အိမ်လုပ်နာရီကို ဗုံးဟုထင်မှတ်မှား၍ ဖမ်းဆီးခံရသည့် ၁၄ နှစ်အရွယ် မွတ်စလင်ကျောင်းသားလေး အာမက်မိုဟာမက်ကို အိုဘားမားနှင့် မာ့ခ်ဇူကာဘာ့ဂ်တို့ ချီကျုးစကားဆို


 အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အာဗင် (Irving) အရပ် မက်အာသာအထက်တန်းကျောင်းမှ အသက် ၁၄ နှစ်အရွယ် မွတ်စလင်ကျောင်းသားလေး အာမက်သည် ၎င်း၏အိမ်လုပ်နာရီကို ကျောင်းသို့ သယ်ဆောင်သွားရာ ကျောင်းမှတာဝန်ရှိသူများက ဖောက်ခွဲရေးပစ္စည်းဟု ထင်မှတ်မှား၍ ရဲတပ်ဖွဲ့သို့အကြောင်းကြားခဲ့ရာ အာမက်ကို ရဲက လက်ထိပ်ခတ် ဖမ်းဆီးခဲ့သည်။ ၎င်းဖမ်းဆီးမှုကို လူမှုကွန်ရက်ပေါ်တွင် အပြင်းအထန် ဝေဖန်ခဲ့ကြပြီး အမေရိကန်သမ္မတ အိုဘားမားက အာမက်ကို ချီးကျုးစကားဆို၍ အိမ်ဖြူတော်သို့ ဖိတ်ခေါ်ခဲ့သည်။


အာမက်သည် အင်ဂျင်နီယာဘာသာရပ်ဆရာမကို ပြသလိုသဖြင့် ကိုယ်တိုင်လုပ် နာရီကို ကျောင်းသို့ သယ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါဖြစ်ရပ်အတွက် လွန်စွာစိတ်မကောင်းဖြစ်မိကြောင်း အာမက်က သတင်းထောက်များကို ပြောသည်။
“ဆရာမရဲ့အသိအမှတ်ပြုမှုကို လိုချင်လို့ ဒီနာရီကို ကျွန်တော် လုပ်ခဲ့တာပါ။ နာရီကို ပြတဲ့အခါကျတော့ ဆရာမက သူ့ကိုခြိမ်းခြောက်တယ်လို့ ထင်သွားတယ်။ ဆရာမ အခုလို အထင်မှားတာကို သိပ်ဝမ်းနည်းတယ်”ဟု အာမက်က ပြောသည်။ ကျောင်းပြောင်းတော့မည်ဖြစ်ကြောင်းလည်း ဗုဒ္ဓဟူးနေ့ကပြုလုပ်သော သတင်းစာရှင်းပွဲတွင် အာမက်က ပြောကြားခဲ့သည်။


ဆူဒန်နိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူ အာမက်၏ဖခင်က သားဖြစ်သူ၏ အင်ဂျင်နီယာပါရမီပါပုံကို ချီးကျုးပြောဆိုခဲ့သည်။ “သူက အိမ်မှာ ပျက်နေတာမှန်သမျှ ဖုန်း ကွန်ပျုတာ အကုန်လိုက်ပြင်တာပဲ။ သိပ်တော်တဲ့ကလေးပါ။ သူ့အစွမ်းကို အများသိအောင် ထုတ်ဖော်ပြသချင်နေတာလေ”ဟု ၎င်းက ပြောသည်။

အာမက်ကို ဖမ်းဆီးခဲ့ခြင်းသည် ၎င်း၏မွတ်စလင်အမည်ကြောင့် မဟုတ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

“ကျွန်တော်တို့ရဲတပ်ဖွဲ့နဲ့ ဒီက မွတ်စလင် အသိုင်းအ၀ိုင်းနဲ့ အင်မတန်ကောင်းမွန်တဲ့ ဆက်ဆံမှုရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုဖြစ်ရပ်မျိုးက ကျွန်တော်တို့မှာ လုပ်ဆောင်စရာတွေ အများကြီးရှိသေးတယ်ဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်”ဟု အာဗင်စခန်းမှူး လယ်ရီဗွိုက်ဒ် က ပြောသည်။
အန္တရယ်မရှိသဖြင့် ပြန်လွှတ်မပေးမီ အာမက်ကို လက်ထိပ်ခတ်၍ လက်ဗွေရာယူခြင်း လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

“နာရီက မိုက်တယ် အာမက်ရေ၊ အိမ်ဖြုတော်ကို ယူလာမလား။ မင်းလိုပဲ တခြား ကလေးတွေကိုလည်း သိပ္ဗံပညာကို ချစ်မြတ်နိုးအောင် ငါတို့လုပ်သင့်တယ် ထင်တယ်။ အမေရိကန်နိုင်ငံကြီး အောင်မြင်နေတာ ဒါကြောင့်ပဲလေ”ဟု အိုဘားမားက ၎င်း၏တွစ်တာပေါ်တွင် ရေးသားခဲ့သည်။
အာမက်၏အိမ်လုပ်နာရီတွင် လျှပ်စစ်ပတ်လမ်းဘုတ်တခုပါ ဒစ်ဂျစ်တယ်နာရီဖြစ်သည်။

ဖေ့စ်ဘုတ်တည်ထောင်သူ မာ့လ်ဇူကာဘာ့ဂ်ကလည်း ၎င်း၏ဖေ့စ်ဘွခ်ပေါ်တွင်“ကိုယ်တိုင်လုပ်ထားတဲ့ နာရီကို ကျောင်းကို ယူသွားလို့ အဖမ်းခံရတဲ့ တက္ကဆက်က အသက် ၁၄ နှစ်အရွယ် ကျောင်းသားလေးအာမက်အကြောင်း ခင်းဗျာတို့ ကြားပြီးလောက်ပြီပေါ့။ ပစ္စည်းတခုကို တည်ဆောက်နိုင်တဲ့အရည်အချင်းရှိသူတဦးဟာ ချီးကျုးထောပနာပြုမှုနဲ့ ထိုက်တန်တာပါ။ အဖမ်းခံရဖို့ မဟုတ်ဘူး။ အနာဂတ်ဟာ အာမက်လိုလူတွေရဲ့ လက်ထဲမှာပါ။ အာမက်ရေ . . . မင်းသာ ဖေ့စ်ဘွခ်ကုမ္ဗဏီကို လာမယ်ဆိုရင် ငါမင်းနဲ့ တွေ့ချင်ပါတယ်။ ဆက်သာလုပ် ကောင်လေး”ဟု ရေးသားခဲ့သည်။

Ref ; BBC
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
အိမ်လုပ်နာရီကို ဗုံးဟုထင်မှတ်မှား၍ ဖမ်းဆီးခံရသည့် ၁၄ နှစ်အရွယ် မွတ်စလင်ကျောင်းသားလေး အာမက်မိုဟာမက်ကို အိုဘားမားနှင့် မာ့ခ်ဇူကာဘာ့ဂ်တို့ ချီကျုးစကားဆို  အိမ်လုပ်နာရီကို ဗုံးဟုထင်မှတ်မှား၍ ဖမ်းဆီးခံရသည့် ၁၄ နှစ်အရွယ် မွတ်စလင်ကျောင်းသားလေး အာမက်မိုဟာမက်ကို အိုဘားမားနှင့် မာ့ခ်ဇူကာဘာ့ဂ်တို့ ချီကျုးစကားဆို Reviewed by THITHTOOLWIN on 17:20 Rating: 5
Powered by Blogger.