပွဲမှာ ပြောခဲ့ပါတယ်။

အနည်းဆုံးလုပ်ခလစာ မသတ်မှတ်ခင် အလုပ်အမှာစာ နည်းပါးတဲ့အတွက် ၁၀ နှစ်အထက် အလုပ်သမားတွေအပါအဝင် အခြားအလုပ်သမား ၁၉၆ ယောက်ကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်နစ်နာကြေးပေးကာ လုပ်ငန်းခွင်က ရပ်စဲခံခဲ့ရတာကြောင့် အလုပ်ပြန်ခန့်ထားပေးဖို့ ဆက်လက် တောင်းဆိုနေကြပါတယ်။
“ ၃၆၀၀ ရရင် အိမ်အတွက်အဆင်ပြေပြီလို့ ပြောနေတဲ့အချိန်မှာ ကျွန်မတို့ အလုပ်ထုတ်ခံရတယ်၊ လျော်ကြေးပေးမယ်လို့ပြောတယ်၊ ကျွန်မတို့အတွက် လျှော်ကြေးမလိုဘူး၊ အလုပ်ပဲ လိုတယ်” လို့ Asia Rose အထည်ချုပ်စက်ရုံ အခြေခံအလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ မသန္တာမိုးက ပြောပါတယ်။ အလုပ်သမားတွေ အလုပ်ပြန်ရဖို့အတွက် တောင်းဆိုသွားမယ်လို့ သူမက ဆိုပါတယ်။

အလုပ်သမားတွေကို လုပ်ငန်းခွင်မှ မထုတ်ပယ်မီ ရက်ပေါင်း ၃၀ ကြိုတင်အကြောင်းကြားရမယ်လို့ အလုပ်သမားဥပဒေမှာ အတိအလင်းဖေါ်ပြထားပေမယ့် Asia Rose အထည်ချုပ်စက်ရုံမှာ ကြိုတင်အကြောင်းကြား ခြင်းမရှိဘဲ အလုပ်သမားတွေကို လုပ်ငန်းခွင်မှထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

အလုပ်ရှင်က အလုပ်သမားတစ်ယောက်ကို အလုပ်မှ ထုတ်ပယ်ရာမှာ အလုပ်သမားဥပဒေများနဲ့ ညီညွတ်မှုမရှိ ဟုယုံကြည်ရင် ထုတ်ပယ်ခံရတဲ့ အလုပ်သမားကို ပြန်ခန့်ထားဖို့ အလုပ်သမားအဖွဲ့အစည်းက သက်ဆိုင်ရာ အလုပ်ရှင်ထံ တောင်းဆိုခွင့်ရှိသည်လို့ အလုပ်သမားအဖွဲ့အစည်း ဥပဒေပုဒ်မ ၁၈ မှာ ဖေါ်ပြထားပေမယ့် Asia Rose အထည်ချုပ်စက်ရုံမှာ အခြေခံအလုပ်သမားသမဂ္ဂခေါင်းဆောင်တွေ အကုန်လုံးထုတ်ပယ်ခံထားရပါတယ်။
“၁၉၅၁ စက်ရုံ၊ အလုပ်ရုံအက်ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာ၊ နောက်ဆုံးထွက်လာတဲ့ အမိန့် ကြေညာစာနဲ့အညီ ဆောင်ရွက်ခဲ့တာပါ၊ သက်ဆိုင်ရာရုံးတွေကိုလည်း ပြောထားပါတယ်၊ ဥပဒေပြဋ္ဌာန်းချက်ပါအတိုင်း လျော်ကြေးငွေဥပဒေနဲ့အညီ ပေးထားပါတယ်၊ အဲဒါကြောင့် ဥပဒေအကုန်လုံးနဲ့အညီ ဆောင်ရွက်ခဲ့ပါတယ်၊ ဒါကြောင့်မို့လို့ သက်ဆိုင်ရာ ခုံသမာဓိကောင်စီ၊ ဝါဏိဇပဋိပက္ခဖြေရှင်းရေးအတိုင်း ဆက်လက်ဆောင်ရွက်နေပါတယ်” လို့ Asia Rose အထည်ချုပ်စက်ရုံမှူးက ဆိုပါတယ်။

ရက်ပေါင်း ၃၀ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ လုပ်သားအင်အားလျော့တာကို ဥပဒေနဲ့အညီလို့ဆိုတဲ့ အလုပ်ရှင်ကိုယ်စားလှယ်ရဲ့စကားအပေါ် ထုတ်ပယ်ခံရတဲ့ အလုပ်သမားတွေကမကျေနပ်ကြတဲ့အတွက် ဆန္ဒထုတ် ဖေါ်ဖို့အထိ ဆောင်ရွက်သွားမယ်လို့ ဆိုကြပါတယ်။

“ရက်ပေါင်း ၃၀ ကြိုတင်အကြောင်းကြားမယ်ဆိုရင် သူ့ရဲ့အလုပ်ထုတ်နစ်နာကြေး ၂ လဆိုရင် ၂ လစာပဲရမယ်၊ ရက်ပေါင်း၃၀ ကြိုတင်အကြောင်းမကြားရင် အပို တစ်လကြေး ထပ်ဆောင်းရမယ်၊ အခု လုပ်သားအင် အားလျှော့ချလိုက်တာ ဥပဒေနဲ့ညီပါတယ်။ အရှုံးပေါ်နိုင်တဲ့အချိန်မှာ ပိတ်မှာပဲ၊ လျှော့ချတာကို တားလို့မရဘူး၊ အစိုးရဌာန ဘက်ကနေပြီးတော့ ဘယ်စက်ရုံမှာ လုပ်သားအင်အားဘယ်လောက်လျော့မလဲ ဘယ်စက်ရုံမှာ လုပ်သားအင်အား ဘယ်လောက်လိုမလဲ ဆိုတာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က Data ကောက်ထားတယ်၊ လုပ်သားအင်အား လျော့ချခဲ့သည်ရှိသော် ဘယ်စက်ရုံက ဘယ်နှစ်ယောက်လိုသလဲဆိုတာ လမ်းညွန်ပေးလို့ရတယ်” လို့ အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီဋ္ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်နိုင် က ပြောပါတယ်။

အနည်းဆုံးအခကေးငွေထွက်ပေါ်လာပြီးနောက်ပိုင်းမှာ အထည်ချုပ်လုပ်ငန်းနဲ့အခြားလုပ်ငန်းတွေမှာ လုပ်သားအင်အားလျှော့ချမှုတွေရှိလာနိုင်ပြီး လုပ်သား နှစ်သိန်းကျော်အလုပ်လက်မဲ့ဖြစ်နိုင်တယ်လို့ အလုပ်သမား အရေး ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။

လက်ရှိအချိန်မှာ အနည်းဆုံးအခကြေးငွေမသတ်မီ ကြိုတင်လုပ်သားအင်အားလျှော့ချတာတွေ၊ မကြာမီ လာမယ့် ကာလအတွင်းလုပ်သားအင်အားလျှော့ချမှုတွေရှိလာနိုင်တဲ့အတွက်အလုပ်လက်မဲ့လုပ်သားအင်များ ပြားလာပြီး အလုပ်လက်မဲ့ဆန္ဒပြမှုတွေရှိလာနိုင်တယ်လို့ အလုပ်သမားရေးကျွမ်းကျင်သူတွေက ထောက်ပြကြပါ တယ်။

အလုပ်လက်မ့တွေများပြားလာမယ့် အချိန်မှာ အေးသီတို့လို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေအတွက် အလုပ်တစ်နေရာရရှိဖို့မလွယ်ကူနိုင်တော့ဘူးဆိုတဲ့အတွေးတစ်ခု အေးသီခေါင်းထဲရုတ်တရက်ဝင်လာစဉ်ခဏ “ကျွန်မတို့မိသားစုတွေအတွက် တည်မြဲတဲ့အလုပ်တစ်ခုတော့ လိုအပ်နေတာအမှန်ပါ” လို့ ရင်ဘတ်ထဲက လေပူ တွေအကြိမ်ကြိမ်မှုတ်ထုတ်ရင်း ဆိုလိုက်ပါတယ်။

မောင်သစ္စာ
Reporter News Journal
https://www.facebook.com/REPORTER.JOURNAL
မွန်းမတည့်မီ နေ၀င်သွားသူများ   မွန်းမတည့်မီ နေ၀င်သွားသူများ Reviewed by THITHTOOLWIN on 04:00 Rating: 5
Powered by Blogger.