ကျောင်းသူ (၁) ဦး အဓမ္မပြုကျင့်ခံရ


      ကလေးမြို့နယ် တင်သားကျေးရွာတွင် ယခုလ(၁)ရက်နေ့၌ အရွယ် မရောက်သေးသည့် (၁၀) တန်း ကျောင်းသူအား ခဲအို ဖြစ်သူမှ တူမဖြစ်သူ နေမကောင်း၍ ဆေးရုံ တင်ထားရကြောင်း ပြောဆိုကာ ဘော်ဒါဆောင်မှ ခေါ်ဆောင်ပြီး လမ်းတွင် အကြိမ်ကြိမ် အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သဖြင့် အရေးယူထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

      မ........(၁၇)နှစ်သည် ကလေးမြို့နယ် တင်သားကျေးရွာရှိ ဘော်ဒါဆောင် တစ်ခုတွင် (၁၀) တန်း ပညာများ သင်ယူဆည်းပူးနေပြီး ပြီးခဲ့သည့် သြဂုတ်လ(၂၂) ရက်နေ့၌ ခဲအိုဖြစ်သူ ကို.......(၂၃)နှစ်မှ ရောက်ရှိလာပြီး၊ တူမဖြစ်သူ နေမကောင်း၍ ဆေးရုံတင်ထားရကြောင်း၊ အဒေါ်ဖြစ်သူအား မေးမြန်းနေသည့် အတွက် ခဏခေါ်သွားချင်ကြောင်း ဘော်ဒါအုပ်ထံ ခွင့်တောင်းပြီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ တင်သားကျေးရွာနှင့် ကြံသာကျေးရွာကြား အရောက်တွင် ဆိုင်ကယ်ရပ်ပြီး အသင့်ပါလာသည့် ဓားဖြင့် ထောက်ကာ “မအော်နဲ့ အော်ရင် သတ်ပစ်မယ်”ဟု ခြိမ်းခြောက်၍ တောထဲသို့  ခေါ်ဆောင်သွားပြီး အလိုမတူဘဲ မိနစ်(၃၀)ခန့် သားမယား ပြုကျင့်ခဲ့ကြောင်း ပထမ သတင်းပေးချက်အရ သိရသည်။

      ယင်းသို့ သားမယား ပြုကျင့်ပြီးနောက် ကျေးရွာသို့ ပြန်လာခဲ့ပြီး နေအိမ်တွင်လည်း မိဘများ မရှိသဖြင့် ထပ်မံ၍ နှစ်ကြိမ်တိတိ သားမယား ပြုကျင့်ကာ မည်သူ့ကိုမျှ ပြန်မပြောရန်နှင့် ပြောလျှင် သတ်ပစ်မည်ဟု ထပ်မံ ခြိမ်းခြောက်သည့် အတွက် မပြောရဲဘဲ နေခဲ့ရာမှ သမီးဖြစ်သူ နေအိမ်သို့ ပြန်လာခဲ့သည်ကို အိမ်နီးချင်း ဖြစ်သူမှ ပြန်လည်ပြောခဲ့သဖြင့် သမီးဖြစ်သူအား ဘော်ဒါဆောင်မှ ပြန်လာရသည့် အကြောင်းရင်းအား မိခင်ဖြစ်သူမှ မေးမြန်းရာ အကြောင်းစုံအား ရှင်းပြခဲ့ကြောင်း မှုခင်းမှတ်တမ်းများ အရ သိရသည်။

      ယင်းသို့ အရွယ် မရောက်သေးသည့် သမီးဖြစ်သူအား သားမယားအဖြစ် ပြုကျင့်ခဲ့သည့် သမက်ဖြစ်သူအား အရေးယူပေးရန် တိုင်တန်းခဲ့သည့် အတွက် ကလေးမြို့နယ် မြောက်စည်း နယ်မြေရဲစခန်းမှ အမှုကြီး အမှတ်စဉ်  ၁/၂၀၁၅ (ပ) ၆၄/၂၀၁၅ ပြစ်မှု ပုဒ်မ-၃၇၆ အရ အမှုဖွင့် အရေးယူထားပြီး တရားခံ ဖမ်းဆီးရမိနိုင်ရေး အတွက် စုံစမ်းစစ်ဆေး ဆောင်ရွက်နေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ ထပ်မံသိရသည်။

The Messenger Media
http://messengernewsjournal.com
ကျောင်းသူ (၁) ဦး အဓမ္မပြုကျင့်ခံရ   ကျောင်းသူ (၁) ဦး အဓမ္မပြုကျင့်ခံရ Reviewed by THITHTOOLWIN on 17:40 Rating: 5
Powered by Blogger.