လှိုင်သာယာ(၁၁)ရပ်ကွက်၌ နှစ်ကြိမ်မြောက် အိမ်ပေါ်တက်၍ လုယက်မှုဖြစ်ပွား


 ရန်ကုန် စက်တင်ဘာ ၅

 ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၌ ဒုစရိုက်မှုများ ဖြစ်ပွား လျက်ရှိရာ စက်တင်ဘာ ၂ ရက် နံနက် ၁ နာရီ ၁၅ မိနစ်က အမှတ် (၁၁) ရပ်ကွက် စံပယ်လမ်း အိမ်အမှတ် (၁၇၄/က) ဇနီးမောင်နှံနေထိုင်သောအိမ်၌ အမျိုးသားမရှိခိုက် ဇနီးသည်တစ်ဦးတည်းရှိစဉ် လူငယ်တစ်ဦးက အိမ်ပေါ်သို့ တက်ကာ အကြမ်းဖက်တိုက်ခိုက်၍ လက်စွပ်နှင့်ငွေယူပြီး ထွက်ပြေးသွား ကြောင်း သိရသည်။

''ကျွန်မအသက်က ၂၂ နှစ်ရှိပြီ။ ဇာတိက ဇလွန်ကပါ။ အိမ်ထောင်ကျတာ လေးလပဲ ရှိပါသေးတယ်။ စက်တင်ဘာ ၂ ရက် မနက် ၁ နာရီ ၁၅ မိနစ်မှာ သွေးအားနည်းရောဂါ အခံလည်းရှိတော့ ကိုယ်ဝန်နှစ်လရှိတဲ့အရှိန်ကြောင့် မူးပြီး အန်တာ နှစ်ရက်ရှိပြီ။ အဲ့ဒီညက အမျိုးသားက တက္ကစီမောင်းဖို့ အုံနာကြေးကိစ္စ နဲ့ သူ့သူငယ်ချင်းအိမ်ကိုသွားတာ ပြန်မလာဖြစ်ဘူး။ အိမ်အတွင်းခန်းအဝမှာ လှဲနေတဲ့အချိန် အသက် ၁၆ နှစ်ကျော်လောက်ရှိ လူငယ်တစ်ဦး ငွေမင်ရောင် သုတ်ထားတဲ့ ခြောက်လက်မကျော် သစ်သားဓားကိုကိုင်ပြီး ဟနေတဲ့ အိမ်တံခါးဝ ကိုဖွင့်ပြီး ပြေးတက်လာတယ်။ ပြီးတော့ ကျွန်မရဲ့လည်ပင်းကို ညှစ်ပြီး ရင်ဝကို အပေါ်ကနေ ဒူးနဲ့ထောက်ထားတယ်။ ကိုယ်ဝန်နှစ်လရှိပြီဆိုတော့ ဗိုက်ကို ထိခိုက်မိမှာစိုးရိမ်လို့ ဘာမှပြန်မလုပ်ဘူး။ လက်ကို နောက်ပြန်ချည်တယ်။ ပါးစပ်ထဲကို စောင်ထိုးထည့်တယ်။ ပိုက်ဆံအိတ်ထဲက ငွေကျပ် ၃ဝဝဝဝ နဲ့ မောင်းကွင်း လက်စွပ်ကိုယူတယ်။ ပြီးတော့လည်ပင်းကို လေး၊ ငါးမိနစ်နီးပါး ညှစ်တယ်။ နောက်ပြန်ချည်ထားတဲ့ ကြိုးစတစ်ဖက်ပြုတ်သွားလို့ သူ့ကိုကန်ထုတ် လိုက်တော့လဲသွားတယ်။ လည်ပင်းနာနေတော့ အော်လို့မရဘူး။ အဲ့ဒီ ကောင်လေးပြန်ထလာပြီး ခြင်ရိုက်တဲ့ဘက်တံနဲ့ ကျွန်မနဖူးကိုထုတော့ မေ့ချင် သလိုလို ဖြစ်သွားသေးတယ်။ မျက်နှာကို ခေါင်းအုံးနဲ့အုပ်ပြီး ဖိထားတယ်။ ပြန်တွန်းချပြီး ကန်လိုက်တော့ လဲသွားတယ်။ ခေါင်းအုံးဘေးနားက ကျောက်လှည့် ကို လက်ကကိုင်မိသွားချိန်မှာ ခေါင်းရင်းအိမ်က ပြတင်းပေါက်ဖွင့်တဲ့အသံလည်း ကြားရော အိမ်ရှေ့ပေါက်ကနေ ဆင်းပြေးသွားတယ်။ ခေါင်းရင်းက ဆရာမကို အကူအညီတောင်းပြီးဆေးခန်းပြရတယ်။ မနက်မှ အမျိုးသားနဲ့ သောင်ကြီး ရဲစခန်းမှာ အမှုဖွင့်တာ၊ ဒုရဲအုပ်ဇေယျာထွန်းက ဓာတ်ပုံတွေပြတော့ အိမ်ပေါ် တက်ပြီး လုသွားတဲ့ကောင်လေးဟာ ထွန်းထွန်းနိုင်(ခ) ငပိန်ဆိုတာ သိခဲ့ရ တယ်။ ရွာမှာတစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး။ မြို့ပေါ်လူစည်ကားတဲ့ ရပ်ကွက်မှာ ဖြစ်သွားတယ်ဆိုတာ အံ့လည်းအံ့သြတယ်။ ကြောက်လည်း ကြောက်သွား တယ်'' ဟု မသက်ငုံဖူးက ပြောသည်။

အခင်းဖြစ်ပွားရာ စံပယ်လမ်းသည် ကွန်ကရစ်လမ်းဖြစ်ပြီး လူနေထိုင်မှု သန့်ကာ သောင်ကြီးရဲစခန်းနှင့် ကိုက် ၆ဝဝ ကျော်သာရှိ၍ အနော်ရထာလမ်းမ ကြီးနံဘေး၌ တည်ရှိသည်။ ထိုလုယက်ခံရသော အိမ်နှင့် သုံးအိမ်ကျော်ရှိ စက်ရုံဆင်းအမျိုးသမီးနှင့် မောင်ငယ်တို့နေထိုင်သော အိမ်၌လည်း ဧပြီ ၂၈ ရက်က အဆိုပါ ထွန်းထွန်းနိုင်(ခ)ငပိန်ဆိုသော လူငယ်ကပင် နံနက် ၃ နာရီတွင် အိမ်ပေါ်တက်၍ ဓားဖြင့် ခြိမ်းခြောက်ကာ ငွေကျပ်နှစ်သိန်းတန် ဆွဲကြိုးကို လုယက်ခဲ့သောကြောင့် အမှုဖွင့်ထားကြောင်း ဆွဲကြိုးပါသွားသော မနော်လားဘွယ်ဆေးထံမှ သိရသည်။

''ကျွန်မက လင်မယားနှစ်ယောက် သန်းခေါင်ကျော်ကြီး ရန်ဖြစ်နေတယ် ထင်တာ။ ပြန်အိပ်ပျော်ခါနီး အသံပိုကျယ်လာတော့ ပြတင်းပေါက်တံခါး ထဖွင့် တော့မှ ကလေးမလေး ဒုက္ခရောက်နေတယ်ဆိုတာ သိရတာ။ အသံတောင်မထွက် နိုင်ဘူး။ အရင်တက္ကစီမောင်းတဲ့ အိမ်ငှားတွေတုန်းကလည်း အိမ်မှာရှိတဲ့ ပစ္စည်းတွေ ဖောက်ထွင်းခံရဖူးသေးတယ်။ ခြေရင်းအိမ်က ဒါနဲ့ဆိုရင် နှစ်ကြိမ် ရှိပြီ။ ညဘက်ဆိုရင် စိုးရိမ်စိတ်နဲ့ နေနေကြရတယ်'' ဟု ကျောင်းဆရာမတစ်ဦး က ပြောသည်။

ထိုလမ်းထဲ၌ အိမ်ပေါ်တက်၍ အကြမ်းဖက်လုယက်မှု နှစ်ကြိမ်၊ ဖောက်ထွင်းမှုတစ်ကြိမ် ဖြစ်ပေါ်ခဲ့ပြီး ပြစ်မှုကျူးလွန်သူကို ထိန်းသိမ်းနိုင်မှု မရှိသောကြောင့် အဆိုပါရပ်ကွက်မှ ပြည်သူများစိုးရိမ်လျက်ရှိသည်။

''လမ်းပေါ်တင်မဟုတ်ဘူး၊ အိမ်ထဲမှာပါ ပြည်သူတွေ လုံခြုံမှုမရှိဘူးဆိုရင် ကျွန်တော်တို့ ဘယ်သွားနေရမလဲ။ တစ်ခါမှ ဇနီးကို ညဘက်ထားခဲ့ပြီး အပြင် မသွားဖူးဘူး။ စီးပွားရေးအတွက်ကြောင့်သာ သွားရတာ။ ကိုယ်ဝန်ရှိနေတဲ့ အပြင် သွေးအားနည်း ရောဂါရှိတော့ အခုလိုဖြစ်သွားတာကို ဖြေလို့မရဘူးဖြစ် နေတယ်။ မီးလင်းနေတဲ့လမ်း၊ ခေါင်းရင်းခြေရင်း လူရှိနေတာတောင် အခုလို အကွက်ကျကျလုပ်ဆောင်မှုမျိုး အခြားလူတွေလည်း မခံစားစေချင်ဘူး။ လူမထိခိုက်လို့ တော်သေးတယ်။ သောင်ကြီးစခန်းနဲ့လည်းနီးတော့ အခုလိုဖြစ် တာ ပြည်သူတွေရဲ့ စိုးရိမ်စိတ်ကိုပိုပြီး တွန်းအားပေးသလိုဖြစ်နေတယ်။ တရား ဥပဒေစိုးမိုးမှုအားနည်းနေဆဲပဲလို့ ယူဆလို့ရတယ်။ ကျန်တဲ့သူတွေလည်း ကျွန်တော်တို့လို မဖြစ်စေချင်ဘူး။ သောင်ကြီးရဲစခန်းမှာ အမှုဖွင့်ထားတယ်။ ထူးခြားရင် အကြောင်းကြားဆက်သွယ်မယ်လို့ ပြောတယ်'' ဟု မသက်ငုံဖူး၏ အမျိုးသား ကိုနေဇင်မြင့်ဝင်းက ပြောသည်။

 မြင့်မြတ်သစ္စာ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
လှိုင်သာယာ(၁၁)ရပ်ကွက်၌ နှစ်ကြိမ်မြောက် အိမ်ပေါ်တက်၍ လုယက်မှုဖြစ်ပွား  လှိုင်သာယာ(၁၁)ရပ်ကွက်၌ နှစ်ကြိမ်မြောက် အိမ်ပေါ်တက်၍ လုယက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 07:04 Rating: 5
Powered by Blogger.