အိမ်တွင်းအကြမ်းဖက်မှု တိုက်ဖျက်ဖို့ သန်း ၁၀၀ ချမှတ်

(Credit: ABC) 
သြစတြေးလျနိုင်ငံအတွင်းမှာ ​အိမ်တွင်းအကြမ်းဖက်မှုတွေ ​ပပျောက်သွားဖို့အတွက် ​အစိုးရက ​ဒေါ်လာ ​သန်း ​၁၀၀ ​ထပ်မံ ​ချမှတ်ပေးလိုက်ပါတယ်။

သြစတြေးလျနိုင်ငံမှာ ​အမျိုးသမီးတွေကို ​မလေးမစားပြုတာကို ​မမြင်ချင်လို့ ​ဒေါ်လာ ​သန်း ​၁၀၀ ​ထပ်ထည့်ပြီး ​အိမ်တွင်းအကြမ်းဖက်မှုကို ​တိုက်ဖျက်သွားမယ်လို့ ​ဝန်ကြီးချုပ် ​Malcolm ​Turnbull ​က ​ပြောပါတယ်။

မွေးလာတဲ့ ​သားငယ်တွေကိုလည်း ​သူတို့ရဲ့ ​မိခင်နဲ့ ​သူတို့ရဲ့ ​အစ်မ၊ ​ညီမတွေကို ​လေးစားတတ်အောင် ​လုပ်ဆောင်ကြရမယ်လို့ ​ဆိုပါတယ်။

ဒေါ်လာ ​သန်း ​၁၀၀ ​ကို ​အိမ်တွင်းအကြမ်းဖက် ​ကြုံရတဲ့ ​အမျိုးသမီးတွေ ​ရဲနဲ့ဆက်သွယ်လုပ်နိုင်အောင် ​စီစဉ်ပေးတဲ့ ​နည်းပညာတွေ၊ ​အိမ်တွင်းအကြမ်းဖက်မှု ​ခံရတဲ့ ​အမျိုးသမီး ​ဘယ်ရောက်နေသလဲ ​ဆိုတာကို ​နောက်ယောင်ခံလို့မရနိုင်အောင် ​စီမံထားတဲ့ ​မိုဘိုင်းဖုန်း ​အလုံးပေါင်း ​နှစ်သောင်းကို ​ချမှတ်ပေးမှာ ​ဖြစ်သလို ​အိမ်တွင်းအကြမ်းဖက်သူတွေ ​သွားလေရာကို ​နောက်ယောင်ခံပေးတဲ့ ​စက်တွေကိုလည်း ​ချမှတ်ပေးမှာ ​ဖြစ်ပါတယ်။

ဒါ့အပြင် ​အိမ်တွင်းအကြမ်းဖက်သူတွေနဲ့ ​အကြမ်းဖက် ​ခံရသူတွေ ​အသုံးပြုနိုင်တဲ့ ​ဖုန်းလိုင်းအတွက် ​ရံပုံငွေတွေ ​တိုးပေးမယ်လို့ ​သိရပါတယ်။

အိမ်တွင်းအကြမ်းဖက် ​ခံရသူတွေ ​ဘယ်နေရာမှာ ​နေနိုင်ပြီး ​ဘယ်လို ​အကူအညီတွေရနိုင်တယ်ဆိုတာကို ​အကူအညီပေးတဲ့ ​ဖုန်းလိုင်းဖြစ်သလို ​အိမ်တွင်းအကြမ်းဖက်သူတွေလည်း ​နောင်တရပြီး ​နောက်တစ်ကြိမ် ​မလုပ်မိအောင် ​ဘယ်လို ​လုပ်ဆောင်ရမလဲ ​ဆိုတာကို ​အကူအညီတောင်းနိုင်တဲ့ ​နေရာ ​ဖြစ်ပါတယ်။

အမျိုးသမီးရေးရာ ​ဝန်ကြီးက ​ဒီလို ​လုပ်ဆောင်ချက်ကို ​ကြိုဆိုလိုက်ပြီး ​သူ့မှာ ​ဆုံးဖြတ်ခွင့်အာဏာရှိမယ်ဆိုရင် ​အမေရိကန်နိုင်ငံက ​R&B ​အဆိုတော် ​Chris ​Brown ​ကို ​သြစတြေးလျနိုင်ငံထဲ ​ပေးဝင်မှာ ​မဟုတ်ဘူးလို့ ​ပြောလိုက်ပါတယ်။

R&B ​အဆိုတော် ​Chris ​Brown ​ဟာ ​ဒီဇင်ဘာလကျရင် ​သြစတြေးလျနိုင်ငံမှာ ​လာရောက်ဖျော်ဖြေဖို့ရှိနေပြီး ​သူ့ရဲ့ ​ရည်းစားဖြစ်သူ ​နာမည်ကြီး ​အဆိုတော် ​Rhianna ​အပေါ် ​အိမ်တွင်းအကြမ်းဖက်မှုတွေ ​လုပ်ခဲ့သူ ​ဖြစ်ပါတယ်။

ဒါကြောင့် ​အဲဒီလို ​အမျိုးသမီးကို ​အနိုင်ကျင့်တဲ့လူမျိုးကို ​သြစတြေးလျနိုင်ငံထဲ ​မဝင်လာစေချင်ဘူးလို့ ​အမျိုးသမီးရေးရာ ​ဝန်ကြီး ​Michaelia ​Cash ​က ​ပြောပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
အိမ်တွင်းအကြမ်းဖက်မှု တိုက်ဖျက်ဖို့ သန်း ၁၀၀ ချမှတ်  အိမ်တွင်းအကြမ်းဖက်မှု တိုက်ဖျက်ဖို့ သန်း ၁၀၀ ချမှတ် Reviewed by THITHTOOLWIN on 17:42 Rating: 5
Powered by Blogger.