နှောင်ကြိုးမဲ့ သတင်းမီဒီယာကောင်စီတခု ဖွဲ့မည်ဆိုပါလျှင် သတင်းသမား အားလုံးပါဝင်သည့် ညီလာခံတခု ခေါ်ရန်လို


 ယခုအခါ မီဒီယာများ သတင်း ဆက်သွယ်ရေး လုပ်ငန်းအားလုံးသို့ စာနယ်ဇင်းကောင်စီ(ယာယီ)ရုံးမှ ကိုယ်စား လှယ်လောင်း ရွေးချယ်ရန် စာပို့ထားသည်ကို တွေ့ရှိရပါသည်။ သတင်းမီဒီယာ ကောင်စီ ရွေးချယ်တင်မြှောက် ရေးအတွက် ကိုယ်စားလှယ်လောင်း အဆိုပြုလွှာများလည်း ပေးပို့ပါသည်။

''သတင်းမီဒီယာကောင်စီဝင်လောင်း အဆိုပြုရန် ဖိတ်ခေါ်ခြင်း''ဟု ပါရှိပါသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အဖြစ်မှ ''သတင်းမီဒီယာကောင်စီ''အဖြစ် အများဆန္ဒဖြင့် ရွေးကောက် ပွဲကျင်းပပြီး အသစ်ပြင်ဆင်ဖွဲ့စည်းမည်ဟု ပါရှိပါသည်။
ယခင်ခေတ်ကတည်းက စာရေးဆရာသမဂ္ဂဆိုသည်ရှိခဲ့ပါသည်။ စာရေးဆရာသမဂ္ဂတွင် စာပေရေးရာများ ဆွေးနွေးကြသည်။ စာရေးဆရာတိုင်း စိတ်ဝင်စားကြသည်။ အားလုံးလိုလို ပါဝင်ခဲ့ကြသည်။ ပြင်ပပြည်သူများ လည်း စိတ်ဝင်စားခဲ့ကြသည်။ စာရေးဆရာသမဂ္ဂကပဲ ''နတ်သျှင်နောင်''လို ပြဇာတ်ကို တင်ဆက်သွားရာ အလွန်အောင်မြင်ခဲ့သည်။ နွေနှောင်းဝဿန်သီချင်းမှာလည်း ထိုပြဇာတ်နှင့်အတူ ပြည်သူတွေကြားမှာ ထင်ရှား အောင်မြင်ပြီး ယနေ့တိုင်စွဲလမ်းစရာကျန်ခဲ့ပါသည်။

ထိုစဉ်ကတော့ သမဂ္ဂဆိုတော့ ယခုသမဂ္ဂကို လက်ဝဲစာလုံးဆိုပြီး ဗိုလ်ချုပ်နေ၀င်း စစ်အစိုးရလက်ထက်က ပင်'ကောင်စီ'ဟု ပြောင်းခေါ်သည်။ သမဂ္ဂမှာတကယ်တော့ လက်ဝဲရယ်၊ လကျာ်ရယ်မဟုတ်၊ ပါဠိစကားလုံး၊ အိန္ဒိယဘာသာစကားဖြစ်သည်။ ယခုထိပင် ရန်ကုန်မြို့မှာ အရိယာဆမာ့ဂ်ျဟုရှိပါသည်။ အရိယာသမဂ္ဂ-ဟိန္ဒူ လူမျိုးတို့၏ အဖွဲ့အစည်းတခုဖြစ်သည်။ ဤသည်ကိုထားပါတော့ သမဂ္ဂပဲဖြစ်ဖြစ်၊ ကောင်စီပဲဖြစ်ဖြစ် အဖွဲ့ အစည်း၊ အသင်းအပင်း၊ အစုအဝေးကို ဆိုလိုပါသည်။
ယခုအခါ အစိုးရကဖွဲ့သော ''စာနယ်ဇင်းကောင်စီ(ယာယီ)''ဆိုသည်ကို စာပေသမားသတင်းနှင့် စာနယ်ဇင်း သမားများက စိတ်မ၀င်စားကြပါ။ အများနှင့်မသက်ဆိုင်သလို၊ စာပေသမား၊ သတင်းသမားများ၏ အခွင့်အရေး ကိုလည်း လုံးဝမကာကွယ်နိုင်ကြပါ။ ဒီကြားထဲ အစိုးရကပေးသော ငွေကျပ်သိန်း ၅၀၀ ကို လက်ခံယူသည့်အခါ အနှောင်အဖွဲ့ကင်းလွတ်သော အသင်းအဖွဲ့တခုမဟုတ်တော့သည်ကို အများပြည်သူက ပို၍ထင်ထင်ရှားရှား သိရှိသွားကြသည်။ ထို့ကြောင့် ထိုစာနယ်ဇင်းကောင်စီ(ယာယီ)သည် အလွန်ကျဉ်းမြောင်းသော အဖွဲ့အစည်း ဖြစ်သည်။
စာနယ်ဇင်းသမားများ၏အခွင့်အရေးအတွက် တိုက်ပွဲဝင်တောင်းဆိုခြင်းထက် အစိုးရအလိုကျလိုက် လျောလုပ်ဆောင်မည့်အသင်းအဖွဲ့တခုအဖြစ်သာ အများက လက်ခံထားလိုက်ကြတော့သည်။

တကယ်တော့ ဒီမိုကရေစီနိုင်ငံတခုဆိုပါလျှင် လွတ်လပ်သော အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ရှိရပါမည်။ တောင်သူ လယ်သမားသမဂ္ဂ သို့မဟုတ် အဖွဲ့အစည်း၊ အလုပ်သမားသမဂ္ဂ၊ ကျောင်းသားသမဂ္ဂစသည်တို့ကို ဖွဲ့စည်း၍ ၎င်းတို့၏လိုအပ်ချက်၊ နစ်နာချက်တို့ကို တောင်းဆိုပေးရပါမည်။ ပြဿနာတစုံတရာဖြစ်လျှင်လည်း တရား ဥပဒေနည်းလမ်းကျကျသာ ဖြေရှင်းပေးရပါမည်။ ယခုအခါ သတင်းသမားများကို ဖမ်းဆီးထောင်ချ နှိပ်ကွပ်မှု၊ အရေးအသားများကအစ အစိုးရမကြိုက်လျှင် နိုင်ငံတော် အကြည်ညိုပျက်စေမှုဟု စွပ်စွဲကာ မည်သည့်ဥပဒေ၏ ကာကွယ်မှုမရဘဲ နှိပ်ကွပ်ခံရပါတော့သည်။

ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးတင့်ဆွေက ''ပရက်စ်ကောင်စီဖွဲ့စည်းမှုကလည်း ဥပဒေမှာပါတဲ့ အတိုင်းပါပဲ''ပရက်စ် ကောင်စီကို ပြန်လည်ဖွဲ့စည်းဖို့အတွက် ရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းတယ်။ ကျွန်တော်တို့ ဆီကတော့ ဒုတိယညွှန်ကြားရေးမှူးချုပ်တဦးပါပါတယ်''ဟု ပြောကြားသည်ကို ၉-၉-၂၀၁၅ နေ့ထုတ် စံတော်ချိန် သတင်းစာမှာ ဖတ်လိုက်ရပါသည်။

သူဆိုလိုသည့်ပရက်စ်ကောင်စီကို ဥပဒေအတိုင်းဖွဲ့သည်ဆိုရာမှာ အစိုးရဥပဒေဟုဆိုလိုခြင်း ဖြစ်သည်။ ရွေး ချယ်ရေးအဖွဲ့ကို ဖွဲ့စည်းတယ်ဟုဆိုကတည်းက ထိုရွေးချယ်ရေးအဖွဲ့ကိုရော ဘယ်လိုဖွဲ့စည်းခဲ့ပါသလဲ။ စာနယ်ဇင်းဆရာအများက အသိအမှတ်ပြုရွေးချယ်သည့် ရွေးချယ်ရေးအဖွဲ့လောဆိုသည်မှာ မေးစရာဖြစ်လာပါ သည်။

ရွေးချယ်ရေးအဖွဲ့အနေနှင့် ဥပဒေမှာပါတဲ့အတိုင်း ကော်မရှင်နှင့် ညှိနှိုင်းပြန်ကြားရေးဌာနကို တင်ပြသည်။ ထိုအတိုင်း လုပ်ပေးလိုက်သည်။ ပြန်ကြားရေးအနေဖြင့် ၀င်ရောက်စွက်ဖက်ခြင်းမရှိပါဟုဆိုပါသည်။ အစိုးရ လက်အောက်ခံအဖွဲ့အစည်းဖြစ်၍ ပြန်ကြားရေးဌာနက ဘာမျှပြောစရာလိုသည်မှာ သဘာဝကျပါသည်။ သို့သော် အများကြိုက် အများလက်ခံမည့်စာနယ်ဇင်းအဖွဲ့တခုဖြစ်ဖို့ရာမှာ ရွေးချယ်ရေးအဖွဲ့ ဖွဲ့ခြင်းကိုက စာနယ်ဇင်းဆရာအများအပြားနှင့် တိုင်ပင်ညှိနှိုင်းရန် လိုအပ်ပါသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)၏ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး (ခေါ်) ဖိုးသောကြာ (ခေတ်+မိုး) ဆိုသည့် စာနယ်ဇင်းဆရာကြီးကလည်း ''၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာဥပဒေ ပေါ်ထွက်လာတာဖြစ်တဲ့အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေလိုပဲ သတင်းလွတ် လပ်ခွင့်ရှိတယ်။ ဒါလေးကိုတော့ သတိထားစေချင်တယ်''ဟု ဆိုပါသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုက ဘယ်လိုသဘောထားသလဲဆိုသည်ကို ဖိုးသောကြာ (ခေတ်+မိုး)ရှင်းရှင်းလင်းလင်း သဘောပေါက်ရန်လိုအပ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေလိုပဲ သတင်းလွတ် လပ်ခွင့်ရှိတယ်ဆိုသော ဆရာကြီးဖိုးသောကြာ (ခေတ်+မိုး)၏ မှတ်ချက်မှာ အငြင်းပွားဖွယ်ဖြစ်ပါသည်။

''သတင်းမီဒီယာကောင်စီရွေးချယ်တင်မြှောက်ရေးအဖွဲ့''ထံ ကိုယ်စားလှယ်လောင်းအတွက် အမည်စာရင်းတင် သွင်းကြရန် စာများကို ဂျာနယ်တိုက်နှင့် မီဒီယာသမားများထံ စာများပေးပို့ထားပါသည်။ အဆိုပြုလွှာပုံစံများကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ရုံးခန်းသို့ ပေးပို့ကြရန် ဖြစ်ပါသည်။

ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်နှင့် စည်းမျဉ်းစည်းကမ်းများကအစ သူတို့ဘာသာ ရေးဆွဲ သတ်မှတ်ပြီးသား ဖြစ်နေပါသည်။

အမှန်တကယ်သတင်းသမားများကို ဦးဆောင်နိုင်မည့် အကာအကွယ်ပေးမည့် သတင်းသမားများ၏ အားကိုးရာ နှောင်ကြိုးမဲ့အဖွဲ့အစည်းတခု ဖွဲ့စည်းမည်ဆိုပါလျှင် သတင်းသမားစာနယ်ဇင်းသမားများပါဝင်မည့် ညီလာခံ တရပ်ခေါ်ယူရန် လိုပါသည်။ ထိုညီလာခံကသာ လိုအပ်သော ရွေးချယ်မှု၊ စည်းမျဉ်းစည်းကမ်းရေးဆွဲမှု စသည် တို့ကို ပြုလုပ်ပါလျှင် တကယ်ဒီမိုကရေစီနည်းကျသော ရွေးချယ်မှုတခု ဖြစ်လာမည်။ နတ်လူသာဓုခေါ်မည့် စာနယ်ဇင်းကောင်စီ သို့မဟုတ် သတင်းမီဒီယာကောင်စီတခု ပေါ်ပေါက်လာမည်ဟု ထင်မြင်မိပါကြောင်း။

တင်တင်ဦး
https://www.facebook.com/NewsWatchJournal
နှောင်ကြိုးမဲ့ သတင်းမီဒီယာကောင်စီတခု ဖွဲ့မည်ဆိုပါလျှင် သတင်းသမား အားလုံးပါဝင်သည့် ညီလာခံတခု ခေါ်ရန်လို  နှောင်ကြိုးမဲ့ သတင်းမီဒီယာကောင်စီတခု ဖွဲ့မည်ဆိုပါလျှင် သတင်းသမား အားလုံးပါဝင်သည့် ညီလာခံတခု ခေါ်ရန်လို Reviewed by THITHTOOLWIN on 18:16 Rating: 5
Powered by Blogger.