မှောင်ရင်မီးထွန်း၊ နာကျင်သူပြုစု၊ ဆာလောင်သူဝေမျှ စဉ်းစားကြ


 မြန်မာအမျိုးသားလက်ရွေးစင် ဘောလုံးအသင်းဟာ သိပ်မကြာသေးခင်က ကျင်းပတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ၀က်ဝက်ကွဲရှုံးပွဲဆင်သွားခဲ့ပါတယ်။ နှစ် ၃၀ ၀န်းကျင်အတွင်း အဆိုးရွာဆုံးရှုံးပွဲတွေနဲ့ ရင်ဆိုင်ရတယ်လို့ ဘောလုံးဝါသနာရှင်တွေက ပြောကြပါတယ်။ ကမ္ဘာ့ဘောလုံးအဆင့်သတ် မှတ်ချက်အရလည်း အောက်ပိုင်းကို ထိုးဆင်းသွားပါတယ်။ ဘောလုံးအကြောင်း ကြီးကြီးကျယ်ကျယ်တွေပြော၊ သက်တမ်းအလိုက် ပြိုင်ပွဲတွေ ကျင်းပ၊ နိုင်ငံတကာပြိုင်ပွဲတွေ ၀င်ပြိုင်လုပ်နေရင်းမှာပဲ အမျိုးသားလက်ရွေး စင် အသင်းရဲ့ အခြေအနေဟာ ဟိုးတုန်းက အခြေအနေကိုပဲ ပြန်ရောက်သွားပါပြီ ခင်ဗျာ။ မောင်မှန်တို့တတွေ အားငယ်ရပါသော်ကော။

ဘောလုံးမှာ အားငယ်နေရပေမယ့် တဖက်မှာ အားတက်စရာတွေရှိနေလို့ တော်ပါသေးတယ်။ ကမ္ဘာ့အဆင့် အနေနဲ့ တတိယလိုက်တဲ့ကိစ္စတခုရှိတယ်။ ကမ္ဘာ့သစ်တောပြုန်းတီးမှုမှာ မောင်မှန်တို့နိုင်ငံက တတိယစွဲပါ တယ်။ (တလောက တပတ်တကျွန်းကျသွားတဲ့ သစ်စောရတွေရဲ့ နိုင်ငံကြီးကတော့ သစ်တောများ ပြန်လည် ဖုံးလွှမ်းလာမှုမှာ ကမ္ဘာ့အဆင့် ၁ ချိတ်ပါတယ်။ ကိုယ့်ဆီက အလုံးလိုက်ခုတ်ပြီး သူ့ဆီမှာ ကိုင်းကူးစိုက်နည်းနဲ့ အလုံးလိုက်များ ပြန်စိုက်လေသလား မပြောတတ်ဘူး၊ ထားတော့) ဒါတင် တတိယစွဲသလားဆိုတော့ မကသေး ဘူး၊ ကမ္ဘာ့မူးယစ်ဆေး ထုတ်လုပ်မှုမှာကျ ဒုတိယဗျာ၊ မကြာသေးခင် ရန်ကုန်မှာမိလိုက်တဲ့ စိတ်ကြွဆေးပြားတွေ ဆိုလည်း ဒေါ်လာသန်းချီတန်ပြီး ကမ္ဘာမှာ ဒုတိယအများဆုံး စံချိန်တင်ပြန်သတဲ့။ ခုထိလည်း အဲဒါကြီးက ပိုင်ရှင် မပေါ်သေးဘူး။ ပြင်တလင်းသား ငနင်းပြားဖြစ်နေတုန်းပဲ၊ (ပြင်တလင်းသားဆိုတာ အဖမဲ့သားကိုခေါ်တာပါ၊ ဆရာကြီး မင်းသုဝဏ်သုံးခဲ့ဖူးပါတယ်) ရန်ကုန်ရွှေမြို့တော်ကြီးထဲကို စိတ်ကြွဆေးတင် ကွန်တိန်နာယာဉ်ကြီး ဘယ်လိုဝင်ရောက်လာတယ်ဆိုတာကိုလည်း ဘယ်သူမှ ရှင်းရှင်းလင်းလင်း မသိကြရသေးဘူး။ ရှေ့မှာလည်း ဒါမျိုးကြီးတွေ ဘယ်လောက်လွတ်သွားခဲ့ပြီလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး။ ဒါကြီးလည်း လွတ်တယ်ဆိုရင် ဂွတ်ရှယ်ပဲ။

ရွေးကောက်ပွဲကြီးကလည်း နီးပြီမို့လား၊ ဟ, မူးယစ်ဆေးမိတာနဲ့ ရွေးကောက်ပွဲနီးတာ ဘာဆိုင်လို့တုံး မောင်မှန် ရာဆိုပြီးတော့ဖြင့် မမေးနဲ့နော်။ မောင်မှန်တို့ဆီမှာ လက်ဆုပ်လက်ကိုင် မပြနိုင်သေးပေမယ့် နိုင်ငံတကာမှာ တော့ ဒါမျိုးကြီးတွေဖြစ်လေ့ရှိတယ်။ ဘိန်းဘုရင်ကြီးတွေ၊ မူးယစ်ရာဇာကြီးတွေက သူတို့လုပ်ငန်းကရတဲ့ ငွေ တွေပုံအောသုံးပြီး သူတို့ကိုယ်တိုင် အတွက်ဖြစ်စေ၊ သူတို့ဆရာရဲ့ ဆရာမွေး၊ တပည့်မွေးတွေအတွက် ဖြစ်စေ ရွေးကောက်ပွဲ မဲဆွယ်လေ့ရှိကြပါတယ်။ ပေါ်သွားရင်တော့လည်း ကမ္ဘာ့ပြည်သူများ သိကြရတာပေါ့။ မပေါ်ရင် တော့လည်း အစိုးရအဖွဲ့ထဲ ဒါမှမဟုတ် လွှတ်တော်ထဲ ဘိန်းငနဲကိုယ်စားလှယ်တွေရောက်သွားတော့တာပေါ့။ ရွေးကောက်ပွဲ ရန်ပုံငွေကိစ္စဆိုတာ စည်းမျဉ်းအကန့်အသတ်တွေရှိပေမယ့် တကယ်တမ်းမှာ လက်တလုံးခြား မက၊ ဆံခြည်တမျှင်ခြားပါ လုပ်လို့ရတာတွေ အများကြီး၊ မဲဆိုတာ ဆွယ်ရုံမက ၀ယ်လို့ပါရတဲ့ အမျိုးပဲဟာ၊ နိုင်ငံ တကာမှာ ပြောတာနော်။ နိုင်ငံတကာမှာ ပြောတာ။

မောင်မှန်တို့ဆီမှာကတော့ မဲဝယ်ဖို့မဆိုထားနဲ့၊ မဲဆွယ်ဖို့တောင် မလိုသူတွေ မလိုဘူး၊ အေးဆေးပဲ၊ သူတို့ကို လူထုက အပြည့်အ၀ထောက်ခံပြီးသား၊ ပြည်ခိုင်ဖြိုးကနေ ဖြူးမြို့နယ်မှာ အရွေးခံမယ့် သူရဦးရွှေမန်းက သူ့ အနေနဲ့ ဖြူးမှာမဲဆွယ်ဖို့မလိုကြောင်း၊ မဲဆန္ဒရှင်တွေကို မျက်နှာလာပြခြင်းသာ ဖြစ်ကြောင်း၊ ဖြူးလူထုကိုပြောခဲ့ တယ်။ ဒီလိုပဲ သမ္မတကြီးရဲ့လမ်းညွှန်တာဝန်ပေးမှုနဲ့ မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စား လှယ်အဖြစ် (ပြည်ခိုင်ဖြိုးကမဟုတ်ဘဲ) တသီးပုဂ္ဂလအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ့် နေပြည်တော်ကောင်စီဝင် ဦးမျိုးညွန့်က ''ပွင့်ပွင့်လင်းလင်းပြောရရင် ယုံကြည်မှုလွန်ကဲတာ မဟုတ်ဘူး။ နိုဝင်ဘာ ၇ ရက် တနေ့တည်းနဲ့ ကျွန်တော့်အတွက် (မဲဆွယ်စည်းရုံးရန်) လုံလောက်တယ်။ နေပြည်တော်အတွက်''လို့ ပြောပါတယ်။ သုံးမိနစ်ပဲ စောင့်တော့မဟုတ်ဘူး၊ ၂၄ နာရီပဲစောင့်တဲ့၊ သုံးမိနစ်က ခေါက်ဆွဲပြုတ်ဆိုတော့ လွယ်တယ်၊ ကိစ္စမရှိဘူး။ ၂၄ နာရီက နိုင်ငံရေးရာမှာ အကြီးအကျယ် ယှဉ်ပြိုင်ရမယ့်ကိစ္စကြီး၊ ခက်တယ်။ ဒါပေမဲ့ တရက်ဆိုလည်း တရက်ပဲ ပေါ့။ ဦးမျိုးညွန့်ပြောတာကို သဘောပေါက်ပေမယ့် တကယ်က နိုဝင်ဘာ ၇ ရက်ဆိုတာ မဲမဆွယ်ရနေ့ (Silent Day) ဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း မဲဆွယ်စရာကို လုံးဝ(လုံးဝ) မလိုအပ်ဘူးလို့ ဆိုလိုတာလည်း ဖြစ်နိုင်ပါ တယ်။ ဂလောက်ကြီးပြောထားဆိုထားတာတောင် မလိုသူတွေက ဦးမျိုးညွန့်ကို နေပြည်တော်ကောင်စီရုံးနားက ရပ်ကွက်နှစ်ခုမှာ အာဏာသုံးပြီး မဲပေးခိုင်းတယ်ဆိုပြီး လျှောက်ပြောကြသေးတယ်။ ဒါကို ဦးမျိုးညွန့်က ''မဲပေး နည်းပါ၊ ကျွန်တော့်အောင်နိုင်ရေးအဖွဲ့က ကျွန်တော့်လက်ကမ်းစာစောင်မှာ ကျွန်တော့်ကို ထောက်ခံရင် တံဆိပ် တုံး ဒီမှာထုပါ၊ ဒါမျိုးပြောတာပါ။ ကျွန်တော့်ကို သဘောကျရင် ဒီနေရာလေးမှာထုပါ။ အဲဒါလေးပြောတာပါ''လို့ ဖြေရှင်းပါတယ်။ ဒါလေးများ၊ ဒါလေးများလာပြီး ပြောနေရတယ် အချစ်ရယ်ပေါ့။

မလိုသူတွေဆိုတာတော့ ဒီလိုပဲ ရှာကြံအပြစ်ပြောနေကြမှာပဲ။ သိကြားမင်းဖန်ဆင်းတဲ့ နွားတောင်ဖင်ရှုံ့တယ် အပြောခံရသေးတာမို့လား၊ မဲမဆွယ်ပြန်တော့တပြစ်၊ ဆွယ်ပြန်တော့လည်း တပြစ်၊ ခုပဲကြည့်ဦး။ ရွေးကောက် ပွဲနီးတော့ ထီးဝေ၊ အင်္ကျီဝေလုပ်တဲ့သူတွေလည်း လုပ်ကြတာပေါ့။ ဒါကို မဲဆွယ်ရက်ထက်စောလုပ်လို့ဆိုပြီး ကော်မရှင်ကို တိုင်တဲ့သူက တိုင်သေးတယ်။ ဒါဘာဖြစ်သတုံး၊ ထီးပေးတော့ ဆောင်းရတာပေါ့။ အင်္ကျီဝေတော့ ၀တ်ရတာပေါ့။ ပြည်သူတွေ အကျိုးရှိတာပဲ ဟုတ်ဖူးလား။ ဒါတွေဝေတဲ့ ပါတီကြီးဟာ အသင်းကြီးဘ၀ကတည်း က စုဆောင်းခဲ့တဲ့ငွေတွေမနည်ဘူး။ အသင်းကြီးတုန်းက အမျိုးသားရေးအသင်းကြီးအဖြစ်အမည်ခံလေတော့ အဲဒီအထဲ ပြည်သူ့ငွေတွေလည်းပါသပေါ့။ ပြည်သူထံမှ ပြည်သူထံသို့ ပြန်လည်စီးဆင်းတာ မနာလိုမရှိကြပါနဲ့ ခင်ဗျာ။ တခါ အာဏာပါဝါသုံးပြီး ပြည်သူတွေကို ဆေးလိုက်ကုသခိုင်းသတဲ့။ ပြောကြသေးတယ်။ စေတနာ အပြည့်နဲ့ ကျေးရွာအရောက် ခရီးပေါက်အောင်သွားပြီး ဆေးကုခိုင်းတာကိုတောင်မှ မဲဆွယ်နည်းတမျိုးလို့ ဆိုကြ သေးတယ်။ ဒါလည်း ပြည်သူတွေအကျိုးရှိတာပဲ ဟုတ်ဖူးလားလို့၊ ဘယ်သူဘယ်ဝါတွေကပဲ ကုပေးကုပေး၊ ရောဂါပျောက်ရေး အဓိကပဲမို့လား၊ ဒါကိုတော့ ကော်မရှင်တိုင်သံမကြားရဘူး။

ရွေးကောက်ပွဲဝင်မယ့် အငြိမ်းစားဗိုလ်ချုပ်ကြီးတယောက်ကလည်း နေပြည်တော်အနားက ကျေးရွာ ၁၆ ရွာ လျှပ်စစ်မီးရရှိရေးအတွက် သိန်း ၆၄၀ လှူတယ်။ ဒါလည်း သာဓုခေါ်ရမှာပဲ။ ဘယ်ကပိုက်ဆံလဲ၊ ဘာလဲ ညာလဲ စသဖြင့် အကျယ့်အကျယ် မငြိမ်းဖွယ်တွေ လျှောက်လုပ်နေစရာမလိုပါဘူး။ ဒါကို တချို့မျက်စောင်းခဲချင်သူတွေ ရှိသေးတယ်။ နောက်ပြီး အဲဒီ အငြိမ်းစားဗိုလ်ချုပ်က တရားဘာဝနာသမား၊ ရွေးကောက်ပွဲမှာ ပြည်သူတွေက မကြိုက်လို့ မဲမပေးရင် တရားအားထုတ်ပြီး အေးအေးဆေးဆေးနေတော့မယ်လို့ ပြောထားပြီးသား။ (ဟိုအရင် တုန်းက စိတ်မျိုးဆိုရင်တော့ မောင်မှန် ရေးမိဦးမှာ၊ ဘာလဲ တရားအားထုတ်မယ်ဆိုတာ တရုတ်အားထားမယ်လို့ ပြောတာလား၊ ဘာလားပေါ့လေ၊ ခုတော့ မောင်မှန် မရေးချင်တော့ပါဘူး။ တရားရနေပါပြီ)ကြည့်လေ၊ ရွေး ကောက်ပွဲမှာ ယှဉ်ပြိုင်သူ အတော်များများ ပြောလေ့ရှိသလို နိုင်ကိုနိုင်ရမယ်၊ ဘာဟယ် ညာဟယ် အတင်း မပြောဘူး။ သိန်း ၆၄၀ လှူပြီး အေးအေးဆေးဆေးပဲ နေရှာတယ်။

ခုလောလောဆယ် နယ်တကာနယ်၊ ဆွယ်တကာ့ဆွယ်ထဲမှာ ရှယ်တကာ့ရှယ်ကတော့ မြောင်းမြပွဲပဲခင်ဗျ။ စက်တင်ဘာ ၁၈ ရက်ကျင်းပခဲ့ပြီး အင်အားသောင်းချီတက် ရောက်ခဲ့ပါတယ်။ ရှယ်တကာ့ရှယ်လို့ ပြောရတာက အရင့်အရင်တွေနဲ့မတူလို့ပါ။ လူအင်အားရော၊ မဲဆွယ်လှုံ့ဆော်ပုံတွေရော ထူးပါတယ်။ လူအင်အားသောင်းချီက မြို့ခံမဟုတ်သူတွေ၊ အနီးဝန်းကျင်ရွာကလူတွေဆိုပေမယ့် များတာကတော့ များတာပဲလေ။ ဒါကို အလေ နတ္တော ပြောကြသေးတယ်။ ပိုက်ဆံပေးခေါ်လာတယ်တို့၊ ကြာဆံကြော်နဲ့ အင်္ကျီပေးမယ်ဆိုပြီး ခေါ်လာတယ်တို့ စသဖြင့်ပေါ့။ ဒါနဲ့ပတ်သက်ပြီး မြို့နယ်အဆင့်တာဝန်ရှိသူတယောက်က ''ကျွန်တော်တို့ ပါတီအနေနဲ့တော့ လာ ရောက်ထောက်ခံအားပေးကြတဲ့ သူတွေကို အခကြေးငွေပေးတာ မရှိပါဘူး။ အဆာပြေအဖြစ်သာ ကြာဆံ ကြော်ဘူးတွေ ပေးတာပှဲပါတယ်။ ဒီပွဲကလည်း ကျွန်တော်တို့ပါတီကို ထောက်ခံအား ပေးတဲ့သူတွေက ပါတီကို အားပေးမှုနဲ့ လုပ်ဆောင်တာပါ''လို့ပြောပါတယ်။ (ဇလွန်ပွဲတုန်းက ဘုရားမဲဖောက်ပေးတယ်၊ ၀က်သားဝေတယ်၊ တောင်သာပွဲမှာ ဒံပေါက်ဝေတယ်၊ လုကြယက်ကြလို့ ရန်တွေတောင် ဖြစ်ကြသေးတယ်ဆိုပဲ၊ ဒါတွေက နည်း နည်းကြာပါပြီ) ကိုယ့်ဟာနဲ့ကိုယ် ဘာဝေေ၀၊ ဘာလုပ်လုပ် လုပ်ချင်ရင်ရာလုပ်မှာပေါ့။ ပြည်သူ့ဘဏ္ဍာတွေနဲ့ လုပ်သလား၊ ဘာလားသိချင်ရင် လာစစ်ကြည့်ကြပေါ့။ တွေ့သွားမယ်၊ ပါတီကြီးရဲ့တလသုံးငွေကို ပေါ်တင်ထုတ် ပြောထားတာ ဘာမှမကြားသေးဘူး။ မဲဆွယ် လှုံ့ဆော်ပုံထူးတာက အရင်လို ဦးဘယ်သူကို မဲပေးပါဆိုတာမျိုး မဟုတ်တော့ဘူး။ ကဗျာ ဆန်လာတယ်။ ဆန်းသစ်လာတယ်။ ရင်မှာစွဲလမ်း ဦးတင့်ဆန်းတဲ့၊ ပြည်သူချစ်ကြည် ဦးခင်ရီတဲ့၊ မြညိုချစ်သော ကိုရင်သြတဲ့၊ ဟာ,မှား ကုန်ပြီ၊ ဒါက ဘီအီးဒီအောင်သိုက်ရဲ့ ကက်ဆက်ဇာတ်လမ်း နာမည် ချည်းပဲ။ ဦးတင့်ဆန်းကို ပြည်သူတကယ်စွဲလမ်း၊ မလမ်းတော့ မသိဘူး။ မောင်မှန်ကတော့ အမှန်အကန် စွဲလမ်းတယ်။ မောင်မှန်အစမှာ ရေးခဲ့တဲ့ မြန်မာဘောလုံးနိမ့်ကျမှုကြီးဟာ ဦးတင့်ဆန်း အားကစားဝန်ကြီးအဖြစ် တာဝန်ယူစဉ်မှာ ပေါ်ပေါက်ခဲ့တာမို့လား၊ မမေ့တော့ပါဘူး။ ဦးခင်ရီကိုတော့ ပြည်သူရော မောင်မှန်ပါ တကယ် ကြီး ချစ်ကြည်တာပါ။ နအဖခေတ်မှာ ရဲချုပ်လုပ်ခဲ့ကြီး လ၀က၀န်ကြီးဘ၀မှာ မဲစာရင်းနဲ့နှိုင်းယှဉ်ဖို့ သန်းခေါင် စာရင်းကောက်ပေးခဲ့တာမို့လား၊ မချစ် ဘယ်ခံနိုင်ပါ့မတုန်း၊ ထားပါတော့ (မြောင်းမြကို တုပပြီး ကျန်တဲ့နယ်တွေ မှာလည်း ပါးရိုက်ဂုဏ်တင့်ဦးအုန်းမြင့်တို့၊ တနပ်ပိုင်ပိုင် ဦးမြင့်လှိုင်တို့ စတဲ့ဟာမျိုးတွေလည်း ပေါ်လာနိုင်ပါသေး ခင်ဗျာ)

ဒါနဲ့ မောင်သစ်မင်းရေးပြီး ကျော်ဟိန်းဆိုတဲ့ စဉ်းစားကြဆိုတဲ့ သီချင်းကို စာဖတ်သူများ နားထောင်ဖူးကြတယ် မဟုတ်လား။ ''မှောင်နေရင်လေ မီးထွန်းလိုက်၊ နာကျင်သူကို ပြုစုလိုက်၊ ဆာလောင်သူကို ကိုယ့်အထဲက တ၀က်ဝေမျှလိုက် . . . လူတွေစဉ်းစားကြ၊ စဉ်းစားကြ၊ လောကအတွက် . . . သင်ဟာ သမိုင်းကြောင်း ကောင်းဖို့ တခုခုလုပ်ခဲ့သလား''တဲ့။ ကြည့်လေ သိန်း ၆၄၀ လှူတယ်ဆိုတာ မှောင်နေတာကို မီးထွန်းတာပဲ၊ ဆေးတွေ လိုက်ကုပေးတယ်ဆိုတာ နာကျင်သူကို ပြုစုတာပဲ၊ ဒံပေါက်တွေ၊ ကြာဆံကြော်တွေ၊ ၀က်သားတွေ ဝေတယ်ဆိုတာ ဆာလောင်သူကိုဝေမျှတာပဲ၊ (တ၀က်တော့ ဟုတ်ချင်မှဟုတ်မှာပေါ့)ဒါတွေဟာ လောက အတွက် စဉ်းစားပြီး လုပ်တဲ့လုပ်ရပ်တွေလို့ မောင်မှန်မြင်ပါတယ်။ (ခဏလား၊ တဘ၀လားတော့ မသိဘူးပေါ့ နော်) သမိုင်းကြောင်းကောင်းဖို့လုပ်တဲ့လုပ်ရပ်တွေလို့ မောင်မှန်ထင်ပါတယ်။ ဒါကိုပဲ စည်းကျော်ဘောင်ကျော် တယ်။ အချိန်မတိုင်ခင် စည်းရုံးတယ်၊ ပါဝါအာဏာသုံးတယ်။ ပြည်သူ့ဘဏ္ဍာနဲ့ မဲဆွယ်တယ် စသဖြင့် သွားပုပ်လေလွင့်ပြောနေကြသူတွေ ဟိတ်ဆိုဟိတ် တိတ်ဆိုတိတ်လိုက်ကြပေရော့။

မောင်မှန်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
မှောင်ရင်မီးထွန်း၊ နာကျင်သူပြုစု၊ ဆာလောင်သူဝေမျှ စဉ်းစားကြ  မှောင်ရင်မီးထွန်း၊ နာကျင်သူပြုစု၊ ဆာလောင်သူဝေမျှ စဉ်းစားကြ Reviewed by THITHTOOLWIN on 18:19 Rating: 5
Powered by Blogger.