မဲစာရင်းတွေကို စစ်ဆေးကြဖို့ တိုက်တွန်း


 မဲစာရင်းတွေမှာ အသက် ၁၈ နှစ်ပြည့်ပြီးသူ မဲဆန္ဒရှင်ပြည်သူတွေအားလုံး မိမိတို့အမည်နဲ့ အချက်အလက်တွေ ပါ မပါ၊ မှန် မမှန်ကို သွားရောက်စစ်ဆေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒီကနေ့ ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့က ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုတိုက်တွန်း ပြောကြားခဲ့တာဖြစ်ပါတယ်။

"မဲပေးနိုင်တဲ့အခွင့်အရေးပေးထားတယ် ဒါပေမယ့် ဒီအခွင့်အရေးကိုသုံးမှ ကိုယ့်ရဲ့တာဝန်လည်း ကျေမှာဖြစ်ပါတယ်၊ ဒီတော့မဲပေးနိုင်ခွင့် အခွင့်အရေးကို သုံးဖို့ဆိုတာဟာ နံပါတ်တစ်ကတော့ ကျမတို့ ပြည်သူများ ၁၈ နှစ်ကျော်တဲ့ နိုင်ငံသူနိုင်ငံသားများအားလုံးဟာ မဲဆန္ဒရှင်စာရင်းထဲမှာ ပါဖို့လိုပါတယ်၊ ကိုယ့်ရဲ့နာမည်ပါဖို့လိုတယ်၊ အချက်အလက်တွေ မှန်ကန်ဖို့လိုတယ်၊ အဲ့ဒါလုပ်ဖို့ဆိုတာဟာ ကျမတို့ရဲ့ ပြည်သူပြည်သားတွေရဲ့ တာဝန်ဖြစ်ပါတယ်၊ တစ်ဦးချင်း တစ်ဦးချင်းဟာ ကိုယ့်ရဲ့နာမည်ဟာ မဲဆန္ဒရှင်စာရင်းထဲမှာပါရဲ့လား မှန်မှန်ကန်ကန်ရှိရဲ့လားဆိုတာကို ကြည့်ဖို့လိုပါတယ်"

ဒါ့အပြင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်ဖြစ်ဖို့အတွက် လာမယ့် ရွေးကောက်ပွဲဟာ အရေးကြီးကြောင်း၊ ဖက်ဒရယ်ဆိုတာဟာ ခွဲထွက်ရေးဆိုပြီး ပြောကြတာမှားနေကြောင်း ဖက်ဒရယ်ဆိုတာ ဗဟိုအစိုးရနဲ့ တိုင်း၊ ပြည်နယ်အစိုးရတွေကြားထဲ အာဏာတွေကို ဖွဲ့စည်းပုံအရ ခွဲဝေသုံးစွဲတာလို့ ယုံကြည်ကြရာမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

တစ်နိုင်ငံလုံးမှာ မူးယစ်ဆေးဝါးတွေပြန့်နှံ့နေပြီး ထိမ်းချုပ်နိုင်ဖို့ဟာ တိုင်းပြည်ရဲ့ အနာဂတ်နဲ့ သက်ဆိုင်နေကြောင်းလည်း ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ရဲ့ အစားထိုးစိုက်ပျိုးရေးရွာဖြစ်တဲ့ ဝမ်ဟွေ့ရွာကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။

RFA Burmese
https://www.facebook.com

မဲစာရင်းတွေကို စစ်ဆေးကြဖို့ တိုက်တွန်း  မဲစာရင်းတွေကို စစ်ဆေးကြဖို့ တိုက်တွန်း Reviewed by THITHTOOLWIN on 14:49 Rating: 5
Powered by Blogger.