(၆၃) ကြိမ်မြောက် ဘိုးတော်အောင်မင်းခေါင်ထွက်ပွဲကြောင့် ပုပ္ပါးတောင်ကလပ်၌ စည်ကားလျက်ရှိ


ကျောက်ပန်းတောင်း စက်တင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဘိုးတော် အောင်မင်းခေါင်ထွက်ပွဲကြီးကို ယခုနှစ်တွင် (၆၃)ကြိမ် မြောက်အဖြစ် ကျင်းပတော့မည်ဖြစ်ရာ အနယ်နယ်အရပ် ရပ်မှ ယုံကြည်ကိုးကွယ်သူများ၊ ဈေးရောင်းဈေးဝယ်သူ များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ယုံကြည်ကိုးကွယ်သူများမှာ အဓိဋ္ဌာန်ဝင်ပုတီးစိပ်ခြင်း များ ဆောင်ရွက်ရန်အတွက် တော်သလင်းလဆန်း ၈ ရက်၊ ၉ ရက်မှစတင်၍ အစုအဖွဲ့လိုက် ရောက်ရှိနေကြ ပြီး ဆယ့်နှစ်ပွဲဈေးသည်များနှင့် ဒေသခံဈေးသည်များ မှာလည်း မိမိတို့ရရှိသည့်နေရာများတွင် ဆိုင်ခန်းများ ဆောက်လုပ်လျက် စားသောက်ကုန်များ၊ ဒေသထွက်လက် မှုပစ္စည်းများ၊ တိုင်းရင်းဆေးမြစ်များ၊ ခြံထွက်သစ်သီးဝလံ များကို ရောင်းချရန်အဆင်သင့်ဖြစ်နေကြကြောင်း သိရ သည်။

ဘိုးတော်ထွက်ပွဲတွင် အနယ်နယ်အရပ်ရပ်မှ ယုံကြည် ကိုးကွယ်သူများသည် လဆန်းရက်မှစတင်ကာ ဘိုးတော် ထွက်ပွဲ၏ အဓိကနေ့ဖြစ်သော တော်သလင်းလပြည့်ကျော် ၂ ရက်ကို နောက်ဆုံးထား၍ အဓိဋ္ဌာန်ဝင်ခြင်း၊ အဓိဋ္ဌာန် ပုတီးစိပ်ခြင်းများ ဆောင်ရွက်ကြပြီး ဓာတ်ခန်းများတွင် ကန်တော့ပွဲများထိုး၍လည်း ပူဇော်ကြသည်။ ထို့ကြောင့် ဘိုးတော်ထွက်ပွဲရက်တွင် ဒေသထွက်ငှက်ပျောများ ထွက် သလောက်ရောင်းချကြရသည်။

''ကန်တော့ပွဲတစ်ပွဲမှာ ငှက်ပျောဖီးက ၁ဝ၈ ဖီးပါတယ်။ အုန်းသီးတစ်လုံးပါတယ်။ ကျန်တာကတော့ အမွှေးတိုင်၊ ဖယောင်းတိုင်တို့၊ တံခွန်၊ ကုက္ကားတို့ အပြည့်အစုံပေါ့။ တချို့လည်း ကော်ဖီမစ်တွေ၊ စီးကရက်ဘူးတွေကအစ ထည့်တာပေါ့။ တန်ဖိုးကတော့ ပွဲတစ်ပွဲကို ရိုးရိုးရခိုင် ငှက်ပျောနဲ့ပွဲဆိုရင် ငါးသောင်းခွဲ၊ ခြောက်သောင်းရှိတယ်။ ဖီးကြမ်းငှက်ပျောနဲ့ဆို တစ်သိန်းကျော်ရှိတယ်။ ရွှေငှက် ပျောနဲ့ဆိုရင်တော့ သုံးသိန်းကျော်လောက်ဖြစ်သွားပြီ။ ငှက်ပျောပွဲဖိုးက ဒီလောက်မဟုတ်ဘူး။ ငှက်ပျောအထမ်း သမားအတွက် သယ်ယူစရိတ်က များတာပါ။ အများအား ဖြင့် လပြည့်ကျော်မှ စုပြုံပြီးလာကြ၊ အလုအယက်ပွဲပေးကြ အဓိဋ္ဌာန်ဝင်ကြ လုပ်ကြတာလေ။ အဲဒီရက်တွေကျတော့ အထက်ဓာတ်ခန်းတွေအထိ ငှက်ပျောသမားတွေက ပင်ပင်ပန်းပန်းတက်ကြရတာ။ ဒါကြောင့် သယ်ယူခက အပေါ်ရောက်လေဈေးမြင့်လေပေါ့'' ဟု တောင်ကလပ်မှ မူလဓာတ်ခန်းတာဝန်ခံ ကိုသန့်စင်က ပြောသည်။

ဘိုးတော်ထွက်ပွဲရက်များတွင် ဒေသတွင်းဈေးသည် များ၊ အထမ်းသမားလုပ်သားများနှင့် ယာယီဆိုင်ကယ် ကယ်ရီဆွဲသူများ လုပ်ငန်းအဆင်ပြေကြသော်လည်း နှစ်ပတ်လည်လုပ်ကိုင်ကြသည့် ဒေသခံဆိုင်ကယ် ကယ်ရီ သမားများမှာ လုပ်ငန်းအဆင်မပြေကြောင်း သိရသည်။
''ဒီရက်တွေမျိုးကို ကျွန်တော်တို့ အမြဲတန်းဆွဲနေတဲ့ ကယ်ရီသမားတွေကတော့ သိပ်မကြိုက်ဘူးဗျ။ ဘာလို့ လဲဆို ယာယီလာပြီးလုပ်တဲ့သူတွေ သိပ်များတယ်။ ကျွန်တော်တို့ ပုံမှန်သမားက ၅ဝ လောက်ပဲရှိတာ။ ဒီလို ပွဲတော်ရက်မှာ အနီးပတ်ဝန်းကျင်ရွာတွေကလည်း လာ ဆွဲကြတယ်။ ရေနံချောင်း၊ ချောက်၊ ညောင်ဦး၊ မြင်းခြံဘက် တွေကလည်း ငါးယောက်တစ်ဖွဲ့၊ သုံးယောက်တစ်ဖွဲ့လာပြီး လုပ်ကြတယ်။ သူတို့တွေက လမ်းလည်းမကျွမ်းကျင်ကြ ဘူး။ ပြီးတော့ ရချင်ဇောနဲ့ အလုအယက် မောင်းကြတယ်။ အဲဒီတော့ တချို့က အန္တရာယ်ဖြစ်တယ်။ ဒီကြားထဲမှာ မသမာတဲ့သူတွေက ပါသေးတယ်။

ဧည့်သည်ပစ္စည်းကို ချောင်ရင်ချောင်သလို 'မ'ပြေးတဲ့ ကောင်ကရှိတယ်။ နာမည်ပျက်တော့ ကျွန်တော်တို့ဒေသခံတွေပါရောပြီး နာမည်ပျက်တယ်ဗျ'' ဟု ပုပ္ပားမြို့ပေါ်မှ ဆိုင်ကယ်ကယ်ရီ သမား ကိုငယ်က ပြောသည်။
ဘိုးတော်အောင်မင်းခေါင်သည် မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့်နှစ်တွင် ပုပ္ပားဒေသသို့ ရောက်ရှိလာပြီး ၁၃၁၄ ခုနှစ် တော်သလင်းလပြည့်ကျော် ၂ ရက်တွင် တောင်ကလပ်ပေါ်၌ ကွယ်လွန်အနိစ္စရောက်ကာ အသေ ထွက် ပုဂ္ဂိုလ်ထူးဖြစ်ကြောင်း ကိုးကွယ်သူများက ယုံကြည် ကြသည်။

၎င်းကွယ်လွန်သည့်နေ့ရောက်တိုင်း ၄င်း၏အကျင့်စရဏကို ယုံကြည်ကြသူများက တစ်ဦးချင်းသော် လည်းကောင်း၊ အစုအဖွဲ့လိုက်သော်လည်းကောင်း အစဉ် အလာမပျက် လာရောက်ကြ၍ ယုံကြည်မှုကိုအခြေခံပြီး ဘိုးတော်အောင်မင်းခေါင်အားရည်စူးကာ စတုဒိသာကျွေး ခြင်း၊ ပရိတ်ပဋ္ဌာန်းများရွတ်ဖတ်ခြင်း၊ အဓိဋ္ဌာန်ဝင်ခြင်း၊ ငွေကြေးစွန့်ကြဲလှူဒါန်းခြင်းများကို အဖွဲ့လိုက် အောင် စည်အောင်မောင်းတီးခတ်ကာ အဓိဋ္ဌာန်အောင် ကြွေး ကြော်သံများဖြင့် စီတန်းလှည့်လည် ကုသိုလ်ပြုကြသည့် ပွဲတော်တစ်ခုဖြစ်သည်။

နေအောင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
(၆၃) ကြိမ်မြောက် ဘိုးတော်အောင်မင်းခေါင်ထွက်ပွဲကြောင့် ပုပ္ပါးတောင်ကလပ်၌ စည်ကားလျက်ရှိ   (၆၃) ကြိမ်မြောက် ဘိုးတော်အောင်မင်းခေါင်ထွက်ပွဲကြောင့် ပုပ္ပါးတောင်ကလပ်၌ စည်ကားလျက်ရှိ Reviewed by THITHTOOLWIN on 08:13 Rating: 5
Powered by Blogger.