ဗုဒ္ဓဆင်းတုတော်များ နှစ်စဉ်ခိုးယူခံရမှုများ ရှိနေသော်လည်း ထိရောက်စွာ ဖော်ထုတ် အရေးယူနိုင်မှု မရှိ


စစ်ကိုင်း ၊ ၁၅-၉-၂၀၁၅

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ရှေးဟောင်း သမိုင်းဝင်စေတီ၊ ပုထိုးများနှင့် တန်ဆောင်း၊ ကျောင်းကန် များ၌ တည်ထား ကိုးကွယ်လျက် ရှိသော ဗုဒ္ဓ ဆင်းတုတော် များမှာ နှစ်စဉ် ခိုးယူခံရလျက် ရှိသော်လည်း ထိရောက်စွာ ဖော်ထုတ် အရေးယူ ပေးနိုင်ခြင်း မရှိသေးကြောင်း ရွှေဘိုခရိုင် အတွင်းရှိ ဗုဒ္ဓ ဆင်းတုတော်များ ခိုးယူခံထား ရသည့် ဂေါကလူကြီး တစ်ဦးက ပြောပြသည်။

''နှစ်စဉ်လိုလို ဆင်းတုတော်တွေ ခိုးယူခံရပါတယ်။ အမှုဖွင့် တိုင်တန်းထားတယ်။ ဒါပေမဲ့ နှစ်ဟောင်းက အမှုတွေ ဖော်ထုတ်နိုင်တာ မရှိသလို ဘုရား ဆင်းတုတော် တွေလဲ ထပ်မံခိုးယူခံ နေရပါတယ် '' ဟု ၄င်းက ဆက်လက် ပြောပြသည်။

စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့သည် မြန်မာ သက္ကရာဇ် ၁၁၁၅ ခုနှစ်၊ ပထမ ဝါဆိုလ၊ ခရစ်သက္ကရာဇ် ၁၇၅၃ ခုနှစ်တွင် ရတနာသိင်္ဃ ကုန်းဘောင် နေပြည်တော်ကို အလောင်း မင်းတရားကြီး ဦးအောင်ဇေယျ က တည်ထောင်ခဲ့သည်။ ထို့ကြောင့် အဆိုပါခရိုင် အတွင်း၌ ရှေးဟောင်း သမိုင်းဝင်စေတီ၊ ပုထိုးများ၊ တန်ဆောင်း၊ ကျောင်းကန်များ အများအပြား တည်ရှိနေခြင်း ဖြစ်သည်။

ထို့ပြင် ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ဟန်လင်းကြီး ကျေးရွာအနီး ရှိ ဟန်လင်း ပျူမြို့ဟောင်း သည် ကမ္ဘာ့သမိုင်းဝင် ယဉ်ကျေးမှု မြို့ဟောင်းအဖြစ် ယူနက်စကိုမှ အသိအမှတ် ပြုထားသည်။

စစ်ကိုင်းတိုင်း ဒေသကြီးသည် ရှေးမြန်မာမင်း အဆက်ဆက် ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ် ကာလများ၏ သမိုင်း အထောက် အထားများ၊ ယဉ်ကျေးမှု အမွေအနှစ် များနှင့် သာသနိက အဆောက်အအုံများ ဖွံ့ဖြိုးစည်ပင်ရာ ဒေသကြီးတစ်ခု ဖြစ်သည်။ ထိုဒေသအတွင်း ရှိ ရှေးဟောင်း သမိုင်းဝင် စေတီ၊ ပုထိုးများနှင့် တန်ဆောင်း၊ ကျောင်းကန်များ၌ တည်ထား ကိုးကွယ်လျက် ရှိသော ဗုဒ္ဓ ဆင်းတုတော် များမှာ သာသနိက အမွေအနှစ် တန်ဖိုးအရ ကြီးမားသကဲ့သို့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် များအရ တန်ဖိုး အလွန်ကြီးမား ကြောင်း ဗိသုကာ ပညာရှင် ဦးမောင်မောင်စိုးတင့် က မှတ်ချက်ပြု ပြောပြသည်။

အဆိုပါ တန်ဖိုးနှစ်ရပ် ကြီးမားသော ဗုဒ္ဓဆင်းတုတော် များမှာ နှစ်စဉ် ခိုးယူခံရလျက် ရှိကြောင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ခင်ဦးမြို့နယ်နှင့် ကျောက်မြောင်း မြို့နယ်ခွဲ တို့တွင် လည်းကောင်း၊ မုံရွာခရိုင် ချောင်းဦးမြို့နယ် တွင် လည်းကောင်း၊ စစ်ကိုင်းခရိုင် မြင်းမူမြို့နယ် တွင် လည်းကောင်း၊ ယင်းမာပင်ခရိုင် ဆားလင်းကြီး မြို့နယ်နှင့် ယင်းမာပင် မြို့နယ်တို့တွင် လည်းကောင်း ယမန်နှစ်များက ဗုဒ္ဓဆင်းတုတော်များ ခိုးယူခံရသည့် ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည်။

သို့သော် ယနေ့အချိန်ထိ သက်ဆိုင်ရာက ဗုဒ္ဓဆင်းတုတော် များ ခိုးယူခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း ၊ သတင်းထုတ်ပြန် ပေးနိုင်ခြင်း တစ်စုံတစ်ရာ မရှိသေးကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
ဗုဒ္ဓဆင်းတုတော်များ နှစ်စဉ်ခိုးယူခံရမှုများ ရှိနေသော်လည်း ထိရောက်စွာ ဖော်ထုတ် အရေးယူနိုင်မှု မရှိ  ဗုဒ္ဓဆင်းတုတော်များ နှစ်စဉ်ခိုးယူခံရမှုများ ရှိနေသော်လည်း ထိရောက်စွာ ဖော်ထုတ် အရေးယူနိုင်မှု မရှိ Reviewed by THITHTOOLWIN on 18:01 Rating: 5
Powered by Blogger.